တန်ဆောင်မုန်းလ စာအလင်္ကာများ

 

တန်ဆောင်မုန်းလ စာအလင်္ကာများ

 

    မြန်မာ့ဆယ့်နှစ်လရာသီများအနက် တန်ဆောင်မုန်းလ အကြောင်းအရာသည် အခြားလများထက် ပို၍များပါ၏။ ဘာသာရေးဆိုင်ရာ၊ ဆေးပညာဆိုင်ရာ၊ ဝေဒနက္ခတ်ဆိုင်ရာ၊ ရိုးရာဓလေ့ဆိုင်ရာ စသဖြင့်ကျယ်ပြန့်မှုရှိပါ၏။ ထို့ကြောင့်ပင် လောကနီတိကျမ်းပြုပညာရှင် စတုရင်္ဂဗလအမတ်ကြီးက “ဆယ့်နှစ်လရာသီများတွင် တန်ဆောင်မုန်းလသည် အမြတ်ဆုံး ဖြစ်သည်” ဟုရည်ညွှန်းထားလေသည်။

ထိုရည်ညွှန်းချက်သည် အကြောင်းမဲ့မဟုတ်ချေ။

စတုရင်္ဂဗလအမတ်ကြီးသည် ထိုကျမ်းကို ပြုစုသောအခါ သက္ကတ ပါဠိ ဘင်္ဂလီ စာဏကျနီတိ မဟာရဟနီတိ စသည့်ကျမ်းဂန်များမှ မှီငြမ်းကိုးကားပြီး ပြုစုခဲ့ကြောင်း စာပေသမိုင်းရှိခဲ့ပေသည်။ ယခုဆိုလျှင်နှစ်ပေါင်း ၆၅၀ ကျော် ၇၀၀ နီးပါးရှိလေပြီ။

စတုရင်္ဂဗလ စာပေပညာရှင်ကြီးနောက် မြန်မာစာပေပညာရှင်များသည် တန်ဆောင်မုန်းလနှင့် ဆက်စပ်လာပါက ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဝေဒနက္ခတ်ကျမ်းများကို တန်ဆောင်မုန်းလသည် အမြတ်ဆုံးဟူသောအဆိုကို ထောက်ခံဖွင့်ဆိုသကဲ့သို့ ရေးသားပြုစုခဲ့ကြသော စာပေအများပင် ရှိလေသည်။

မဟာမင်းလှ မင်းခေါင်ကျော် ဦးရွှန်း၏ ဥမ္မာဒန္တီပျို့ပိုဒ်ရေ ၆-၈-၁၄-၁၆-၃၄-၃၉ တွင် တန်ဆောင်မုန်းလပြည့်နေ့ ကြတ္တိကာ ကျီးတာရာ-ဖျောက်ဆိပ်ကြယ်၊ ရောဟဏီနက္ခတ် တို့ကို အကြောင်းပြု၍ ရေးဖွဲ့ထားလေသည်။

ထို့အတူ သျှင်အဂ္ဂသမာဓိ၏ သုဝဏ္ဏသျှံ သစ္စာခန်းပျို့ပိုဒ်ရေ ၁၄၊ မုံရွေး ဇေတဝန် ဆရာတော်၏ ကုသပျို့ပိုဒ်ရေ  ၃၀ တို့တွင်လည်း တန်ဆောင်မုန်းလ အာကာသ နေလနက္ခတ်တာရာများကို ဇာတ်လမ်းအကြောင်းအရာလိုက် ရေးဖွဲ့ထားသည်များကို တွေ့နိုင်လေသည်။

အထူးသဖြင့် တန်ဆောင်မုန်းလ ကြတ္တိကာနက္ခတ်မှ စတင်၍ ဖျောက်ဆိပ်ပေါ်၊ ဖျောက်ဆိပ်မွန်းတဲ့၊ ဖျောက်ဆိပ်မြေလူး စသည့် ဆယ့်နှစ်လရာသီ ခါမှီအကြောင်းအရာများကို မန်လည်ဆရာတော်၏ မဟာသုတကာရီ  မဃဒေဝလင်္ကာသစ် ပုတ္တောဝါဒခန်း (ပိုဒ်ရေ - ၂၈၀) တွင် ရေးဖွဲ့ထားရာ သဘာဝပတ်ဝန်းကျင် ပြက္ခဒိန်ကြီးကို တစ်ရွက်ချင်းတစ်ရွက်ချင်းလှန်ကြည့်နေရသကဲ့သို့ ရသခံစားရပါ၏။ ဤ၌ အကျယ်မဆိုသာ၍ မြန်မာစာ၊ မြန်မာမှု မြတ်နိုးသူတို့ အတွက် အညွှန်းမျှသာ လှစ်ပြနိုင်ပါသည်။

ဖော်ပြပါ ပျို့လင်္ကာအရှည်ကြီးများတွင် အခန်းကဏ္ဍအလိုက် တန်ဆောင်မုန်းနှင့် ဆက်စပ်၍ရှိသလို သီးခြားရေးဖွဲ့ကြသည်လည်း ရှိကြလေသည်။

တန်ဆောင်မုန်းလကို အကြောင်းပြု၍ သီးခြားရေးဖွဲ့ကြသော ရှေးစာဆိုများသည်  လွမ်းချင်း၊ လူးတား၊ သဖြန်၊ ခွန်းထောက်၊  ရတု စသဖြင့် စာအလင်္ကာပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ရေးဖွဲ့ခဲ့ကြသည့်အနက် အချို့သော စာဆိုတို့က ရာသီစက် နက္ခတ် စန်းယှဉ်ပုဏ္ဏမီ၊ ရာသီပန်း စသည့်အချက်အလက်များ ထည့်သွင်းစပ်ဆိုကြလေသည်။ အချို့သော စာဆိုတို့က ထိုလအကြောင်းအရာကို  သိသာရုံမျှသာ တို့ကာထိကာ ရေးဖွဲ့ကြသည်လည်းရှိပေသည်။

အောက်ပါ စာအလင်္ကာမှာ ဗြိစ္ဆာရာသီတန်ဆောင်မုန်းလဘွဲ့ကို ဖိုးသူတော်ဦးမင်းက ရေးဖွဲ့ထားသော “ခွန်းထောက်သဖြန်” ဖြစ်သည်။  သီချင်းကြီးအမျိုးအစားဝင် ပတ်ပျိုး ဘောလယ်ဆို၍ ပြီးဆုံးသောအခါမှ ဆက်၍ဆိုရသော   စာအမျိုးအစားဖြစ်သည်ဟု သိရသည်။ ဇာတ်စကားများတွင် စကားညှပ်၍ ဆိုရသဖြင့် “စကားခွန်းထောက်” ဟုလည်းကောင်း၊ တောခရီးလမ်းတွင် စခန်းသွား တစ်ထောက်နားရာတွင် ဖွဲ့ဆို၍ “ခွန်းထောက်” ဟုလည်း ခေါ်ကြလေသည်။ ရေးစပ်နည်းမှာ အပိုဒ်ကြီး လေးပိုဒ်အပြီး အဆုံးတွင် အက္ခရာလေးလုံး သို့မဟုတ် ငါးလုံးဖြင့် သံပြေချရလေသည်။

ဗြိစ္ဆာရာသီ တန်ဆောင်မုန်းလဖွဲ့ “သဖြန်”

၁။ လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းတဲ့ဆုပန်ရွယ်၊

သည်ချိန်ကို  ဝတ်မှုန်ကြဲပါလို့၊  ခဝဲရွှေညှာရင်းမှာကွယ်၊

သင်းရနံ့ကြွယ်၊ ကောင်းကင်လယ် ထက်ဝယ်ဘုံဦး၊

ငွေလစန္ဒာနှင့်  ကြတ္တိကာ  ကြယ်ပြောင်ရွှန်းတယ်၊

အိုကွယ်...ထွန်းထိန်လို့မြူး။ ။

၂။ ငွေစန်းရယ်တဲ့ပုဏ္ဏမီ။ ။ ရွှေကျီးငယ်တာရာနှင့်၊

ကြတ္တိကာယှဉ်ပြိုင် လျှမ်းတယ်ကွယ်...ချမ်း စ ရာသီ။

လှူကထိန်ခါတော်ပွဲငယ်နှင့်၊ ခဝဲပွင့်ဝါစီစီ၊ သာကြည်

လဲ့မြူရှင်း၊  တန်ဆောင်မုန်းမှာတော့  မြတ်ဘုန်းဝါ

ထိန်ထိန်နှင့်  သဒ္ဓါရှိန်လှူတော်ပွဲမှာလှ၊  ဘဂဝါ

တစ်ကြိမ် လ   အမြဲငယ်ကွယ်...သဲ့ခြိမ့်ခြိမ့်

လင်း။ ။

ဤသဖြန်တွင် တန်ဆောင်မုန်းလ ခါသမယကို သိသာရုံမျှ   တို့ကာထိကာ  ရေးဖွဲ့ထားသော စာအလင်္ကာဖြစ်ပါသည်။ နက်နဲသော ဝေါဟာရ ပေါရာဏများမပါပေ။

အောက်ပါ စာအလင်္ကာမှာ မဟာအတုလမင်းကြီး၏ ဗြိစ္ဆာရာသီ(တန်ဆောင်မုန်းလ) လွမ်းချင်းဘွဲ့ဖြစ်လေသည်။

လွမ်းချင်းစာအလင်္ကာမှာ တောတောင်ရေမြေ အာကာသတစ်ခွင် ပတ်ဝန်းကျင်ကို အလွမ်းဓာတ်ခံဖြင့် ရှုမြင်သုံးသပ်သော အရေးအဖွဲ့ဖြစ်သည်။ နှစ်ပိုဒ်ဖွဲ့ရိုးရှိသည်။ အချနှစ်ပိုဒ်လုံးတွင် “လေး” ဟုဆုံးရလေသည်။

ဗြိစ္ဆာရာသီဘွဲ့  “လွမ်းချင်း”

    မြောက်လေငယ် သွင်းပါလို့၊  မြူနှင်းငယ်စိုစို၊ မြင်တိုင်းငယ်ပြိုသည်၊   ရွှေကျီးညိုတာရာနှင့် ကြတ္တိကာထွန်းတဲ့လ   ကိုလေး။ ။

တန်ဆောင်ငယ်မာသ ဆယ့်နှစ်လတွင်၊ ချမ်းမြအေးယင် ဗြိစ္ဆာခွင်သို့ ရက်ငင်ပြောင်းခွာ၊ ခဝဲညှာလည်း ခိုင်လွှာဝတ်မှုန် ရနံ့သာထုံတော့တယ်၊ ဘုန်းဂုဏ်ကြော့သမ္ဘိန်မှာ လှူကထိန်သဘင်ခင်းပါလို့...

ကျင်းကြတယ်လေး။ ။

အောက်ပါစာအလင်္ကာမှာ ညောင်ရမ်းခေတ် ထင်ရှားခဲ့သော စာဆိုတော်ဆီသည်ရွာစား ဦးအောင်ကြီး ၏ ဆယ့်နှစ်လရာသီဘွဲ့ လူးတားများမှ တန်ဆောင်မုန်းလဘွဲ့ဖြစ်သည်။ လူးတားရေးစပ်နည်းမှာ အစပထမသုံးလုံးချီ၍ အကြောင်းအရာများရေးပြီးလျှင်အဆုံး၌ ခုနစ်လုံးတစ်လှည့်၊ ဆယ့်တစ်လုံးတစ်လှည့် ရေးပြီးချလေ့ရှိသည်။ ကဗျာသာရတ္ထ သင်္ဂြိုဟ်ကျမ်း၊ ကဗျာ့စွယ်စုံကျမ်းတို့က “ပလုတ” ပါဠိဘာသာမှ လူးတားအဖြစ် ရွေ့လျားဖြစ်ပေါ်လာသည်ဟု ဆိုပေသည်။

“ပလုတ”ဆိုသည်မှာ အသံရှည်စွဲခြင်းကို ဆိုလိုပေသည်။ အချို့ပညာရှင်များကလည်း ချောင်း၊ မြောင်း၊ ရေကြောင်းသွားလာသောအခါ ရေစီးသန်ဒေသများ၌ လှေကြိုးကို တစ်ဖက်ကမ်းတွင်ချည်ပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း ဆွဲယူသည်ကို လူးတားပေါက်သည်ဟု ခေါ်သည်။ ဤတွင်လည်း အပိုဒ်တစ်ပိုဒ်၏ အဆုံးနှင့် အပိုဒ်တစ်ပိုဒ်၏ အစကို  ကာရန်တူ  အက္ခရာတူ ရှေ့နောက်ပြောင်းပြန်    လူးတားပေါက်သကဲ့သို့ ရေးဖွဲ့၍ လူးတားဝေါဟာရဖြစ်သည်ဟု ဆိုလိုပေသည်။ (လင်းယုန်သစ်လွင် မြန်မာ့လှေ  ရှု)

ပြင်စည်မင်းသားကြီး ရေးစပ်သည်ဟုဆိုသော လှေတော်ဖွဲ့ လူးတားတွင်မူ-အဆုံးချကို နောက်တစ်ပိုဒ်တွင် အစချီကာ အပိုဒ်လိုက်ရေးဖွဲ့ထားသည်ကို တွေ့ရပေသည်။ “ကျက်သရေ ဖြန့်မိုး ကောင်းကြီးနိုး၊ ဖြန့်မိုးကျက်သရေ...ဘုန်းနေကွန့်ဖြိုး အောင်ပွဲစိုး...ကွန့်ဖြိုးတက်နေ” ဟု ရေးသားထားရာ ဒုတိယအဆို ချောင်း၊ မြောင်းသွားလာ လှေဝေါဟာရ လူးတားပေါက် အဆိုက ပို၍ယုတ္တိရှိသည်ဟုဆိုရာ၏။ ဤအဆိုနှစ်မျိုးကို မစောကြောလိုပေ။ ဗဟုသုတ အဖြစ်သာဖော်ပြခြင်းဖြစ်ပါ၏။

 တန်ဆောင်မုန်းလဘွဲ့ “လူးတား”

    သာစွလေ...၊ ရစ်ခွေပတ်လှည့်၊ မိုးလပြည့်နှင့်၊ တူယှဉ်ပြိုင်ကာ၊ ကြတ္တိကာတည့်၊ ဗြိစ္ဆာရာသီ၊ နာရီညဉ့်တိုး၊ နတ်လည်းနိုး၍၊ သန်မိုးကုန်စဲ၊ နှင်းသေးဖွဲ့သည်၊ ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်းကား၊ မချုန်းမိုးသား၊ တိုင်ထွတ်ဖျားတွင်၊ ငါးပါးကျိုးရှိ၊ မီးပွင့်ညှိ၍၊ ပြည်ကြီးဖွယ်ရာ၊  သဒ္ဓါအားကြိုး၊ မသိုးသင်္ကန်း၊ လှူရွှင်လန်းသည်၊ ရဟန်းသံဃာ၊ အရိယာတို့၊ သစ္စာလေးစုံ၊ ရွှေစည်းခုံဝယ်၊ ကြည်ယုံလှကျင်၊ ပွဲပုံယင်လျက်၊ အောက်ထက်ကျော်ရှိန်၊ ပြည့်ဆုချိန်သည်၊ ကထိန်လှူသင်္ကန်းတည့်လေး။ ။ ပွင့်လင်းစည်သည်၊

ရွှေပြည်ရွှေ၀ နန်းတည့်လေး။ ။

ဤလူးတားစာကဗျာ၌  “ဗြိစ္ဆာရာသီ၊ နာရီညည့်တိုး၊  နတ်လည်းနိုး၍” အစရှိသည်များ ဆိုရာ၌ ရှေးက နေ့နာရီ ၃၀၊ ညနာရီ ၃၀၊ တစ်နေ့တာ နာရီ ၆၀ ကို တွက်ရသော ]]ပတ် သာ တန် ရှည် တီး သံ မြည် လက် ဆီ ကန် စာ ရေး၊ တစ်ဆယ်တိုးမည် ထမ်းပိုးရည်၊ ယင်းသည် အကြွင်းဆေး”  ဆိုသော ရှေးမြန်မာနာရီတွက်ရိုး။ နတ်အိပ် နတ်နိုး ဗိဿနိုး  ဆိုသော ဟိန္ဒူ အယူဝါဒ စသဖြင့် ကျယ်ပြန့်လာပါတော့သည်။

ဆောင်းပါးအစတွင် ဖော်ပြထားသကဲ့သို့ လတကာတွင် တန်ဆောင်မုန်းလသည် အမြတ်ဆုံးလဖြစ်သည်ဟု လောကနီတိဆရာဆိုသည်ကို ညွှန်ခဲ့ပါ၏။ မြတ်သည်ဟု ဆိုဆို၊ လေးနက်သည်ဟု ပြောပြောစာဆိုမယ်ခွေ၏ တန်ဆောင်မုန်းလ   အဲချင်းကမူ ထိုဂုဏ်ရည်ကို ထူးခြားစွာဖော်ဆောင်နေပေသည်။ စာဆိုရှင်မယ်ခွေ၏ ဆယ့်နှစ်လရာသီဘွဲ့ အဲချင်းထဲမှ တန်ဆောင်မုန်းလဖွဲ့ကို ဖော်ပြပါမည်။

အဲချင်းဆိုသည်မှာ “အယျေ=အရှင်” ဆိုသော ပါဠိဘာသာမှ ရွေ့လျားလာကာ အဲချင်း ဖြစ်လာပေသည်။ ထို့ကြောင့် “နေနတ်ကယ်မှရာဇာလေ...၊ ခမောက်ကယ်မှ   စိန်တောင်လေ၊ မင်္ဂလာရယ်မှ မဏ္ဍိုင်ငယ်လေ...” စသဖြင့် ခုနစ်လုံးဖြစ်စေ ခြောက်လုံးဖြစ်စေ စ၍ လေးချိုးများကဲ့သို့ စပ်ဆိုရေးသားရသော  စာအလင်္ကာ အမျိုးအစားဖြစ်ပေသည်။

ဤအဲချင်းကိုရေးဖွဲ့ခဲ့သော စာဆိုရှင် မယ်ခွေမှာ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်မှသည် ကုန်းဘောင်မင်းလက်ထက်အထိ နန်းတွင်း၌ ခစားရသော အမျိုးသမီးစာဆိုဖြစ်သည်။ မြန်မာ-အင်္ဂလိပ် အဘိဓာန်ကျမ်းပြု ဆရာယုဒသန်နှင့် တစ်ခုနှစ်တည်းမွေး၍ ကွယ်လွန်သောအခါလည်း နှစ်ပိုင်းများသာကွာလေသည်။ (၁၁၅၀-၁၂၁၀ ခန့်)။

စာဆိုမယ်ခွေ၏ တန်ဆောင်မုန်းလ  အဲချင်းကို နားလည်ဖို့ရာ ရာသီစက်၊ ဝေဒနက္ခတ် တာရာဆိုင်ရာများ၊ နာရီခြောက်ဆယ်နည်းနာများ၊ ဥတုဘောဇနကျမ်း၊  တိတ်စွဲတိုင်းဒေသ စသည်များကို ပြိုးပြွမ်းသိပါမှ     ရသခံစားနိုင်ပါလိမ့်မည်ဖြစ်ပါသည်။  ရှေးအခါက   ထိုစာပေမျိုးကို ရှေးမြန်မာများသည် ယေဘုယျအားဖြင့် သိရှိနားလည် အကျွမ်းတဝင် ရှိကြကြောင်း သိရာ၏။

စာဆိုမယ်ခွေ၏ လတန်ဆောင်အလှ သဘာဝပြက္ခဒိန်ကို ဖတ်ရှုခံစား ကြံဆနိုင်ပါစေဟု ဆန္ဒပြုဖော်ပြအပ်ပါသည်။

တန်ဆောင်မုန်းလဖွဲ့ “အဲချင်း”

တိမ်ခိုးမှဖျော်ဖျော်လေ။ ။ ဖလ်နန်းစကြာ၊ ဝိသာခါနှင့်၊ ယှဉ်လာပြိုင်ထွန်း၊ လပြည့်ဝန်းလည်း၊ လေးကျွန်းလည်လှည့်၊ ရွှေဘုန်းတော်ပြည့်လှသည်၊ ကြည့်တိုင်းတော်ပါလို့လေ။ ။

စက်ဖော်ငယ်မှာကွာဝေး၊ အခေါက်တစ်ရာ၊ ကတ္တီပါနှင့်၊ ရတနာကျောက်စီ၊ မည်သရီကို၊ လီလီထပ်ပုံ၊ တစ်ပိုင်းငယ်ခြုံ၊ မလုံသေးလို့၊ အေးလှသနော်၊ လမြတ်ကယ်ဗြိစ္ဆာ။   ဤအခါကို တံငါငါးမင်၊ ပိုက်ကြီးရှင်တို့၊ ဒေါင်ဒင်သံညောင်း၊ လှေငယ်လောင်းနှင့်၊ မြစ်ကြောင်းမှာ ဆော်သည်၊ နတ်ကျော်အောင်စည်တီးလို့၊ မကြီးငယ်ညှိုး။ ။

ကြောက်စိုးမှလန့်ဖွယ်၊ ခဝဲရစ်ခွေ၊ ပြည်ပန်းရွှေနှင့်၊ တောင်ခြေတောင်ယံ၊ ပင်နန်းပျံမှာ၊ လူဟန်နွဲ့ညိတ်၊ ကရဝိက်လည်း၊ ချစ်ရိပ်သွယ်လို့၊ ငယ်သံတွတ်တီး၊ ဆီမီးကထိန်၊ မြောက်လေက ကြိမ်သနှင့်၊ တိမ်အဆာကျယ်၊ နှာမောင်းသွယ်လို့၊ ရွှေနှယ်လိုချီသည်၊ ကျီးအာနီမျက်နှာလှလို့၊ ဓညပြည်အေး။ ။

နာရီအန္တ၊   ဂဏန်းဆနှင့်၊   ချမ်းစပြုတုန်း၊ တန်ဆောင်မုန်းကို၊ ပတ်ကုံးဝန်းကျင်၊ ဇမ္ဗူပြင်မှာ၊ ကြင်သူမရှိ၊ အသာမိတို့၊ကယိကနွမ်း၊ မယ့်နှင့်လွမ်းလို့၊ စက်ခန်းဘုံခွင်၊ ငိုလျက်သာဝင်လိမ့်မယ်၊ နှင်းရွှင်ရွှင် ဟေမန်မိုးက၊ ဆော်နှိုးကြွေး။ ။

မောင်လူမွှေး(မြန်မာမှု)