AA မရှိသော ရခိုင်ပြည်နယ်၏ နေ့သစ်များ
ရောက်ခဲ့ဖူးသော အမြဲအမှတ်တရ ရှိနေခဲ့သည့် ဒေသတစ်ခုကို ပြန်လည်တာဝန် ထမ်းဆောင်ရန် အကြောင်းဖန်လာခဲ့ပါသည်။ ယခင်က ထိုဒေသသို့ သွားရောက်ရန် တာဝန်ပေးအပ်ခံခဲ့ရစဉ်က အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး “မိုခါ” မြန်မာနိုင်ငံသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည့်အတွက် အခြားဒေသများထက် ပိုမိုဆိုးဆိုးရွားရွားအထိနာခဲ့သည့် ရခိုင်ဒေသအား အမြန်ဆုံးပြန်လည်ထူထောင်နိုင်စေရန် ကူညီကယ်ဆယ်ရေး သွားရောက်ခဲ့သည့် အချိန်ဖြစ်ပါသည်။
လွန်ခဲ့သည့် ၇ လခန့်က သွားခဲ့ရသည့် အချိန်တွင် သဘာဝဘေးကြောင့် ပျက်စီးပြီးပြန်လည် တည်ဆောက်ပြီးစီးခဲ့သည့်မြို့နှင့် ယခုလူလုပ်ဘေးအန္တရာယ်ကြောင့် ပျက်စီးယိုယွင်းနေသည့် မြို့၏အခြေအနေကို နှိုင်းယှဉ်မြင်တွေ့ရသည်မှာ အလွန်ဝမ်းနည်းစရာကောင်းလှပါသည်။ ရခိုင်ဒေသအား လျင်မြန်စွာ ပြန်လည်ထူမတ်နိုင်စေရန် ဆောင်ရွက်နေသည့် အချိန်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှုမရှိဘဲ ယခုအခါ အဖျက်အမှောင့်လုပ်ရပ်များနှင့် ပျက်စီးစေရန် လုပ်ဆောင်ခဲ့သည့့်ULA/AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ကို ပိုမိုနာကြည်းနေမိတော့သည်။ ထိုစဉ်အခါက ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့သည့် အစိုးရအဖွဲ့ဝင်တစ်ဦးက...
“ပေါက်တောမှာ မိုခါမုန်တိုင်းတုန်းက ကျွန်တော်တို့ကိုယ်တိုင် အဲ့မြို့လေးမှာအခြေပြုနေထိုင်ပြီး ဆေးရုံနဲ့ကျောင်းတွေကို ဦးစားပေးပြင်ပေးခဲ့တယ်...ပြီးတော့ အများသုံး အဆောက်အအုံတွေနဲ့ လူနေအိမ်တွေအတွက် သွပ်၊ ဘိလပ်မြေ၊ အိမ်ရိုက်သံကအစ ခက်ခက်ခဲခဲ ရေယာဉ်တွေနဲ့ပို့ဆောင်ပြီး တည်ဆောက်ခဲ့ကြရတာ...အခုတော့ AA က ဆေးရုံတွေမှာ နေရာယူပြီး...တစ်မြို့လုံး မီးလိုက်ရှို့နေတော့..ပေါက်တောမြို့ ပြာဖြစ်သွားတာမြင်ပြီး..စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရတယ်... မုန်တိုင်းကြောင့် ပျက်စီးခဲ့ရတဲ့ အိမ်လေးတွေ ပြန်ဆောက်ပြီးတဲ့နေ့က... ပေါက်တောမြို့မှာရှိတဲ့ ရခိုင်မိသားစုလေးတွေရဲ့ မျက်နှာပေါ်က အပြုံးတွေ... ပြန်မြင်ယောင်တိုင်း ဝမ်းသာကြည်နူးခဲ့ရတယ်... အခုတော့ ပြာပုံထဲက သူတို့အိမ်လေးတွေကိုကြည့်ပြီး.. ရခိုင်ပြည်သူတွေ ဘယ်လောက်များ.. သောကပင်လယ်ဝေနေမလဲဆိုတာတွေးမိရင်း.. မျက်ရည်ကျမိတယ်ဗျာ” ဟု ပြောခဲ့သည့်
စကားများကို မြင်ယောင် ကြားယောင်နေမိပါသည်။ ယခုအခါ AA က ရခိုင်ပြည်နယ်အတွက်ဟု အကြောင်းပြကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသော မြို့ရွာများအား စနစ်တကျ ဖျက်ဆီးလျက်ရှိနေပါသည်။
အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာနိုင်ငံအား မုန်တိုင်းစတင် ဝင်ရောက်ချိန်မှ မုန်တိုင်း ထွက်ခွာသွားချိန်ထိ နာရီပေါင်း ၃၀ ဝန်းကျင်တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အား ကြီးမားစွာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားစေခဲ့ပါသည်။ ထို့နောက် အချိန်နှင့်တစ်ပြေးညီ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သဘာဝဘေးကြိုတင် ကာကွယ်ရေးနှင့် ပြင်ဆင်ရေး လုပ်ငန်းများအား ဆောင်ရွက်၍ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များအား ကာကွယ်စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
မုန်တိုင်းဖြတ်ကျော် တိုက်ခတ်ပြီးနောက် မေလ ၁၅ ရက်နေ့တွင် နိုင်ငံတော် ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသများသို့ရောက်ရှိပြီး နိုင်ငံသူ၊ နိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရှိမှုမရှိစေရေး ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသွားရန်၊ မူလအခြေအနေထက် ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ပေးသွားရန်နှင့် မြေပြင်အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းများအား လမ်းညွှန်မှာကြားမှုပြုခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ ဦးစီးသည့် အဖွဲ့ဖြင့် မုန်တိုင်းအလွန် ရှာဖွေကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အကောင်အထည်ဖော်နိုင်ရေး တာဝန်ပေး ဆောင်ရွက်စေခဲ့ပါသည်။
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော စားသောက်ကုန်များ၊ ဆေးဝါးများ၊ လူသုံးကုန်များ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားလိုင်း ပြင်ဆင်ရေးပစ္စည်းများနှင့် စက်သုံးဆီစသည့် ကူညီထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်စစ်ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ဌာနဆိုင်ရာအလိုက် ကျွမ်းကျင်ပညာရှင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်မှ ကြိုတင်စုဖွဲ့ထားသော ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ အင်ဂျင်နီယာတပ်ဖွဲ့များ၊ ဆေးကုသရေး အဖွဲ့များနှင့် ထောက်ပံ့ရေး အဖွဲ့များပါစေလွှတ်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။
သဘာဝဘေးဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်စေရန် ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦး၊ ဗိုလ်ချုပ် ၃ ဦး၊ ဗိုလ်မှူးချုပ် ၁၂ ဦးတို့ ပါဝင်သည့် တပ်မတော်အရာရှိကြီးများ အဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းခဲ့ပါသည်-
(က) ချင်းပြည်နယ်
၁။ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဟားခါးမြို့နယ်
၂။ ဗိုလ်မှူးချုပ်ခင်မောင်အေး မတူပီမြို့နယ်
၃။ ဗိုလ်မှူးချုပ်နေဝင်းအောင် ပလက်ဝမြို့နယ်
၄။ ဗိုလ်မှူးချုပ်ဝင်းကိုကို တီးတိန်မြို့နယ်
(ခ) ရခိုင်ပြည်နယ်
၁။ ဒုတိယဗိုလ်ချုပ်ကြီးလူအေး ကျောက်ဖြူမြို့နယ်
၂။ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဘူးသီးတောင်မြို့နယ်
၃။ ဗိုလ်ချုပ်သောင်းထိုက်ရွှေ မြောက်ဦးမြို့နယ်
၄။ ဗိုလ်ချုပ်စိုးနိုင်ဦး သံတွဲမြို့နယ်
၅။ ဗိုလ်ချုပ်အောင်မျိုးထွန်း ရသေ့တောင်မြို့နယ်
၆။ ဗိုလ်မှူးချုပ်အောင်ကျော်မိုး စစ်တွေမြို့နယ်
၇။ ဗိုလ်မှူးချုပ်အောင်သူဦး ကျောက်တော်မြို့နယ်
၈။ ဗိုလ်မှူးချုပ်ဆန်နီအုန်း ပေါက်တောမြို့နယ်
၉။ ဗိုလ်မှူးချုပ်ကျော်ကျော်ဦး မာန်အောင်မြို့နယ်
၁၀။ ဗိုလ်မှူးချုပ်ဇော်မင်းအေး ရမ်းဗြဲမြို့နယ်
၁၁။ ဗိုလ်မှူးချုပ်ဝင်းမောင် ပုဏ္ဏားကျွန်းမြို့နယ်
၁၂။ ဗိုလ်မှူးချုပ်ခင်ဇော် မင်းပြားမြို့နယ်
၁၃။ ဗိုလ်မှူးချုပ်ကျော်ကျော်စိုး မြေပုံမြို့နယ်
၁၄။ ဗိုလ်မှူးချုပ်တင်ဆွေ မောင်တောမြို့နယ်
၎င်းတပ်မတော်အရာရှိကြီးများအား သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် သတ်မှတ်ထားသောမြို့နယ်များသို့ အဆိုပါဒေသရှိ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာများနှင့် အနီးကပ် ကူညီပံ့ပိုးပေါင်းစပ် ညှိနှိုင်းပေးနိုင်ရေးအတွက် တာဝန်ခွဲဝေစေလွှတ်ပေးခဲ့ပြီး ဒုတိယဝန်ကြီးချုပ် တစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီး တစ်ဦးအား အနီးကပ် ကြီးကြပ်ကွပ်ကဲစေခဲ့ပါသည်။ ထို့ကြောင့်လည်း ကယ်ဆယ်ရေးပစ္စည်းများ ပြည်သူလူထုလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိခဲ့ပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များအား ထိထိရောက်ရောက် ကူညီနိုင်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အဓိကမှာကြားချက်မှာ “ဆေးရုံနှင့် စာသင်ကျောင်းများအား ဦးစားပေး ချက်ချင်းပြုပြင်ရန်” ဟု ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မပျက်စေရေးနှင့် လူနာများအပေါ် ကျန်းမာရေး စောင့်ရှောက်မှု မထိခိုက်စေရေး ချက်ချင်းပြင်ဆင်ဆောင်ရွက်ပေးရန် ဦးစားပေး လုပ်ဆောင်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်သွားပြီးချိန်တွင် မိဘများနှင့် ကျောင်းသားများသည် စာသင်ကျောင်းများ အချိန်မီ ပြန်လည်မဖွင့်လှစ်နိုင်မည်ကို အထူးစိုးရိမ်ခဲ့ကြပါသည်။ ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်များမှာ အလွန် များပြားပြီး ပျက်စီးမှုအရေအတွက်မှာ ရခိုင်ပြည်နယ်အတွင်း မူလတန်းကျောင်း အဆောက်အအုံ ၅၉၆ လုံး၊ အလယ်တန်းကျောင်း အဆောက်အအုံ ၆၄၇ လုံး၊ အထက်တန်းကျောင်း အဆောက်အအုံ၂၉၅ လုံး၊ အဆင့်မြင့်ပညာသင်ကျောင်း အဆောက်အအုံ ၉ လုံးတို့ဖြစ်ပါသည်။
ယခုလိုပျက်စီးသွားသော စာသင်ကျောင်းများသည် အနာဂတ်မျိုးဆက်သစ်များ ပညာသင်ယူရာနေရာများ ဖြစ်သောကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းဖွင့်ချိန်အမီ ပြီးစီးစေရန် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြပါသည်။
သို့သော်လည်း ယခုအချိန်တွင် ၎င်းစာသင်ကျောင်းများသည် ULA/AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၏ စခန်းချခြေကုပ်ယူရာ ခံစစ်စခန်းများအဖြစ် မြင်တွေ့ကြားသိနေရပါသည်။ ထိုစဉ်က စာသင်ကျောင်းများဖွင့်လှစ်နိုင်မှု ရာနှုန်းပြည့်ရှိခဲ့ပြီး ကျောင်းတက်ရောက်မှု ရာခိုင်နှုန်း ၉၉ ဒသမ ၁ ရာခိုင်နှုန်းအထိရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ယခုအချိန်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ၏ မိုက်မဲသည့်လုပ်ရပ်များကြောင့် ပညာလိုချင်သည့် ကျောင်းသား၊ ကျောင်းသူလေးများသည် ပညာသင်ကြားရမှုမရှိဘဲ စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိခဲ့ရပါသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံပေါင်း ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများအား ပြုပြင်ပြီးနောက် ဆေးရုံလုပ်ငန်းများ ပုံမှန်လည်ပတ်လျက် ရှိပြီး ခွဲစိတ်ကုသမှု လုပ်ငန်းများ၊ ပြင်ပလူနာ၊ အတွင်းလူနာများကို လက်ခံကုသပေးခြင်းများကိုလည်း ပုံမှန်အတိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ယခုအချိန်တွင် ULA/AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တို့၏ ဆေးဝါးများလုယက်မှု၊ ဆေးရုံများအား ခံစစ်စခန်းများ ပြုလုပ်လာမှုတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့် လူနာများ၏ ဘဝသည် ရင်လေးဖွယ်ရာ အခြေအနေဖြစ်ပါသည်။ ယခုကဲ့သို့အချိန်မှာပင် တပ်မတော်(ရေ)မှ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရောက်ရှိလာပြီး သံတွဲ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့များအထိ လာရောက်၍ ဆေးဝါးများ ကုသပေးခဲ့ကြောင်း သိရှိရပါသည်။ ယခင်က မြေပုံ၊ ပေါက်တောအထိ ကုသပေးနိုင်ခဲ့သော်လည်း ယခုအခါ ဗဗ အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် သွားရောက်ကုသပေးနိုင်ခြင်း မရှိခဲ့ကြောင်း ဝမ်းနည်းဖွယ် တွေ့ရှိခဲ့ရပါသည်။
မုန်တိုင်းတိုက်ခတ်ချိန်နှင့် မုန်တိုင်းတိုက်ခတ်ပြီးနောက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုမှာ ဆက်သွယ်ရေးပင်ဖြစ်ပါသည်။ ဆက်သွယ်ရေး ကောင်းမှသာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ ဆက်သွယ်ရေး မကောင်းပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား အချိန်မီ မလုပ်ဆောင်နိုင်သည့်အတွက် လူသေဆုံးမှုနှုန်းလည်း မြင့်တက်လာနိုင်ပါသည်။ စစ်တွေမြို့ပေါ်ရှိ မီတာ ၆၀ အမြင့်ရှိသော ရုပ်သံထပ်ဆင့်လွှင့်စက် တာဝါတိုင်ပြိုကျခဲ့ရပြီး ဆက်သွယ်မှုနှင့်ရုပ်မြင်သံကြားပါ ပြတ်တောက်ခဲ့ရပါသည်။ ထို့နောက် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေး အော်ပရေတာ ၄ ခု၏ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိသည့်အနက် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ ခု ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး စခန်း ၃၂၉ ခုနှင့်သာ ဆောင်ရွက်ပေးခဲ့နိုင်ပါသည်။ ယခုဆိုလျှင် မိုဘိုင်းစခန်းပေါင်း ၁၂၃၃ ခုအား ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
ရခိုင်ပြည်နယ်အတွင်း ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း ၁ လိုင်း၊ ၆၆ ကေဗွီ ပို့လွှတ်ရေးဓာတ်အားလိုင်း ၆ လိုင်း၊ တာဝါတိုင်နဲ့ ကွန်ကရစ်တိုင် စုစုပေါင်း၂၆၃၆ တိုင် ရှိပါသည်။ ၎င်းတို့ထဲကမှ တာဝါတိုင် ၅၂ တိုင်နှင့် ကွန်ကရစ်တိုင် ၄၂၈ တိုင်တို့သည် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ ရိုက်ခတ်မှုအောက် ဝပ်ဆင်းသွားခဲ့ရပါသည်။ သို့သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မြို့တွင်းလျှပ်စစ်မီး ဖြန့်ဖြူးရေးလိုင်းများ ပြန်လည်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုမှာ ဇွန်လ ၁၃ ရက်နေ့တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။