မဟာဗျူဟာမိတ်ဖက်နှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ထာဝစဉ်ခိုင်မြဲနေမည့် တရုတ်နှင့်မြန်မာ

 

မဟာဗျူဟာမိတ်ဖက်နှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ထာဝစဉ်ခိုင်မြဲနေမည့် တရုတ်နှင့်မြန်မာ

နိုင်ငံတစ်နိုင်ငံအနေနဲ့ တည်တည်ငြိမ်ငြိမ်နှစ်ပေါင်းရှည်ကြာစွာ တည်တံ့နေစေရန်မှာ အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများ ရှိနေဖို့ လိုအပ်ပါတယ်။ မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းရခြင်း၊  မိတ်ကောင်း ဆွေကောင်းနှင့်အတူ ခရီးသွားရခြင်းမှာ ကုသိုလ်ကံအကျိုးပေးတစ်ခုလို့ ဆိုနိုင်ပါတယ်။  မြန်မာနိုင်ငံအဖို့ အိမ်နီးချင်းကောင်းနိုင်ငံတွေ လိုအပ်သလို မြန်မာနိုင်ငံအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ မိတ်ကောင်းဆွေကောင်း ဖြစ်အောင်ပြုမူ လုပ်ဆောင်လျက်ရှိပါတယ်။  မြန်မာနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ရှိခဲ့ရာမှာလည်း ယနေ့တိုင်လည်း ဒီအတိုင်းပဲနှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နေဆဲပဲဖြစ်ပါတယ်။  နှစ်နိုင်ငံဆက်ဆံရေးမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကျိုးစီးပွားကို မည်သည့်အခါကမျှ ပျက်စီးအောင် လုပ်ဆောင်တာမျိုး မရှိခဲ့ကြပါဘူး။

ခေတ်အဆက်ဆက်  ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအနေဖြင့်လည်း နှစ်နိုင်ငံမှာ    အရေးကိစ္စပေါ်ပေါက်လာရင် ညှိနှိုင်းဖြေရှင်းခြင်းနဲ့   ပြေလည်အောင် ဆောင်ရွက်နေကြပါတယ်။  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ (၅) ရပ်ဟာ တရုတ်၊ မြန်မာနဲ့အိန္ဒိယတို့က ၁၉၅၄ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ တစ်နိုင်ငံရဲ့ နယ်မြေတည်တံ့မှုနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊  တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံပြည်တွင်းရေး ကိစ္စများမှာ   ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်၊  တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တန်းတူရည်တူရှိရန်နဲ့နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်၊  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်တို့ ဖြစ်ပါတယ်။ 

ယခုတလောဖြစ်ပွားနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အဓိကဖြစ်ပျက်နေတာက အွန်လိုင်းလိမ်လည်မှု လောင်းကစားလုပ်ငန်းဖြစ်ပါတယ်။  အဲဒီလုပ်ငန်းတွေဟာ၂၀၂၀-၂၀၂၁ ခုနှစ်က ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လုပ်ဆောင်ခဲ့ကြတာပါ။ ၂၀၂၁-၂၀၂၂ ခုနှစ် နှစ်ကူးချိန်မှာ မြန်မာနိုင်ငံကို  ရောက်လာခဲ့တာဖြစ်ပါတယ်။  မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသမှာ  ကမ္ဘောဒီးယားနိုင်ငံကနေ ပြေးလာပြီး လောင်းကစားလုပ်နေပြီဆိုတဲ့ သတင်းရရှိခဲ့ပါတယ်။  အနောက်နိုင်ငံတွေကလည်း ရွှေကုက္ကိုလ်ဟာ တရုတ်အစိုးရရဲ့မူဝါဒအရ ဆောက်ခဲ့တာဆိုပြီး ဝါဒဖြန့်ခဲ့ပါတယ်။  

အဲဒီရွှေကုက္ကိုလ်စီမံကိန်းကို  တည်ဆောက်ခွင့်ပိတ်ပြီးနောက်မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဆီကို ရောက်လာခဲ့တာပါပဲ။ ၂၀၂၁-၂၀၂၂ ခုနှစ် နှစ်အကူးမှာမှမြန်မာနိုင်ငံမြောက်ပိုင်းမှာ အွန်လိုင်းလောင်း ကစားမှုတွေလုပ်နေပြီဆိုတာ  သိခဲ့တာနဲ့ မြန်မာနိုင်ငံအစိုးရအနေနဲ့ခြေရာခံ၊ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ အွန်လိုင်းလောင်းကစား သမားတွေအနေနဲ့  တရုတ်နိုင်ငံဘက်တင်မကဘဲ မြန်မာနိုင်ငံဘက်ကိုပါ ပစ်မှတ်ထားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံဘက်ကနေဆိုရှယ်မီဒီယာကနေစတင်လုပ်ဆောင်ခဲ့ပါတယ်။

ခြေရာခံပြီး   စုံစမ်းပြီးလက်လှမ်းမီရင် ဆက်သွယ်ရေးဥပဒေ၊  လောင်းကစားဥပဒေနဲ့အရေးယူခဲ့ပါတယ်။  အဲဒီနောက် တရုတ်နိုင်ငံဘက်က အကြောင်းကြားလာတဲ့အခါမှာတော့  နှစ်နိုင်ငံပူးပေါင်းပြီး အရှိန်အဟုန်နဲ့ နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့မူဝါဒကတော့ မြန်မာ့မြေကိုသုံးပြီး  အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ငန်းမျိုး၊  အဖျက်အမှောင့်လုပ်ငန်းမျိုး၊  မီဒီယာကနေဝါဒဖြန့်တာမျိုး၊ လိမ်လည်လောင်းကစားခြင်း မျိုးတွေကို လုံးဝလက်မခံပါဘူး။ တိုက်ဖျက်သွားမှာဖြစ်ပါတယ်။   အွန်လိုင်းလောင်းကစားလိမ်လည်မှုတွေနဲ့   ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး အမြစ်ပြတ်အောင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။  ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် Mr.Deng Xijun  နဲ့    နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း  မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အွန်လိုင်းလောင်းကစားမှုများနဲ့ အွန်လိုင်းလိမ်လည်မှုများ ပပျောက်ရေးတွေကို အမြစ်ပြတ်အောင်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာ-တရုတ်နယ်စပ်မှာလုပ်ဆောင်နေတဲ့ အွန်လိုင်းလောင်းကစားလိမ်လည်မှုတွေဟာ  အဓိကအားဖြင့် ဝနဲ့မိုင်းလားဒေသမှာဖြစ်နေပါတယ်။ ဝနဲ့မိုင်းလားဟာ   အစိုးရရဲ့ကွပ်ကဲမှုအောက်က လွတ်မြောက်နေပြီး  အထူးဒေသဖြစ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံအတွက်  လောင်းကစားထက်ပိုပြီး ပြဿနာကြီးတာဖြစ်ပါတယ်။  ဝနဲ့မိုင်းလားမှာ  တရုတ်စကားပြောတတ်သူများသာ ရှိပြီး  မြန်မာစကားပြောတတ်သူရှားပါးပါတယ်။ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေမသုံးပါဘူး။   အဲဒီအခြေအနေကိုတရုတ်နိုင်ငံအစိုးရက  သိမယ်ထင်ပါတယ်။  ဝနဲ့ မိုင်းလားကို  တရုတ်စကားမတတ်ဘဲဝင်လို့ မရပါဘူး။  တရုတ်နိုင်ငံ ဖူအားနဲ့ကူမင်းမြို့ပေါ်မှာ  ဝနဲ့မိုင်းလားခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေ ရှိပါတယ်။  အဖြစ်မှန်က အွန်လိုင်းလောင်းကစားကရတဲ့ငွေတွေဟာ သူတို့လက်ထဲမှာပဲရှိပြီး မြန်မာနိုင်ငံထဲမှာမရှိပါဘူး။

ယခုလို  အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်ငွေရှာနေတဲ့ အဖွဲ့အစည်းတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ကာကွယ်ပေးနေတာဖြစ်ပါတယ်။ အဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း    ပါဝင်ပတ်သက်ခြင်း မပြုဖို့ သတိပေးထားပြီး ဖြစ်ပါတယ်။ အဲဒီဒေသတွေကို   ကြည့်မယ်ဆိုရင်    ၁၉၉၀ ပြည့်နှစ်မှာ  ဘိန်းဖြူပြဿနာ၊  ၂၀၀၀ ပြည့်နှစ်မှာ WY ဆေးပြားပြဿနာ၊ ၂၀၂၁  ခုနှစ်မှာ  အွန်လိုင်းလောင်းကစား ပြဿနာဆိုပြီး ကိစ္စသုံးခုဖြစ်ခဲ့ပါတယ်။ အဲဒီနယ်မြေ မှာတရားဥပဒေစိုးမိုးရေးမလုပ်နိုင်ရင် ဒီလိုပြဿနာတွေဆက်ဖြစ်နေမှာဖြစ်ပါတယ်။  ဘိန်းဖြူနဲ့  WY ပြဿနာကို တရုတ်ပြည်သူတွေမသိခဲ့ပါဘူး။   ဘာဖြစ်လို့လဲဆိုတော့ သူတို့ကဘိန်းဖြူနဲ့ WY ဆေးပြားကို တရုတ်ဘက်ကို မသွင်းရဲဘဲ လာအိုနဲ့ထိုင်းနိုင်ငံကတစ်ဆင့် အခြားနေရာတွေကိုဖြန့်တာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေရဲ့ စီးပွားရေးအရင်းအမြစ်ဟာ တရားမဝင်လုပ်ငန်းတွေကနေရခြင်း ဖြစ်ပါတယ်။

အွန်လိုင်းလိမ်လည်မှုပြဿနာဖြစ်မှသာ တရုတ်လူမျိုးအများစု အလိမ်ခံရတာကြောင့် တရုတ်ကစတင်ခံစားရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်အဲဒီနယ်မြေမှာ တရားဥပဒေစိုးမိုးမှုရှိအောင်လုပ်ရမှာ ဖြစ်ပါတယ်။

ဒါကိုနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အမှန်တကယ်တော့အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်မှုဟာ တရုတ်ပြည်သူတွေသာမက မြန်မာပြည်သူတွေပါ နစ်နာပြီး မြန်မာနိုင်ငံရဲ့ သိက္ခာလည်းကျရပါတယ်။  ပြဿနာဖြစ်စေတဲ့ အရင်းအမြစ် ကိုသိပြီး နှစ်နိုင်ငံပူးပေါင်းဖြေရှင်းရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရရဲ့ ပူးပေါင်းမှုကို အားရမှု ရှိပါတယ်။ တရုတ်အစိုးရအနေနဲ့ဒီကိစ္စကို တရုတ်ပြည်သူတွေနစ်နာမှုရှိလို့ အရေးကြီးကိစ္စအဖြစ် ဆောင်ရွက်နေသလို  မြန်မာနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနစ်နာမှုရှိပြီး သိက္ခာကျတဲ့အတွက်လည်း   နှစ်နိုင်ငံ အစိုးရပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။     အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုတွေ လုပ်ဆောင်နေသူတွေဟာ  တရုတ်နဲ့နိုင်ငံတကာမှာ ရာဇဝတ်မှုဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရတဲ့  လောင်းကစားလုပ်နေတဲ့သူတွေက ဦးဆောင်နေတာဖြစ်ပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ မဟုတ်မမှန်လုပ်ကြံရေးသားနေသလိုမျိုး  နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမှာ အထင်အမြင်လွဲမှားအောင် တရုတ်တွေက မြန်မာတွေကို လိမ်တာမဟုတ်သလို  မြန်မာတွေက တရုတ်ကို လိမ်တာလည်းမဟုတ်ပါဘူး။ ရာဇဝတ်မှုကျူးလွန်ထားပြီး  အပြစ်ရှိတဲ့ပြည်ပြေးလူလိမ်တစ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပြဿနာဖြစ်နိုင်တဲ့ နယ်မြေတွေကို တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်ရပါမယ်။   နှစ်နိုင်ငံသတင်း အချက်အလက်ဖလှယ်ခြင်း၊   နှစ်နိုင်ငံအွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့ပြီး  စောင့်ကြည့်ခြင်းနဲ့  လက်တွေ့ဖမ်းဆီးခြင်းတွေကို ဆောင်ရွက်နေပါတယ်။   တရုတ်နိုင်ငံက   မြန်မာဘက်မှာသံသယရှိတဲ့ စာရင်းပေးရင်   လာတဲ့လမ်းကြောင်း စုံစမ်းပြီး လိုက်လံဖမ်းဆီးတာတွေ  လုပ်ဆောင်ပါတယ်။  တရားဥပဒေချိုးဖောက်တာ ခိုင်လုံရင်ဖမ်းဆီးပါတယ်။  မခိုင်လုံသေးရင်စောင့်ကြည့်တာ မေးမြန်းတာတွေ လုပ်ပါတယ်။  ပေးလို့ရတဲ့အချက်အလက်တွေ  အပြန်အလှန်ပေးပို့ပြီး တိုက်ဆိုင် စစ်ဆေးပါတယ်။  ဒီသတင်းအချက်တွေကိုကြည့်ပြီး  နှစ်နိုင်ငံဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးတာရှိပါတယ်။   အဲဒီအပေါ် မူတည်ပြီး နှိမ်နင်းဖမ်းဆီးတာတွေ ဆောင်ရွက်ပါတယ်။   အဓိကကတော့ မြန်မာ-တရုတ် ပူးပေါင်းပြီး တရားဥပဒေစိုးမိုးမှုရှိအောင်လုပ်ဖို့ လိုအပ်နေပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်မှုအောင်မြင်အောင် လုပ်ဆောင်နိုင်မှလည်း   မြန်မာ-တရုတ်နှစ်နိုင်ငံရဲ့ ချစ်ကြည်ရေး ရေရှည်ခိုင်ခံ့မှာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာတော့  တရုတ်နိုင်ငံဘက်က  အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးဖို့ဝရမ်းထုတ်ပြန်ထားတဲ့   မြီရှောက်ချန်း ဦးစီးလေးယောက်ကို မြန်မာနိုင်ငံဘက်ကလည်း ဖမ်းဝရမ်းထုတ်ပြီး  ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ မြီရှောက်ချန်း၊ မြီကော်ဖျင်း(ခ)မြီရှောက်ဖျင်း၊  မြီကျိန်းကျိန်းတို့ကို ဖမ်းဆီး ခဲ့ပါတယ်။  မြီရှောက်ချန်းကတော့ သူ့သေနတ်နဲ့သူ့ကိုယ်သူပစ်ကာ သေကြောင်း ကြံစည်ခဲ့ပြီး  မြီကော်ဖျင်း(ခ)မြီရှောက်ဖျင်း၊ မြီကျိန်းကျိန်းတို့ကိုတော့ မြန်မာ-တရုတ်နယ်စပ်ရှိ    ရန်လုံကျိုင်းနယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့သို့    လွှဲပြောင်းပေးခဲ့ပါတယ်။   မြန်မာနိုင်ငံ အနေနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်တဲ့နေရာမှာ   အမှန်တကယ် အလေးထားပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

ဒီလိုမျိုးနှစ်နိုင်ငံပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေချိန်မှာ ချိန်သားကိုက်အမြတ်ထုတ်ခဲ့တဲ့  ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ နယ်မြေမငြိမ်မသက်ဖြစ်အောင်လုပ်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူ ြြီဗဗ  နဲ့အဖွဲ့တွေဟာ တရုတ်နိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ အွန်လိုင်းလိမ်လည်မှုကို ချေမှုန်းဖို့အတွက် ခိုင်မာစွာသန္နိဋ္ဌာန် ချထားတာကို အသုံးချသွားတာ တွေ့ရပါတယ်။  ဒီဒေသ တွေမှာ   အွန်လိုင်းလိမ်လည်မှုဆိုတာ ခုနောက်ပိုင်းမှ  ဖြစ်ပေါ်လာတာပါ။ အဓိကအရင်းအမြစ်က အဲဒီဒေသမှာ တရားမဝင်စီးပွားရေးလုပ်ငန်းတွေ   အထူးသဖြင့် တရားမဝင်စီးပွားရေးလုပ်ငန်းဆိုတဲ့နေရာမှာ မူးယစ်ဆေးဝါး လုပ်ငန်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးလုပ်ငန်းကနေ တရားမဝင်ငွေတွေရပါတယ်။ တရားမဝင်ငွေကနေပြီးတော့ မူးယစ်ဆေးဝါးလုပ်ငန်းကို ကာကွယ်ဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွဲ့ကြပါတယ်။  ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေဖွဲ့ကြပြီးမှ မူးယစ်ဆေးဝါးလုပ်ငန်းအပြင် ကျန်တဲ့    တရားမဝင်လုပ်ငန်းတွေပါ ဆက်လုပ်ပါတယ်။ ဒါတွေကိုကာကွယ်ဖို့ ထပ်ပြီးတော့ လက်နက်ကိုင်တွေတိုးချဲ့ပါတယ်။ ဒီသံသရာဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက   စတင်လည်ခဲ့တဲ့သံသရာဖြစ်ပါတယ်။    ဒီသံသရာကို တိုက်ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။ ဒီအဆိုးကျော့ သံသရာကို တိုက်ဖျက်နိုင်မှ မြန်မာ-တရုတ်နယ်စပ်ဒေသတွေမှာ  ငြိမ်းချမ်းမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေး၊ ပူးပေါင်းဆက်သွယ်ရေး ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ တိုးမြှင့်ဆောင်ရွက်လျက်လည်း    ရှိပါတယ်။

အိမ်နီးချင်းနိုင်ငံများနဲ့ နယ်နိမိတ်ထိစပ်မှုမှာလည်း မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဟာ၂၂၂၆ ဒသမ ၈၅  ကီလိုမီတာ (၁၃၈၄ မိုင်)ထိစပ်လျက်ရှိပါတယ်။

ရှေးပဝေသဏီကတည်းက ချစ်ကြည်ရင်းနှီးစွာ တည်ရှိခဲ့တဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရေရှည်တည်တံ့စေရန်နဲ့ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးမှာ စောင့်ထိန်းလိုက်နာရမယ့် လမ်းညွှန်မှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာလ ၂၆  ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး   (၅/၂၀၂၃)သို့ တက်ရောက်အမှာစကား ပြောကြားစဉ် မိမိတို့နိုင်ငံသည် နိုင်ငံရေးကိစ္စရပ်များ ဆောင်ရွက်ရာ၌ သတိထားဆောင်ရွက်ရသည့် နိုင်ငံတစ်ခုဖြစ်သည်ကို  သမိုင်းတွင်တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊   မိမိတို့ အနေဖြင့် အမျိုးသားရေးထက် အရေးကြီးသည်မှာ ဘာမျှမရှိဆိုသည့်အတိုင်းနိုင်ငံကို   တာဝန်ယူ ဆောင်ရွက်ချိန်တွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို အခြေခံ၍ ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း   ထည့်သွင်းပြောကြားခဲ့ပါတယ်။

မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးကို  ပြည်ပနိုင်ငံံတွေက ဝင်ရောက်စွက်ဖက်မှုတွေဟာဆိုရင်   အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်တဲ့ နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။  ဒါ့ကြောင့်မြန်မာနိုင်ငံအနေနဲ့ မိတ်ဆွေနိုင်ငံတွေ၊  အိမ်နီးချင်းမိတ်ဆွေနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်ခဲ့ရပါတယ်။

အခုလည်း   မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံ တို့ရဲ့ခိုင်ခိုင်မာမာရှိနေတဲ့   ချစ်ကြည်ရင်းနှီးမှုတွေ ပျက်ပြားအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် ပြည်ဖျက်မီဒီယာတွေပါပဲ။ အဓိကကတော့ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ မီဒီယာတွေနဲ့ မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူလူထုအကြား အထင်အမြင်လွဲစေရေး ဆောင်ရွက်နေတာ တွေရှိပါတယ်။ မြန်မာဘက်က ဖမ်းဆီးပေးနေတဲ့ တရားခံတွေဟာတရုတ်က အလိုရှိတဲ့ တရားခံတွေပါပဲ။ ဒါကိုပဲပြည်ဖျက် မီဒီယာတွေက ဒီအထဲမှာ တရုတ်ကလိုချင်တဲ့သူတွေမပါတဲ့ အတွက် မြောက်ပိုင်းအဖွဲ့တွေက တိုက်ပွဲတွေ ဆင်နွှဲနေတယ်ဆိုတဲ့   ပုံစံတွေဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ အထူးသတိပြုရမယ့်အချက်တွေ ဖြစ်ပါတယ်။ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ပြည်သူများက  ဆန္ဒပြတာတွေရှိသလို မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့အဖွဲ့အစည်း အသီးသီးကလည်း   ကန့်ကွက ်ရှုတ်ချကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။  MNDAA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို အဓိက မြန်မာနိုင်ငံထဲမှာ သတင်းဖြန့်ပေးနေတာက  အနောက်နိုင်ငံရဲ့ အထောက်အပံ့တွေနဲ့ရပ်တည်နေတဲ့သတင်း ဌာနတွေဖြစ်ပါတယ်။ ဒါတွေဟာ နှစ်နိုင်ငံရဲ့ဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊   တရားဥပဒေစိုးမိုးရေးတွေမှာ အဓိကထား ဂရုပြုရမယ့်အချက်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ၊  ရှမ်းပြည်နယ်(အရှေ့မြောက်)    ဒေသမှာအွန်လိုင်းငွေလိမ်လည်မှုပြဿနာများနဲ့ ပတ်သက်ပြီး  တရားမဝင်  ဝင်ရောက်နေထိုင်တဲ့သူများ ရှာဖွေဖော်ထုတ်တာတွေ၊  ဖမ်းဆီးတာတွေ၊  လွှဲပြောင်းပေးတာတွေ ဆောင်ရွက်လျက်ရှိရာမှာ တရုတ်နိုင်ငံသို့  လွှဲပြောင်းပေးသူ ၁၁၆၈၇ ဦး၊ မိမိအစီအစဉ်ဖြင့်ထွက်ခွာသူ  ၃၇၉၃၆  ဦး စုစုပေါင်း ၄၉၆၂၃ ဦးရှိပြီး အချို့မှာ  ဆက်လက်လွှဲပြောင်းပေးရန်ကျန်ရှိနေသေးတယ်လို့ သိရှိရပါတယ်။ အွန်လိုင်းငွေကြေးလိမ်လည်မှုကို ပြည်ပြေးရာဇဝတ်မှုကျူးလွန်ထားတဲ့ ရာဇဝတ်သားတွေက  မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ လက်နက်ကိုင ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နှစ်နိုင်ငံလုံးကို လိမ်လည်နေတာဖြစ်လို့  နှစ်နိုင်ငံလုံးက ပြည်သူတွေနစ်နာရတာ ဖြစ်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေ) 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ်များဖြစ်တဲ့ ဖျက်သင်္ဘော Zi Bo၊  ဖရီးဂိတ်စစ်ရေယာဉ်  Jing   Zhou  နှင့်ထောက်ပံ့ရေးစစ်ရေယာဉ်  Qian Dao Hu တို့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို မြန်မာ-တရုတ်ရေကြောင်းလုံခြုံရေးဆိုင်ရာ    ဆောင်ရွက်ရန်နဲ့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ၂၀၂၃ ခုနှစ်နိုဝင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာပါတယ်။  မြန်မာ့တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတာဝန် ရှိသူများ၊  မြန်မာနိုင်ငံ တရုတ်ကုန်သည် များအသင်း  တရုတ်-မြန်မာဗုဒ္ဓဘာသာအသင်းတို့မှ   သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြပါတယ်။

အဆိုပါ စစ်ရေယာဉ်များမှာ လိုက်ပါလာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ  အရာရှိ၊ စစ်သည်များသည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းတွေ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဟာ မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေဖြစ်သလို ဆွေမျိုးပေါက်ဖော် နိုင်ငံတွေလည်း ဖြစ်ပါတယ်။  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို  လေးစားလိုက်နာပြီး နှစ်နိုင်ငံအစိုးရနဲ့   တပ်မတော်နှစ်ရပ်အကြားမှာ ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုတွေရှိပါတယ်။  နိုဝင်ဘာလ  ၂၈  ရက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)မှအရာရှိ၊ စစ်သည်တွေ ရန်ကုန်မြို့ထဲမှာလေ့လာခြင်း၊      ပင်လယ်ပြင် လက်တွေ့လုပ်ငန်းအတွက်  ဆွေးနွေးမှုတွေပြုလုပ်ခြင်း၊   မြန်မာ့တပ်မတော်(ရေ) မှ အရာရှိ၊  စစ်သည်များအနေနဲ့တရုတ်ရေတပ် စစ်သင်္ဘောတွေပေါ်မှာ တက်ရောက်လေ့လာခြင်းတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင်သန်လျင်မှာရှိတဲ့ စာသင်ကျောင်း တစ်ခုကို    တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(ရေ)က တာဝန်ရှိသူတွေက   ကျောင်းသုံး စာအုပ်တွေ၊ ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

အခုလိုမျိုးမြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ချစ်ကြည်ရင်းနှီးနေတာကို အမေရိကန်နဲ့ အပေါင်းအပါ အနောက်အုပ်စု မကြိုက်နှစ်သက်ကြပါဘူး။  ဒါကြောင့်လည်း  တစ်ဖက်က မြန်မာ-တရုတ်ကို  ရန်တိုက်ပေးနေသလို တစ်ဖက်က မြန်မာနိုင်ငံမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်နေတာလည်း လယ်ပြင်မှာဆင်သွားသလို ထင်ရှားလှပါတယ်။  ထူးထူးခြားခြားသတင်းတစ်ခုကတော့ အမေရိကန်အစိုးရရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ USIP (United State Institute of Peace) ဆိုတဲ့  အဖွဲ့အစည်းကနေ  သူ့ရဲ့သုတေသနစာတမ်းတွေကို အမှီပြုပြီး အနောက်နိုင်ငံမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဝါဒဖြန့်နေပါတယ်။ 

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေပိုပြီး ဆိုးဝါးသွားအောင် သုံးသပ်တင်ပြ၊ ဦးတည်တင်ပြတာတွေ  လုပ်ဆောင်နေပါတယ်။ အရေးကြီးတဲ့ သုံးသပ်ချက်ကတော့ လက်နက်စွဲကိုင်ပြီး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ စစ်ဘုရင်ဝါဒလိုဟာမျိုးဖြစ်မှာမဟုတ်ဘူး။ ဓားပြဆန်ဆန် အဖွဲ့အစည်းမျိုးတွေ ဖြစ်မလာနိုင်ဘူး။  တစုတစည်းတည်းရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ပဋိပက္ခကြီးထွားလာအောင် မီးထိုးပေးတဲ့သဘောပဲ ဖြစ်ပါတယ်။   မြန်မာနိုင်ငံအရေးကိုပေါ်ပေါ် ထင်ထင်ဝင်ရောက်စွက်ဖက်တာဖြစ်လို့ မြန်မာတစ်ယောက်အနေနဲ့ လုံးဝ(လုံးဝ)ရှုတ်ချသလို  မြန်မာပြည်သူတစ်ရပ်လုံးကလည်း   အော့နှလုံးနာစွာ၊   ရွံရှာစက်ဆုပ်စွာ ကန့်ကွက်ရှုတ်ချကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ အကြမ်းဖက်သောင်းကျန်းသူ MNDAA  ရဲ့လုပ်ရပ်တွေ၊ သူတို့ရဲ့သမိုင်းကြောင်းတွေ ပြန်ကြည့်မယ်ဆိုရင် ဒီအဖွဲ့တွေရဲ့   အဓိကလုပ်ငန်းဟာ ဘိန်းမှောင်ခိုကူးခြင်းဖြစ်ပြီး   ဘိန်းနဲ့ပတ်သက်တဲ့ ထင်ရှားတဲ့ သမိုင်းသာဓကတွေရှိပါတယ်။ အခုဆိုရင် မြန်မာ-တရုတ်နှစ်နိုင်ငံ  ကုန်သွယ်ရေးနဲ့နှစ်နိုင်ငံရဲ့   အကျိုးစီးပွားကို ပျက်စီးအောင် လုပ်ဆောင်နေတာတွေဟာလည်း  ဒီအကြမ်းဖက်အဖျက်သမားတွေဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့  ဘယ်သူတွေရှိနေတယ်ဆိုတာ  အားလုံးသိရှိပြီး ဖြစ်ပါတယ်။  ဒါ့ကြောင့်မို့ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့  တရုတ်နိုင်ငံမှာရှိကြတဲ့ အစိုးရ၊ တပ်မတော်နဲ့ပြည်သူများအားလုံးက မဟာဗျူဟာ    မိတ်ဖက်ဆက်ဆံရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ခိုင်မြဲသည် ထက်ခိုင်မြဲအောင် ကြိုးစားကြရမှာဖြစ်ပြီး  တစ်ဖက်ကလည်း နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လုပ်ဆောင်နေကြတဲ့   အကြမ်းဖက် အဖွဲ့အစည်းအားလုံးနဲ့    သူတို့ကိုနောက်ကွယ်က ကြိုးကိုင်ပံ့ပိုးပေးနေတဲ့ နိုင်ငံသားများကို  ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ရှုတ်ချရမှာဖြစ်ပါကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)