ကျန်းမာကြံ့ခိုင်စေဖို့ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ကြပါစို့
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး သည် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှုတွင် အဓိကကျသော အခြေခံအကြောင်းရင်းပင်ဖြစ်သည်။ မိမိတို့ကိုယ်တိုင် တစ်ဦးချင်းမှစ၍ တစ်မျိုး သားလုံး ကျန်းမာရေးအတွက် အလေးထားဂရုပြုကြရမည်ဖြစ်သောကြောင့် အသက်အရွယ်မရွေး ကျန်းမာရေး အသိပညာ ဗဟုသုတကြွယ်ဝနေရန် လိုအပ်သည်။ သို့မှသာ ကျန်းမာရေးသုခကို ခံစားနိုင်ကြမည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ချမှတ်ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးခြင်း၊ ကူးစက်မြန်ရောဂါနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ ကုသရေးလုပ်ငန်းများကိုပါ ထိရောက်စွာ ဆောင်ရွက်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။
မိသားစုတိုင်းတွင် ကျန်းမာရေးအသိ ရှိရန်လိုအပ်သည်။ နေ့တစ်နေ့အစ နံနက်မှ ညအိပ်ရာဝင်ချိန်အထိ ကျန်းမာရေးသတိရှိကြသူများအဖို့ အနေအထိုင်၊ အစားအသောက်အတွက် မိမိတို့ခန္ဓာနှင့် မျှတစွာ နေထိုင်စားသောက်မှုနှင့်အတူ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ကြရန် လိုအပ်သည်။
လူသားတိုင်းပိုင်ဆိုင်သော ၂၄ နာရီထဲ မှ မိနစ် ၃၀ ကို ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရန်ဟု သတ်မှတ်ထားပြီး လွယ်ကူသောနည်းဖြစ်သည့် လမ်းလျှောက်ခြင်းကို ပြုလုပ်ကြမည်ဆိုလျှင် ကျန်းမာခြင်းအတွက် အထောက်အကူပြုစေမည်ဖြစ်သည်။ လမ်းလျှောက်ခြင်းသည် လွယ်ကူသော ကိုယ်လက်လှုပ်ရှား အားကစားနည်းဖြစ်သည်။
လမ်းမှန်မှန် လျှောက်ကြသူများအနေ ဖြင့် နှလုံးရောဂါဖြစ်ခြင်းမှ ကင်းဝေးနိုင်ပြီး ဆီးချိုရောဂါ၊ ရင်ကျပ်ပန်းနာရောဂါ ဖြစ်ပွားခြင်းမှလည်း ကင်းဝေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ကျန်းမာရေးလိုက်စားလိုသူ တစ်ဦး၏ခရီးအစသည် လမ်းလျှောက်ခြင်း ဖြစ်ပြီး ထိုမှတစ်ဆင့် ခပ်သွက်သွက်လမ်း လျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်သည်။
လမ်းလျှောက်ခြင်းကို နည်းစနစ်ကျစွာ လျှောက်ကြမည်ဆိုလျှင် ကိုယ်လက်လှုပ်ရှားမှုကြောင့် အညောင်းပြေပြီး အကြောပြေလျော့ကာ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးနိုင်မည်ဖြစ်သည်။ နေ့စဉ် ပုံမှန်လှုပ်ရှားနေမှုကြောင့် ခန္ဓာကိုယ်အလေးချိန်လည်း လျော့ကျလာမည်ဖြစ်ပြီး ကယ်လိုရီများလောင်ကျွမ်းနိုင်မည်ဖြစ်သည်။ နေ့စဉ် ခပ်မြန်မြန်လျှောက်နေသော ခြေလှမ်းတိုင်းတွင် ကြွက်သားများ သန်မာလာပြီး အစာချေဖျက်မှု၊ စွန့်ထုတ်မှုဟူသော ဇီဝဖြစ်စဉ်များ ပိုမိုလျင်မြန်လာစေသဖြင့် ခန္ဓာကိုယ်၏အလေးချိန်လည်း ထိန်းညှိပေးသကဲ့သို့ ဖြစ်လာနိုင်သည်။
ကိုယ်လက်လှုပ်ရှားအားကစားနည်းများတွင် လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရေး ကို အထောက်အကူပြု နိုင်သည်ဟု သိရှိလာကြပြီဖြစ်သောကြောင့် ၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ အားကစားနှင့်ကာယ ပညာကော်မတီမှ ပြည်သူလူထု၏ကျန်းမာ ရေးကို အကြောင်းပြုကာ ကိုယ်လက်လှုပ်ရှားအားကစားပွဲများကို ကျင်းပပေးခဲ့သည်။
ထို့ပြင် ဓာတုဆေးဝါးများ လွန်ကဲစွာပါရှိနေသော အစားအစာများစားသုံးခြင်း ကိုလည်း သတိပြုဆင်ခြင်ရမည်ဖြစ်သည်။
ယခုအခါ အမျိုးသားကျန်းမာရေးစီမံ ကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် နေပြီဖြစ်သည့်အတွက် လူသားတိုင်း အလိုရှိသော ကျန်းမာရေးရည်မှန်းချက်ပြည့်ဝရန် ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထား ဂရုပြုသင့်သည်။ လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုလက်လှမ်းမီရရှိစေရေး (Universal Health Coverage) ကို အရောက်သွားနိုင်ရန်ဖြစ်သည်။
ထိုရည်မှန်းချက် အောင်မြင်စေရန် ကျန်းမာရေး ဝန်ထမ်းများသာမက ပြည်သူလူထုတစ်ရပ်လုံးကလည်း မိမိတို့ ရရှိခံစားရမည့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများအတွက် ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်သည်။ မိမိတို့တစ်ဦးချင်း ကိုယ်တိုင်ကလည်း ကျန်းမာရေးအသိ အစဉ်သတိရှိရန် လိုအပ်သည်။ ထို့ပြင် မိမိ၏မိသားစု၊ မိမိပတ်ဝန်းကျင်ကိုလည်း ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝသို့ရောက်ရှိစေရန် အားဖြည့်ပံ့ပိုးပေးကြရမည် ဖြစ်သည်။
အနာဂတ်မျိုးဆက်သစ်များ အတွက်လည်း ကျန်းမာကြံ့ခိုင်မှုနှင့်ပြည့်စုံသည့် လူနေမှုဘဝကို ခံစားနိုင်ကြစေရန် လက်ဆင့်ကမ်းပေးကြရမည် ဖြစ်သည်။ သို့ပါ၍ လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ် အရွယ်မရွေး စုပေါင်းလက်တွဲကာ ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဉ်ပြုလုပ်ရင်း ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ် ပိုင်ဆိုင်ကြစေလိုသည်။
လူသားများအဖို့ သက်ရှည်ကျန်းမာခြင်း နှင့်ပြည့်စုံမှုကို အလိုချင်ဆုံးဆုအဖြစ်ရရှိ လိုကြသည်။ သို့သော် အသက်ရှည်ရန် မည်သို့သောအကြောင်းနှင့် ပြည့်စုံရမည်ကို သိရန်လိုကြောင်း တွေးမိသူက နည်းပါး သည်။
ထို့ကြောင့် အသက်ရှည်ချင်သူများ၊ ကျန်းမာရေးကောင်းမွန်မှုကို လိုလားသူများ သတိပြုလိုက်နာ ဆင်ခြင်ကြရမည့် အခြေခံအကြောင်းတရားငါးမျိုးကို သိရှိကြရန် လိုအပ်သည်။
စိတ်ပိုင်းဆိုင်ရာ သတိပြုစရာများကို သိရှိလိုက်နာရန်
အသက်ရှည်လိုသူများအဖို့ မိမိတို့၏ စိတ်ထားကို ထိန်းရန်လိုအပ်သည်။ စိတ်ကြောင့်သေ၊ လက်ကြောင့်ကြေဟူသော စကားသည် အမှားကြောင့်ဖြစ်ရသော သဘောဖြစ်ပြီး စိတ်ကို စိတ်ဟုသိမြင်ကာ လန်းဆန်းမှုနှင့်ပြီးပြည့်စုံသော စိတ်ကသာ လူသားတစ်ဦးအတွက် ကျန်းမာခြင်းသုခကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ စိတ်ပျိုကိုယ်နု၊ လူသာအိုပါလေ စိတ်မအိုပါစေနှင့်ဟူသော ရှေးလူကြီးသူမများ၏ စကားသည် ကျန်းမာခြင်းကို အခြေခံသောစကားများဖြစ်၍ စိတ်ဓာတ်ကြံ့ခိုင်သူသည် ဘဝခရီးစဉ်တွင် ကျန်းမာကြံ့ခိုင်မှုကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ သတိပြုစရာများကို သိရှိလိုက်နာရန်
လူတို့၏အသက်အရွယ်သည် တရွေ့ရွေ့ခရီးနှင်ရင်း အိုမင်းလာကြမည်ဖြစ်သည်။ဆဲလ်အသစ်များကို ဖြစ်ပေါ်လာစေမည့် ကျန်းမာရေးလေ့ကျင့်ခန်းများ(Physical Exercise) ကို နေ့စဉ်အချိန်ပေး၍ အချိန်မှန် ပြုလုပ်ရမည် ဖြစ်သည်။ အားကစားတစ်ခုခုကို နေ့စဉ်အချိန်မှန်ပြုလုပ်ရင်း ဆဲလ်အသစ်များ လည်ပတ်နေသော ကျန်းမာကြံ့ခိုင်သူတစ်ဦးအဖြစ် ရပ်တည်နိုင်ကြရန် သတိပြုသင့်သည်။
အာဟာရပိုင်းဆိုင်ရာ သတိပြုစရာများကို သိရှိလိုက်နာရန်
မိမိခန္ဓာနှင့်သင့်တင့်သည့် ကျန်းမာရေးနှင့် ညီညွတ်သောအစာအာဟာရကို စားသုံးကြရမည်ဖြစ်သည်။ အသက်အရွယ်ရလာသည်နှင့်အမျှ အသား၊ ငါးလွန်ကဲစွာစားခြင်း၊ အဆီများသော အစားအစာများစားခြင်းတို့ကို ရှောင်ကြဉ်နိုင်ပါမှ ဘေးထွက်ဆိုးကျိုးများကင်းကာ ကျန်းမာရေးကို အထောက်အကူပြုမည်ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာကို ရွေးချယ်စားသုံးနိုင်မှသာ မိမိတို့၏ ခန္ဓာကိုယ်တွင်းကိုယ်ပ ကျန်းမာကြံ့ခိုင်မှုကို ဖြစ်စေမည်ဖြစ်သည်။
အမူအကျင့်ဆိုင်ရာ သတိပြုစရာများကို သိရှိလိုက်နာရန်
လူသားတိုင်း တစ်ဦးနှင့်တစ်ဦး မတူညီသော အမူအကျင့်များရှိကြမည်ဖြစ်သည်။ ယခုကာလသည် စက်မှုနည်းပညာများ လွန်စွာတိုးတက်နေ၍ ကြည့်စရာ၊ နားဆင်စရာ၊ ပြောဆိုရန် စက်ကိရိယာမျိုးစုံနှင့် လူသားများ အလုပ်ချိန်၊ စားချိန်၊ နားချိန် သတိမထားနိုင်ဖြစ်နေ၍ အနားယူချိန်ပင်မရှိ တော့ပေ။ ထိုသို့ အိပ်ချိန်၊ နားချိန်မမှန်မှုနှင့် အိပ်ရေးမဝကြသူများ ယခုနောက်ပိုင်း လွန်စွာများလာပြီဖြစ်သည်။ အချိန်ကာလ တစ်ခုကို တိုက်စားကုန်ဆုံးသွားလျှင် ထိုလူသား၏ ကာယ၊ ဉာဏစွမ်းအားများ ကျဆင်းကာ အအိပ်ပျက်မှု များခြင်းကြောင့် အစားအစာလည်း လုံလောက်စွာမစားနိုင် ဖြစ်ကြရသည့်အတွက် ကျန်းမာရေးချို့ယွင်း လာမည်ဖြစ်သည်။
ထိုသို့ဘေးဖြစ်စေနိုင်သော အမူအကျင့်ဆိုးများကိုရှောင်၍ မှန်မှန်အိပ်စက်အနားယူပြီး သင့်တင့်မျှတသော အစားအစာများကို စားသုံးကာနေ့စဉ် စောစောအိပ်၊ စောစောထပြီး လမ်းမှန်မှန်လျှောက်ရင်း ကျန်းမာ ကြံ့ခိုင်သော လူ့စွမ်းအားကို ရယူကြရမည်ဖြစ်သည်။
ဆေးဝါးမှီဝဲမှုဆိုင်ရာ သတိပြုစရာများကို သိရှိလိုက်နာရန်
လူတစ်ဦးအဖို့ နေ့စဉ်နှင့်အမျှ ဗီတာမင်နှင့် သတ္တုဓာတ်များ လိုအပ်သည်။ အစာအာဟာရများတွင် ထိုဓာတ်နှစ်မျိုးကို ရရှိနိုင်မည်ဖြစ်သောကြောင့် ထိုအစားအစာ များကိုစားရပါမည်။ သို့မဟုတ် ထိုဓာတ်နှစ်မျိုး ပါဝင်သော အားဆေးတစ်မျိုးမျိုးကို နေ့စဉ်မှီဝဲသင့်သည်။ ထို့ကြောင့် ကျန်းမာ ကြံ့ခိုင်မှုအတွက် မိတ်ဆွေကောင်းဖြစ်သော ထိုအချက်များကို သတိပြုဆင်ခြင်လိုက်နာ ၍ မိမိကိုယ်တိုင် အားထုတ်မှုဖြစ်သည့် ကိုယ်လက်လှုပ်ရှားအားကစားနှင့် အစဉ် ထာဝရဒွန်တွဲလုပ်ကိုင်ကြရန် လိုအပ်သည်။
အထူးသဖြင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် လူတိုင်းနှင့်သက်ဆိုင်သည်။ အသက်အရွယ်အလိုက် ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်ပြုလုပ်သင့်သည်။ သို့သော်ယခုအခါ တချို့သောလူများအဖို့ စားဝတ်နေရေးကို အကြောင်းပြု၍ ရုန်းကန်နေကြရသဖြင့် ကျန်းမာရေးအတွက် အချိန်မပေးနိုင်ကြသည်ကိုလည်း တွေ့မြင်နေရသည်။
ထိုသူများအဖို့ ကိုယ်ခံစွမ်းအားပေါ် မူတည်၍ လက်ရှိအခြေအနေတွင် ကျန်းမာနေကြသူများဖြစ်သည်။ သို့သော် သူတို့၏ကိုယ်တွင်း၌ နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါများဖြစ်နိုင်သည်။ နေ့စဉ်စားသုံးမှု အစာအာဟာရသည်လည်း ပြည့်စုံမှုမရှိဘဲ အချိန်နှင့်တကွ တခြားဝေဒနာတစ်မျိုးမျိုးနှင့် ဝမ်းချုပ်ခြင်း ဝေဒနာကိုပါ ဆင့်ပွားခံစားရမည်ဖြစ်သည်။
ယင်းအတွက် ကိုယ်လက်လှုပ်ရှားခြင်းဆိုသော အားကစားနည်းတစ်မျိုးမျိုးသည်သာ အသင့်တော်ဆုံးဟု လက်ခံခဲ့ကြပြီး လူတိုင်းလူတိုင်း ကိုယ်လက်လှုပ်ရှားအားကစားကိုပြုလုပ်ကြရန် နှိုးဆော်နေပြီး မပြုလုပ်နိုင် ကြသူများ အနေဖြင့်လည်း မိမိခန္ဓာကိုယ်အတွက် ကျန်းမာရေးနှင့် ညီညွတ်စေမည့် အလွယ်ကူဆုံး နည်းဖြစ်သော ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ အပြေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ခြင်းဖြင့် မိမိ၏ ကျန်းမာရေးကို စောင့်ရှောက်ရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ကျန်းမာကြံ့ခိုင်သူများအဖြစ်ခံယူနိုင်ကြရန် ကျန်းမာကြံ့ခိုင်မှုကို အထောက်အပံ့ ဖြစ်စေသော ကိုယ်လက်လှုပ်ရှားအားကစားဖြင့် မိမိတို့ဘဝကို ပျော်ရွှင်ချမ်းမြေ့စွာ တည်ဆောက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။
မြမဉ္ဇူဝေ(ကျုံမငေး)