ပြည်တွင်းစက်သုံးဆီ ဖူလုံမှုအခြေအနေအရ စက်သုံးဆီ ပြတ်လပ်နိုင်ခြင်း မရှိကြောင်းနှင့်တရားမဝင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချမှုများအား သတင်းပို့တိုင်ကြားနိုင်
နေပြည်တော် ဒီဇင်ဘာ ၁၂
အများပြည်သူအနေဖြင့် မကြာမီ စက်သုံးဆီပြတ်လပ်မည် ဆိုသည့် လူမှုကွန်ရက်များတွင် လတ်တလော ဖြစ်ပေါ်နေသည့် ကောလာဟလ သတင်းများကြောင့် စိုးရိမ်ပူပန်မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော်လောဘဖြင့် စက်သုံးဆီ အရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါ တန်းစီ၍ထုတ်ယူပြီး တစ်ဆင့်ပြန်လည် ရောင်းချခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် အချို့တွင် ဖြည့်တင်းပေးနိုင်မှု
စွမ်းအားကျော်လွန်သည်အထိ စက်သုံးဆီများကို ဝယ်ယူလျက်ရှိရာ စက်သုံးဆီဖြည့်တင်းသည့် ဆီတင်ယာဉ်(Bowser)များ မရောက်ရှိမီ ခေတ္တအချိန်ပိုင်း အရောင်းရပ်ဆိုင်းရသည့် အခြေအနေအချို့ ဖြစ်ပေါ်ခဲ့ပါသည်။
အများပြည်သူခရီးသွားလာမှုနှင့် အထွေထွေလုပ်ငန်း ကိစ္စရပ်များ လုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ ယခုဒီဇင်ဘာလအတွင်း ၁၁-၁၂-၂၀၂၃ ရက်နေ့တွင် 92 Ron ဂါလန်(၆ သိန်းကျော်)၊ 95 Ron ဂါလန်(၄ သိန်းခန့်)၊ ဒီဇယ်ဆီဂါလန် (၂ သန်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီဂါလန်(၅ သိန်းကျော်)၊ စုစုပေါင်း စက်သုံးဆီဂါလန် (၂ သန်းခန့်) ဖြန့်ဖြူးခဲ့သဖြင့် ယခင်ထက် (၃)ဆခန့် ပိုမိုဖြန့်ဖြူးပေးခဲ့သော်လည်း အမှန်တကယ် ပုံမှန်အသုံးပြုရန် လိုအပ်သည့် ပြည်သူများ အနေဖြင့် လူမှုရေး၊ ကျန်းမာရေးကိစ္စများ အပါအဝင် လုပ်ငန်းဆောင်တာ အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် လိုအပ်သည့်စက်သုံးဆီများအား ယနေ့အထိ စက်သုံးဆီအရောင်းဆိုင် အချို့တွင် တန်းစီဝယ်ယူနေရကြောင်း တွေ့ရှိရပါသည်။
လက်ရှိပြည်တွင်းစက်သုံးဆီ လက်ကျန် အခြေအနေနှင့်ပြည်ပမှ မှာယူထားသည့် စက်သုံးဆိများ စဉ်ဆက်မပြတ် ဆက်လက် ဝင်ရောက်နေမှုကြောင့် နိုင်ငံတော်အတွင်းစက်သုံးဆီပြတ်လပ်နိုင်သည့် အခြေအနေမရှိသဖြင့် အများပြည်သူအနေဖြင့် စိုးရိမ်စရာမလိုဘဲ စက်သုံးဆီများကို မိမိတို့လိုအပ်သလောက် စိတ်အေးချမ်းစွာ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။
စက်သုံးဆီအမှန်တကယ် လိုအပ်သည့် အများပြည်သူများ လွယ်ကူလျင်မြန် အချိန်ကုန်သက်သာစွာဖြင့် လိုအပ်သည့် မည့်သည့်စက်သုံးဆီ အမျိုးအစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ်သည့် ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရန် အတွက် စီမံဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီ အရောင်းဆိုင်များတွင် အကြိမ်ကြိမ် တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်လည် ရောင်းချမှုများနှင့် တရားမဝင် သိုလှောင် ရောင်းချခြင်းများကိုလည်း စစ်ဆေးဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက် စွာအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း နှင့် ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ ဆောင်ရွက်မှုများကို တွေ့ရှိပါက ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများသို့ သတင်းပို့တိုင်ကြားခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ မေတ္တာရပ်ခံနှိုးဆော်တိုက်တွန်းထားကြောင်း သတင်းရရှိပါသည်။