ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲအသိဉာဏ်ချို့ယွင်းအားနည်းလာမှု

 

ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲအသိဉာဏ်ချို့ယွင်းအားနည်းလာမှု

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန် မြို့မှ စတင်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်းသို့ ကပ်ရောဂါအသွင်ဖြင့်ပျံ့နှံ့ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စာရင်းဇယားများအရ ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ  ၇၇၁ သန်းကျော်ရှိပြီး ၆ ဒသမ ၉ သန်းကျော်သေဆုံးခဲ့ရသည်။ ကမ္ဘာ့နိုင်ငံများတွင် ဥရောပ၊ ပစိဖိတ်ဒေသနှင့် အမေရိကန်နိုင်ငံများ၌    ရောဂါဖြစ်ပွားမှုပိုမိုများပြားခဲ့သည်။  မြန်မာနိုင်ငံ၌လည်း     ကိုဗစ်-၁၉  ရောဂါဖြစ်ပွားသူခြောက်သိန်းကျော်ရှိပြီး  သေဆုံးသူ နှစ်သောင်းနီးပါးရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှုဖြစ်စဉ်များကို ကြည့် ပါက   ရောဂါပိုးဝင်ရောက်ပြီးနောက်    အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ၊ တုပ်ကွေးလက္ခဏာ များခံစားရပြီး တစ်ပတ်၊ နှစ်ပတ်အတွင်း သက်သာ သွားသော်လည်း ဗိုင်းရပ်စ်ပိုးကို PCR နည်းပညာဖြင့် တစ်လအတွင်းဆက်လက်၍ စမ်းသပ် တွေ့ရှိနိုင်သည်။ သို့ရာတွင် တချို့လူနာများ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး သုံးလ၊  ခြောက်လကြာတိုင်အောင် ရောဂါပိုးမတွေ့ ရှိရသော်လည်း ရောဂါလက္ခဏာများ ခံစားနေရသည် ကိုတွေ့ရှိရသည်။ တစ်ကိုယ်လုံး နုံးချည့်နေခြင်း၊ အဆစ်အမျက်များနာကျင်ခြင်း၊ ကြွက်သားများအားနည်းခြင်း၊ မောပန်း နွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း၊ အောက်ဆီဂျင် ရှူရန်လိုအပ်နေခြင်း၊ ရင်တုန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းနှင့် နာတာရှည်ကျောက်ကပ် အားနည်းခြင်းတို့ခံစားရသည်။   ထို့ပြင်  ဦးနှောက်၊ အာရုံကြောနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာများဖြစ်သော ခေါင်းကိုက်ခြင်း၊  မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ပူပန်သောကများပြီး စိတ်ဓာတ် ကျခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဆုံးရှုံးမှုများအတွက်  စိတ်ဖိစီးမှုများခြင်းတို့ကိုလည်း  ခံစားကြရကြောင်း တွေ့ရှိရသည်။

ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲရောဂါလက္ခဏာများတွင် ဦးနှောက်အာရုံကြောဆိုင်ရာ  အသိဉာဏ်အားနည်းမှုကို တရုတ်နိုင်ငံ၌ ပြုလုပ်ခဲ့သော သုတေသနစာတမ်း၌   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး  အသက်ရှင် ကျန်ရစ်သူသုံးပုံတစ်ပုံ၌တွေ့ရှိရကြောင်း ဖော်ပြထား သည်။ သုတေသနများ၌ ဦးနှောက်စွမ်းရည် ကျဆင်းမှု ၃၂  ရာခိုင်နှုန်း၊ မှတ်ဉာဏ်ချို့ယွင်းမှု ၃၅ ရာခိုင်နှုန်း၊ အာရုံမစူးစိုက်နိုင်မှု  ၂၂ ရာခိုင်နှုန်း  တွေ့ရှိရသည်။

ကိုဗစ်-၁၉   ရောဂါဖြစ်ထားသော  လူတစ်သန်းကို ရောဂါကူးစက်ခံထားရခြင်း မရှိသောသူများနှင့် နှိုင်းယှဉ် စမ်းသပ်ရာတွင် အသိဉာဏ်ချို့ယွင်းမှုကို ရောဂါဖြစ်ပြီး ခြောက်လ၊  နှစ်နှစ်တွင်ဖြစ်လာသည်ကို တွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။

SARs-COV ကိုဗစ်ဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ်အတွင်းသို့  Angiotensin-converting enzyme (ACE) receptor  မှတစ်ဆင့်ဝင်ရောက်ရာတွင် ထို receptor များသည်  ဦးနှောက်အာရုံကြောစနစ် အတွင်း၌ ပါရှိနေသောကြောင့် ဦးနှောက်အာရုံကြောဆိုင်ရာဝေဒနာများကို ကိုဗစ်-၁၉ ရောဂါဖြစ်ဆဲကာလ သာမက ရောဂါဖြစ်ပြီးနောက် ကာလများတွင်ပါ ခံစားကြရခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးသည်   အသက်ရှူလမ်းကြောင်းနှင့် နှာခေါင်းရှိအမြှေးပါးများ မှတစ်ဆင့်  ဦးနှောက်အတွင်းသို့ဝင်ရောက်ချိန်တွင် ထိုအမြှေးပါးများကိုဖျက်ဆီးမှုကြောင့်  အနံ့၊ အရသာ မသိဖြစ်စေသည်။   ထိုဗိုင်းရပ်စ်ပိုးကိုတိုက်ထုတ်ရန် ခန္ဓာကိုယ်တွင်းရှိရောင်ရမ်းမှုကို   ဖြစ်စေတတ်သော သဘာဝများ အလွန်အကျွံထွက်ရှိတိုက်ခိုက်မှုကြောင့် ဦးနှောက်အပါအဝင်     ခန္ဓာကိုယ်တွင်းကလီစာများ   တိုက်ဖျက်မှုကိုခံခဲ့ရသည်။ ရောင်ရမ်းမှုသာမက သွေးတွင်းရှိသွေးခဲစေသောဓာတ်သဘာဝများကို လှုံ့ဆော်မှုကြောင့် ဦးနှောက်အတွင်းရှိ သွေးကြောများ၊ သွေးပြန်

ကြောများ   ပိတ်ဆို့မှုခံစားရစေသည်။ ဦးနှောက်အတွင်းရှိ အကာအမြှေးပါးကိုတိုက်ခိုက်ကာ ဦးနှောက် အတွင်းဝင်ရောက်ပြီး ဦးနှောက်ရောင်ခြင်း၊ တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊  သတိချို့ယွင်းခြင်းဝေဒနာများကို ခံစားရစေသည်။     ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်ရန် ခန္ဓာကိုယ်မှထုတ်လုပ်လိုက်သော   ကိုယ်ခံစွမ်းအားစနစ်သည်  အာရုံကြောများကို တိုက်ခိုက်သဖြင့်   ခြေလက်အားနည်းခြင်း၊  အစာမျိုရခက်ခြင်း၊   မျက်နှာလှုပ်ရှားမှု မလုပ်နိုင်ခြင်းများဖြစ်စေသည်။

ယခုနှစ်များအတွင်း သိပ္ပံပညာရှင်များက ဦးနှောက်၊ အာရုံကြောစနစ်အား မည်သို့ထိခိုက်နိုင်သည်ကို ကြွက် များတွင်  စမ်းသပ်တွေ့ရှိခဲ့သည်။  မပြင်းထန်သောကိုဗစ်အဆုတ်ရောင်ခံစားရသည့် ကြွက်များတွင် မှတ် ဉာဏ်နှင့်ဆိုင်သော hippocampus နှင့်  subcortical white matter ဦးနှောက်အတွင်းပိုင်း၌ Microglia ဆဲလ်များကို   လှုံ့ဆော်ခြင်းဖြင့်  အာရုံကြောဆဲလ်၊ ဦးနှောက်ဆဲလ်များ ထပ်မံထုတ်လုပ်နိုင်စွမ်း ကျဆင်းသကဲ့သို့ အာရုံကြောလျှပ်ကူးစွမ်းအင်များ လျော့ပါးစေနိုင်ကြောင်း    တွေ့ရှိခဲ့ရသည်။   ထို့ကြောင့်ပင် ဦးနှောက်၏ အသိဉာဏ်ပညာဆိုင်ရာ စွမ်းဆောင်နိုင်မှုများ ကျဆင်းလာခြင်းဖြစ်သည်ဟု ကောက်ချက်ချ ခဲ့ကြသည်။ ထိုသို့ပြောင်းလဲမှုများ ဖြစ်ရခြင်းမှာ သွေးအတွင်းသာမက   ဦးနှောက်ရည်ကြည်များအတွင်း ရောင်ရမ်းမှုကိုဖြစ်စေသော ဓာတ်သဘာဝများ များပြား လာခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် C-C motif chemokine 11 ကို ရောဂါဖြစ်ပြီး ခုနစ်ပတ်အကြာတွင် များစွာတွေ့ရှိရပြီး ရောဂါမဖြစ်သောကြွက်ငယ်များကို ထိုဓာတ်သဘာဝအား ဝမ်းဗိုက်အတွင်းထည့် ပေးရာ၌   ဦးနှောက်အသိဉာဏ်အားနည်းမှုဖြစ်လာကြောင်း တွေ့ရှိရသည်။

ဦးနှောက်စွမ်းရည်ကျဆင်းမှုကို ဦးနှောက်၊ အာရုံ ကြောစမ်းသပ်မှုများ၊   သွေးစစ်ဆေးမှု၊   ဦးနှောက်သံလိုက်ဓာတ်မှန် ရိုက်ကြည့်ခြင်းနှင့် ဦးနှောက်လျှပ်စီး လှိုင်းများစမ်းသပ်ခြင်းဖြင့် သိရှိနိုင်သည်။ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့်ဖြစ်သည်ဟု   သတ်မှတ်နိုင်ရန်အတွက် ရောဂါခံစားခဲ့ရသောလူနာများတွင် တခြားအကြောင်းအရာမရှိဘဲ   အသိဉာဏ်စွမ်းရည်ကျဆင်းလာမှု ဖြစ်ရန်လိုသည်။  သုတေသနစာတမ်းများအရ  သွေးတွင်း IL6 , CD 70 ကဲ့သို့သော  ကိုယ်ခံစွမ်းအားစနစ်၊ ရောင်ရမ်းမှုနှင့်ပတ်သက်သော ဓာတ်သဘာဝ များနေပြီး     အာရုံကြောဆဲလ်များ ပျက်ယွင်းလာမှုကိုပြသော ဓာတ်သဘာ၀ များစွာတွေ့ရှိရသည်။ မကြာမီ ကာလများအတွင်း ရောင်ရမ်းဓာတ်သဘာ၀ C-C motif chemokine 11 ကို ကိုဗစ်-၁၉ ရောဂါဖြစ်ထားသော ကြွက်များနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး  ဦးနှောက်စွမ်းရည်အားနည်းလာသူတချို့၏ သွေးထဲတွင် တွေ့ရှိရသည်။

ထိုသို့ ဦးနှောက်စွမ်းရည်ကျဆင်းလာမှုကို ကုသနိုင်ရန်အတွက် သတ်မှတ်တိကျကုထုံးဟူ၍ မရှိသေးဘဲ လက္ခဏာ၊ ပြင်းထန်မှုပေါ်မူတည်ပြီး တစ်ဦးချင်းစီနှင့်ကိုက်ညီသောကုသမှုကိုပေးရမည်ဖြစ်သည်။ အသိ ဉာဏ်စွမ်းအားကို မြှင့်တင်ပေးခြင်း၊ စကားပြောဆိုနိုင် ရန်ကူညီခြင်းနှင့် ပြန်လည်သန်စွမ်းမှုဌာနမှ အသိ ဉာဏ်ဆိုင်ရာလေ့ကျင့်မှုများပြုလုပ်ခြင်းတို့ ဆောင်ရွက်ရမည်။ တရားထိုင်၊ ပုတီးစိပ်ခြင်းသည် စိတ်တည်ငြိမ် အေးချမ်းမှုရစေနိုင်သကဲ့သို့  အသိဉာဏ်စွမ်းအင်ကို တိုးစေနိုင်သည်။  ဉာဏ်စမ်းပဟေဠိများဖြေဆိုခြင်း၊ တွက်ချက်ခြင်း၊ မိမိဖတ်၍နားလည်သောအကြောင်းအရာကိုပြန်လည်ဆွေးနွေးခြင်း၊  အုပ်စုဖွဲ့ဆွေးနွေး မေးမြန်းခြင်းတို့သည် ဦးနှောက်စွမ်းရည်ကို မြင့်မားစေသည်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်၍  ကျန်းမာရေး နှင့်မကိုက်ညီသော အစားအစာဖြစ်သည့် အဆီ၊ အချို၊ အငန်များ ရှောင်ကြဉ်၍ အသား၊ ငါး၊ အသီးအရွက် အချိုးညီမျှစွာစားသုံးရမည်။ အိမ်တွင်းအထီးကျန်မနေဘဲ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်သွယ်ခြင်း၊ ဝိုင်းဖွဲ့တွေ့ဆုံခြင်း၊ အင်တာနက်၊ ဖုန်းများမှတစ်ဆင့်တစ်ဦးနှင့်တစ်ဦး    ဆက်သွယ်အားပေးခြင်းတို့သည်လည်း ဦးနှောက်စွမ်းရည်ကို တိုးမြှင့်စေနိုင်သည်။

အိပ်ချိန်ပုံမှန်ရှိရန်နှင့်    အိပ်ပျော်စေရန်အတွက် နေ့ခင်းပိုင်းတွင်  စိတ်ဖိစီးမှုများလျှော့ချရန်  လိုအပ် သကဲ့သို့ ပူပန်စေသော အတွေးများ ဖယ်ထုတ်ပစ်ရန် လိုသည်။  အိပ်ခါနီးစာဖတ်ခြင်း၊  ယောဂကျင့်ခြင်း၊ နေချင်စဖွယ်အိမ်ခန်း ပြင်ဆင်ထားခြင်း၊ မှုန်ပျသောအလင်းရောင်ထားခြင်းတို့က ပိုမိုအိပ်ပျော်စေနိုင်သည်။  စိတ်ပူပန် သောကများခြင်း၊ စိတ်ဖိစီးခြင်း၊  စိတ်ဓာတ်ကျခြင်းများခံစားနေရပါက စိတ်ကျန်းမာရေး ဆရာဝန်များနှင့် ပြသတိုင်ပင်သင့်သည်။    အစားအသောက်အနေအထိုင်ဆင်ခြင်၍   ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးတွင်းအဆီများခြင်း၊ အဝလွန်ခြင်းတို့ကို  ထိရောက်စွာကုသမှု ခံယူခြင်းသည် အသက်ရလာသောကြောင့် ဦးနှောက်စွမ်းရည်လျော့ကျခြင်းကို တားဆီးကာကွယ်နိုင်ကြောင်း  သုတေသန တွေ့ရှိချက်များအရ  လက်ခံထားပြီးဖြစ်သည်။ ဘရာဇီးနိုင်ငံ၌ ဦးနှောက်၏ ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်သော ဦးနှောက်အစိတ်အပိုင်းကို   အားပျော့သော လျှပ်စီးဖြင့် လှုံ့ဆော်ခြင်းနှင့် ပြန်လည် သန်စွမ်းမှု ဆိုင်ရာ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းသည်  ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက်  အသိဉာဏ်နှင့်စိတ်ပိုင်းဆိုင်ရာ    စွမ်းဆောင်ရည် ကျဆင်းမှုကို ထိရောက်စွာအသုံးပြုနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက် ဦးနှောက်စွမ်းရည် ကျဆင်းခြင်း၊ အသိဉာဏ်လျော့နည်းလာခြင်းကို လက်ရှိ အခြေအနေတွင်  ကုသရန်ဆေးဝါးများ  တိကျစွာမသတ်မှတ်နိုင်သေးသော်လည်း   သက်ကြီးသတိမေ့ ရောဂါတွင် အသုံးပြုသောဆေးများ၊  စိတ်ဓာတ်ကြွဆေး၊ အဆီချဆေး၊ အာရုံကြောအဖုံးအမြှေးအဆီလွှာ များဖွဲ့စည်းမှုကို အားပေးသောဆေးများဖြင့် သုတေသနပြုလုပ်လျက်ရှိသည်။ ထိုဆေးများအနက် အာရုံ ကြောအားနည်းရောဂါတစ်မျိုးတွင်    ကုသသည့် Temelimab     နှင့်    စိတ်ကျရောဂါတွင်ကုသသည့် Vortioxetine  ဆေးများသည်     အသိဉာဏ်ပိုမိုကောင်းမွန်သောရလဒ်ကောင်းများ ထွက်ပေါ်လျက် ရှိသည်။ အာဟာရ၊ အစားအသောက်ဖြည့်စွက်စာများအနေဖြင့်   တိတိကျကျအသုံးပြုနိုင်သော အစာအာဟာရဟူ၍   မရှိသေးသော်လည်း   ပန်းသီးခွံ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ တရုတ်နံနံ၊ ဂန္ဓမာပန်းတို့တွင် တွေ့ရှိရသည့်      Luteotin   ဓာတ်သည် ရောင်ရမ်းမှုကိုကျစေပြီး ဦးနှောက်ကို ကာကွယ်နိုင်စွမ်းအားရှိသည်။

မကြာခင်ကာလတွေ့ရှိမှုများအရ ဦးနှောက်အသိ ဉာဏ်စွမ်းအားလျော့နည်းမှုသည်  ဦးနှောက်ဆဲလ် Microglia များ  ပွားများအသက်ဝင်လာခြင်းနှင့် ဆက်စပ်မှုရှိနေသဖြင့် ထိုဆဲလ်များကို ဦးတည်တိုက်ခိုက်နိုင်သော ဆဲလ်များ၏ စွမ်းဆောင်ရည်ကျဆင်းနိုင်သောဆေးများကို စမ်းသပ်ရှာဖွေခဲ့ကြသည်။ တချို့သော    အရိုးကင်ဆာရောဂါတွင်     သုံးသောဆေး Pexidartinib  အကိုက်အခဲပျောက်ဆေး၊ အရောင် ကျဆေးနှင့်   Tetraycline      ပိုးသတ်ဆေးတို့သည် ထိုဆဲလ်များ ပွားများမှုကို တားဆီးနိုင်ကြောင်း တွေ့ရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏  ရောဂါဖြစ်ပြီးနောက် လက္ခဏာများအပေါ် သက်ရောက်မှုကို တိကျစွာ မသိရသေးသော်လည်း တချို့သုတေသနစာတမ်းများအရ ကိုဗစ်-၁၉ ရောဂါမဖြစ်မီနှင့် ဖြစ်ပြီးနောက် ကာကွယ်ဆေးထိုးခြင်းသည် ရောဂါဖြစ်ပြီး ဦးနှောက်၏   အသိဉာဏ်စွမ်းရည်လျော့နည်းလာစေကြောင်း တွေ့ရှိရသည်။  ရောင်ရမ်းမှုကိုဖြစ်စေသည့် ကိုယ်ခံစွမ်းအားစနစ်မူမမှန်မှုကို ပြန်လည်တည့်မတ်ပေးနိုင်သကဲ့သို့ ကျန်ရှိနေသော ဗိုင်းရပ်စ်ပိုး အကြွင်းအကျန်များကိုလည်း     ဖယ်ရှားနိုင်ခြင်းကြောင့် ဖြစ်မည်ဟု ယူဆခဲ့ကြသည်။

အချုပ်အားဖြင့်ဆိုရသော် ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက် ဦးနှောက်စွမ်းရည်လျော့နည်းမှုသည် အဖြစ် များသော်လည်း   ဂရုမပြုမိဘဲရှိနေတတ်ကြသည်။ နာတာရှည်ရောဂါအခံရှိ၍  အသက်ရွယ်ကြီးရင့်သူ များ၊ နဂိုဦးနှောက် အာရုံကြောရောဂါရှိသူ၊   စိတ်ကျန်းမာရေး အားနည်းသူများကို ဦးနှောက်စွမ်းရည် အားနည်းမှု ဖြစ်လာနိုင်ခြေများသောကြောင့်   အထူးအလေးထား  စောင့်ကြည့်ကာကွယ်ကုသရမည်ဖြစ်သည်။ တိကျသော ကုသဆေးမရှိသော်လည်း အစားအသောက်အနေအထိုင် ဆင်ခြင်၍ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ကာ    ဦးနှောက်စွမ်းရည် တိုးတက်စေမည့် လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အထောက်အကူပြုမည့် ဆေးများသောက်သုံးခြင်း၊ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းများနှင့်       ရင်းနှီးစွာဆက်သွယ် နေထိုင်ခြင်း တို့ဖြင့်    ဦးနှောက်စွမ်းအား   ပြန်လည်ကောင်းမွန်လာနိုင်ပြီး  ကောင်းမွန်သောလူနေမှုဘဝကို လျှောက်လှမ်း နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။   ။

ဒေါက်တာ ဥမ္မာစော