စွမ်းရည်မြင့်မားခေတ်စွမ်းအားအတွက် မွေးဖွားမြဲအစဉ် ကျင့်ဝတ်တီထွင်စွမ်းအားရှင်

 

စွမ်းရည်မြင့်မားခေတ်စွမ်းအားအတွက် မွေးဖွားမြဲအစဉ် ကျင့်ဝတ်တီထွင်စွမ်းအားရှင်

မရောက်တာကြာပြီဖြစ်တဲ့  ပြင်ဦးလွင်မြို့လေးကို စာရေးသူရောက်ရှိခဲ့ပါတယ်။ ဒီမြို့လေးကို ခြေချမိတယ်ဆိုရင်ပဲ ငယ်စဉ်တပ်မတော်သား ဘဝပုံရိပ်များဟာ  လက်ရှိပုံရိပ်များသဖွယ် စာရေးသူရဲ့ အတွေးအာရုံမှာ ထင်ဟပ်လို့လာပါတော့တယ်။

တသွင်သွင်စီးဆင်းနေတဲ့   ခေတ်ရေအလျဉ်မှာ   မြို့ပြပုံရိပ်များဟာလည်း အပြောင်းလဲကြီး   ပြောင်းလဲနေတာကိုလည်း  တွေ့မြင်လိုက်ရပါတယ်။  မြို့ပြပုံရိပ်တွေ မည်သို့ပြောင်းပြောင်း ချယ်ရီမြေရဲ့  အေးမြခြင်း အငွေ့အသက်တွေနဲ့ တပ်မတော်ခေါင်းဆောင်ငယ်တွေကို မွေးထုတ်ပေးနေတဲ့  သူ့ရဲ့သဘာဝ တရားကြီးကတော့ ထာဝရရှင်သန်နေဆဲပါပဲ။ စာရေးသူလည်း ပျံ့လွင့်နေတဲ့  အတွေးစများကိုဖြတ်ပြီး ကျင့်ဝတ်တီထွင်စွမ်းအားရှင်တို့  မွေးထုတ်ပေးရာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းတော်ကြီးထဲကို ခရီးဆက်ခဲ့ပါတော့တယ်။

တပ်မတော်နည်းပညာတက္ကသိုလ်ထဲကို  ရောက်တယ်ဆိုရင်ပဲ  စာရေးသူရဲ့ အတွေးဟာ  ယနေ့ကမ္ဘာ့နိုင်ငံများနဲ့ နိုင်ငံအသီးသီးရဲ့ တပ်မတော်များဆီကို စီးမျောသွားပါတော့တယ်။ ကမ္ဘာ့နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက် လာမှုများရဲ့ အဓိကမောင်းနှင်အားတစ်ခုဟာ    အင်ဂျင်နီယာများရဲ့ စွမ်းပကားများက သက်သေပါ။ ထို့အတူ နိုင်ငံတစ်နိုင်ငံရဲ့  အဓိကကာကွယ်ရေး အင်အားစုကြီးဟာ တပ်မတော်ပဲဖြစ်ပါတယ်။ Standard Army ဆိုတဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့   တပ်မတော်တစ်ရပ်အတွက် ကာကွယ်ရေးစွမ်းအား မြှင့်တင်ရေးမှာ အင်ဂျင်နီယာ များရဲ့ စွမ်းရည်ဟာ အရေးကြီးတာကို တွေ့မြင်ရပါတယ်။

ဒါ့ကြောင့်   ယနေ့ကမ္ဘာ့တပ်မတော်အသီးသီးဟာ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်များနဲ့   အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ အင်ဂျင်နီယာများရဲ့စွမ်းပကားကို စွမ်းအားမြှင့်အသုံးချရင်း ခေတ်မီတပ်မတော် တစ်ရပ်ကို အစဉ်တစိုက် ကြိုးပမ်းတည်ဆောက်နေကြတာကို အားလုံးတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ စာရေးသူတို့အမိနိုင်ငံတော်ရဲ့ တပ်မတော်အနေနဲ့လည်း Standard Army ဖြစ်ဖို့ ခေတ်အဆက်ဆက်မှ မျက်မှောက်ခေတ်ကာလတိုင်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိပါတယ်။ ဒီလိုကြိုးပမ်းရာမှာ အင်ဂျင်နီယာများရဲ့ စွမ်းအားကို  ရာနှုန်းပြည့်ရယူဆောင်ရွက်ရမှာပါပဲ။   နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု၊    စစ်ပွဲများအောင်မြင်မှု၊ နိုင်ငံတော်၏ကာကွယ်ရေးမောင်းနှင်အား ခိုင်မာအားကောင်းစေမှု များအတွက် အင်ဂျင်နီယာများရဲ့ စွမ်းအားမှာ များစွာအရေးပါလာပြီပဲဖြစ်ပါတယ်။ အတွေးစများ နှင့်အတူ စာရေးသူဟာ ကျောင်းတော်ကြီးရဲ့ နယ်မြေထဲမှာ လှည့်လည်လေ့လာနေမိပါတယ်။

တပ်မတော်နည်းပညာတက္ကသိုလ်ကြီးရဲ့ ရှေးသမိုင်းကို ပြန်ပြောင်းကြည့်ကြပါဦးစို့။  ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အဆင့်အတန်းမြင့်မားသည့် အင်ဂျင်နီယာဘွဲ့အပ်နှင်းရန်      ရည်ရွယ်ချက်ဖြင့် တပ်မတော်အင်ဂျင်နီယာတက္ကသိုလ် (Defence  Services  Institution of Technology)(DSIT) အဖြစ်နဲ့ စတင်တည်ထောင် ဖွင့်လှစ်ကာ လေ့ကျင့် မွေးထုတ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ တပ်မတော်နည်းပညာတက္ကသိုလ် (Defence Services Technological Academy) ( DSTA) အဖြစ်နဲ့  အမည်ပြောင်းလဲပြီး တပ်မတော်အင်ဂျင်နီယာအရာရှိများကို ယနေ့တိုင်ဆက်လက်လေ့ကျင့် မွေးထုတ် ပေးနေဆဲပဲ ဖြစ်ပါတယ်။

ကျောင်းတော်ကြီးရဲ့  ရည်ရွယ်ချက်ကတော့ နိုင်ငံတော်၏  အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို  ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက်  လိုအပ်သော  လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အင်ဂျင်နီယာဘွဲ့ရ အရာရှိကောင်းများမွေးထုတ်ပေးရန် ပဲဖြစ်ပါတယ်။  ရည်မှန်းချက်တာဝန်အနေနဲ့ကတော့ တပ်မတော်(ကြည်း၊ ရေ၊ လေ)  အတွက် လိုအပ်သော အရည်အချင်းနှင့် ပြည့်စုံသည့် အင်ဂျင်နီယာဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဘွဲ့ရအရာရှိများ မွေးထုတ်ပေးရမည် ဆိုတဲ့အချက်ဖြစ်ပါတယ်။ တာဝန်ဆိုတာ တပ်မတော်အနေနဲ့ နိုင်ငံတော်ကပေးအပ်ထားတဲ့ မဖြစ်မနေဆောင်ရွက်မှုပုံစံဖြစ်ပြီး ရည်ရွယ်ချက်ဆိုတာကတော့ နိုင်ငံတော်အတွက် တပ်မတော်က ရည်မှန်းထားတဲ့ ပန်းတိုင်တစ်ခုဆိုတာကို စာရေးသူအနေနဲ့ သိမြင်ခံစားနားလည်မိပါတယ်။

ကျောင်းတော်ကြီးရဲ့ ဆောင်ပုဒ်တစ်ခုဟာ အလွန်နက်နဲတာကိုလည်း တွေ့ရပြန်ပါတယ်။  ဒါကတော့ ကျင့်ဝတ်တီထွင် စွမ်းအားရှင်ဆိုတဲ့ ဆောင်ပုဒ်တစ်ခုပါပဲ။ ထိုအဓိပ္ပာယ်ကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ယှဉ်တွဲဖွင့်ဆိုထားမှုကတော့ ကျင့်ဝတ်(Honour)၊ တီထွင်(Creative)  နဲ့ စွမ်းအားရှင်( Capable )ဆိုပြီး လေ့လာမိပါတယ်။   ဆောင်ပုဒ်ရဲ့   အယူအဆ( Concept )ကတော့ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိရိုသေသည့် လူတော် လူကောင်းတွေ  မွေးဖွားလာခြင်းဆိုတဲ့အချက်ပါပဲ။ စာရေးသူတစ်ဦးတည်း အမြင်နဲ့သူတို့ရဲ့   ဆောင်ပုဒ်ကိုလေ့လာရာမှာ တပ်မတော်သားအင်ဂျင်နီယာစွမ်းအားရှင်များရဲ့ နည်းပညာများ တိုးတက်ရေးအတွက် နှလုံးရည်စွမ်းအားတွေ၊ လူသားဆန်ခြင်း၊ မြင့်မြတ်သော လူသားတစ်ဦးရဲ့ အသွင်အပြင်လက္ခဏာတွေ၊  တပ်မတော်ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ အရည်အချင်းများနှင့်  စစ်သားကောင်းစိတ်ဓာတ်တွေ ပါဝင်နေတာကို သိခွင့်ရခဲ့ပါတယ်။ အစဉ်အလာကောင်းများနဲ့မြင့်မြတ်သော  ဤကျောင်းတော်ကြီးမှ မွေးထုတ်ပေးခဲ့သည့် အင်ဂျင်နီယာအရာရှိများကို   လေးစားဂုဏ်ယူမိသလို ယနေ့လက်တွေ့ နယ်ပယ်ကို ခြေလှမ်းတော့မယ့် အရာရှိများနဲ့  နောင်မျိုးဆက်သစ်အရာရှိလောင်းများကိုလည်း ဂုဏ်ယူတတ်စေဖို့ တိုက်တွန်းချင်ပါတယ်။

ကျောင်းတော်ကြီးက ထုတ်ဝေထားတဲ့ (၂၅)နှစ်မြောက် ငွေရတုနှစ်ပတ်လည် မဂ္ဂဇင်းကို   ဖတ်ရှုလေ့လာရာမှာလည်း တပ်မတော်အင်ဂျင်နီယာအရာရှိများရဲ့ စိတ်ကူး၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များကို  မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြန်ပါတယ်။ နိုင်ငံတော်နဲ့  ပြည်သူလူထုအတွက် လိုအပ်ချက်အပေါ် အင်ဂျင်နီယာပညာရပ်များနဲ့ ဖြည့်ဆည်းလိုမှု၊ ကမ္ဘာ့နိုင်ငံများရဲ့ ဝေဟင်၊ ရေပြင်၊ မြေပြင်ပိုင်နက်များကို လေ့လာပြီး  ကိုယ့်အမိမြေရဲ့   ဝေဟင်၊ ရေပြင်၊ မြေပြင်ပိုင်နက်များအတွက် လိုအပ်သော ကာကွယ်ရေးစွမ်းအားများကိုသူတို့တတ်မြောက်ထားကြတဲ့   အင်ဂျင်နီယာစွမ်းအားများနှင့် ကာကွယ်ပေးချင်မှု၊ အမိနိုင်ငံတော်ရဲ့   အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်အတွက် အင်ဂျင်နီယာစွမ်းအားနှင့် ကာကွယ်လိုမှု၊  ငယ်စဉ်ကလေးဘ၀ စိတ်ကူးအိပ်မက်များ လက်တွေ့အကောင်အထည်ဖော်နိုင်မှုအတွက် ကျေနပ်ပီတိဖြစ်မှု စတဲ့မွန်မြတ်ခြင်းတွေကို ဖတ်ရှုခဲ့ရပါတယ်။

တိတိပပပြောရလျှင် မြေပြင်ဆီမှ အာကာသထိတိုင်   အိပ်မက်စွမ်းအားမြင့်မားနေကြဆဲသူများ ရှိနေကြတာကိုလည်း  မြင်တွေ့ခံစားမိပါတယ်။ ကျောင်းဆင်းစစ်ရေးပြကွင်းကြီးရဲ့ မဏ္ဍပ်ထဲမှာ စာရေးသူလိုပဲ အတွေးကိုယ်စီရှိနေကြမှာပါလို့ တွေးမိပါသေးတယ်။

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)   သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို   ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့   တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ခေတ်မီတပ်မတော် တည်ဆောက်ရေးတွင် အဓိကကျသည့်စစ်အသုံးအဆောင်ပစ္စည်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ကျွမ်းကျင်မှုစသည့်   ကဏ္ဍသုံးရပ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်သကဲ့သို့ တိုးတက် ပြောင်းလဲ နေသည့် စစ်ပွဲဆိုင်ရာအယူအဆများ၊ ပုံသဏ္ဌာန်များ၊ စစ်လက်နက်အသစ်အဆန်းများနှင့် စစ်ဘက်နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို မျက်ခြည်အပြတ်မခံဘဲ လေ့လာနေရန် လိုအပ်ကြောင်း၊   ကြည်း၊ ရေ၊ လေနှင့်လက်ရုံးဝန်ထမ်းတပ်ဖွဲ့များအားလုံးကို ခေတ်နှင့်လျော်ညီအောင် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်နိုင်ရန်အတွက် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များအနေနဲ့ ကာကွယ်ရေးဆိုင်ရာကဏ္ဍတွင် လိုအပ်သည့် အသစ်တီထွင်ထုတ်လုပ်မှုနှင့်   အဆင့်မြှင့်တင်မှုများကို အင်ဂျင်နီယာ စွမ်းပကား၊ တပ်မတော်အား ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းလုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

အဝေးမှလွင့်ပျံ့လာတဲ့  စစ်တီးဝိုင်း၏ တီးခတ်သံများက စာရေးသူ၏အတွေးစများကို  ရုတ်တရက်ပြယ်လွင့် သွားစေပါတယ်။ စစ်မာန်စစ်သွေးမြင့်မားသော   သူတို့ရဲ့ စစ်ရေးပြ လှုပ်ရှားမှုဟန်များနှင့် ညှင်းသွဲ့သွဲ့တိုက်ခတ်နေတဲ့  ဆောင်းလေပြည်ကြားမှာ  တလူလူ လွင့်ထူနေတဲ့ အလံတော်များ မြင်ကွင်းသည် စာရေးသူအပါအဝင်   တက်ရောက်လာကြသည့် ပရိသတ်အပေါင်းအတွက်  စိတ်ဓာတ်တက်ကြွဖွယ် ခံစားချက်များကို ပေးစွမ်းနိုင်ခဲ့ပါသည်။  တပ်မတော်  နည်းပညာတက္ကသိုလ်   ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတစ်ခုလုံးကို ကြည့်ရှုနေကြသူ အရာရှိကြီး၊ အရာရှိငယ်များပင် သူတို့၏ငယ်စဉ်ထိုကာလများကို အမှတ်ရ မြင်ယောင်မိကြဟန်တူပါသည်။

စာရေးသူအနေနဲ့လည်း နုပျိုငယ်ရွယ်ပြီး တက်ကြွသော  လူငယ်များ၏စွမ်းအားကို ပိုင်ဆိုင်ခွင့်ရသည့် အမိနိုင်ငံတော်အတွက် အတိုင်းမသိ  ဂုဏ်ယူဝမ်းမြောက်မိခဲ့ပါသေးတယ်။

လူငယ်တို့၏   သဘာဝသည်တက်ကြွသည်။ စွန့်စားလိုသည်။ ဤသို့သော စွန့်စားတက်ကြွလိုမှုများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်  များစွာလိုအပ်ပါတယ်။   

ဒီလိုသဘာဝအလျောက်   ဖြစ်ပေါ်လာတတ်တဲ့ လူ့သဘောသဘာဝအမြုတေများကို   နိုင်ငံတော်နှင့် တပ်မတော်အနေနဲ့ မိမိရရဆုပ်ကိုင်ပြီး    ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ခုဆီ  အချိန်ကိုက် နေရာကိုက် လျှောက်လှမ်းသွားသင့်ပါတယ်။ ပြည်ထောင်စုဖွား  မြန်မာတိုင်းရင်းသားလူငယ်များအနေနှင့်လည်း  မိမိတို့နှလုံးသားထဲမှ ဖြစ်တည်လာတဲ့ ခွန်အားအသွယ်သွယ်ကို    နိုင်ငံတော်နှင့်  တပ်မတော်အတွက်  မြှုပ်နှံနှင်းဆက်ပြီး  နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းစဉ်များမှာ ကြိုးပမ်းပါဝင်သွားကြပါ။    တပ်မတော် နည်းပညာ တက္ကသိုလ်ဆင်း  အရာရှိများ၊  ကျောင်းဆင်းအရာရှိများနှင့် ကျောင်းတော်ကြီးအတွင်းမှ   ပညာနို့ရည်သောက်စို့နေဆဲ ဗိုလ်လောင်းများအားလုံး မိမိကိုယ်ကိုဂုဏ်ယူတတ်ခြင်းမှသည် မိမိထမ်းဆောင်သော တာဝန်များအပေါ် ဂုဏ်ယူဝင့်ကြွားတတ်စေရန် စွမ်းရည်မြင့်မားခေတ်စွမ်းအားအတွက် မွေးဖွားမြဲအစဉ်ကျင့်ဝတ် တီထွင်စွမ်းအားရှင်ဆိုတဲ့ဆောင်းပါးလေးဖြင့် တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။          ။

ထာဝရငြိမ်းချမ်းကြပါစေ .....

ကျော်တေဇ(ဥက္ကာလာ)