စာဆိုတော်နေ့မှသည် အမျိုးသားစာပေအလေးထားမြတ်နိုးရေး

 

စာဆိုတော်နေ့မှသည် အမျိုးသားစာပေအလေးထားမြတ်နိုးရေး

မေတ္တာမိုးနှင်း(ပဲခူး)

နတ်တော်လသည် မြန်မာ့တစ်ဆယ့်  နှစ်လရာသီတွင် ကိုးလမြောက်ဖြစ်သည်။  ရာသီ အားဖြင့် ဓနုရာသီ၊ စန်းယှဉ်နက္ခတ်မှာ မိဂသီ၊ ရာသီရုပ်မှာ လေးဆွဲ ထားသော ယောကျ်ား ရုပ်ဖြစ်ပြီး ရာသီပန်းကား သဇင်ပန်းဖြစ်သည်။ နတ်တော်လ ဟု ခေါ်တွင်သည်မှာ ထိုလ တွင် ရှေးယခင်ကနတ်ကို ပူဇော်ပသရခြင်းကြောင့် “နတ်ပျော်လ” ဟု ခေါ်တွင်ရာမှနောင် တွင် “နတ်တော်လ”ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြ သည်။ စာဆိုဦးပြုံးချိုမှ “ငွေနှင်းကယ်တဲ့ မှုန်ဝေေ၀၊ ပျံ့မွှေးခိုင်သဇင်နှင့်၊ ဂမုန်းအင် ပန်တော်ဦးကြတယ်၊ ထူးတဲ့လေပ၊ မိဂသီ ပုဏ္ဏာလင်းပါလို့၊ ရွှေဟင်္သာ့တာရာငွေလို၊ ဖြာဖြာဝေလျက်စံကွန့်မြူး” ဟူ၍ရေးဖွဲ့ခဲ့သည်။ ရှေးပုဂံခေတ်ကျောက်စာများ၌ နတ်တော်လကို နတ္တာဝ်၊ နတ္တဝ်ဟုရေး ထိုးထားကြောင်း တွေ့ရသည်။ နတ်တော် လတွင် ကောက်သစ်ငယ်တို့ပေါ်ဦးဖြစ် သဖြင့် ကောက်သစ် စားပွဲ များကိုပျော်ရွှင်စွာ ကျင်းပသောလလည်းဖြစ်သည်။ နတ်တော်လ၏အဓိပ္ပာယ်မှာ အရှင် နတ်မင်း (နတ်တော်) များကို ပူဇော်ပသ သောလဟုဆိုလိုသည်။ ပုဂံမင်းအဆက်ဆက် တို့ ပုပ္ပားတောင်သို့တက်၍ မဟာဂီရိနတ် ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိကြသည်။

အနော်ရထာမင်းနန်းတက်စဉ် နတ်ကိုးကွယ်မှုကို နှိမ်နင်းဖျက်သိမ်း၍ ဗုဒ္ဓဘာသာကို ကိုးကွယ်စေခြင်းဖြင့် စာပေဖြင့် ကျော်ကြားသောရဟန်းရှင်လူ စာဆိုများကို ချီးမြှင့်ခြင်း၊ ပူဇော်ကန်တော့ ခြင်းများပြုလုပ်ပြီးစာဆိုတော်ပွဲအဖြစ် ကျင်းပကြသည်။ ယခုခေတ်၌မူ စာဆို တော်ဟူသော ဝေါဟာရသည် ပြည်သူ့ စာပေလုပ်သား၊ စာရေးဆရာအားလုံး နှင့် သက်ဆိုင်သောကြောင့် စာရေးဆရာများကို စာဆိုတော်ဟု ခေါ်ဆိုကြလေသည်။

ယခုအခါနှစ်စဉ်နတ်တော်လဆန်း(၁)ရက်နေ့၌ ထူးချွန်စာဆိုတော်များအား ဆုချီးမြှင့် ခြင်း၊ သက်ကြီးစာဆိုတော် များအား ဂါရဝပြုကန်တော့ခြင်းများဖြင့် စာဆိုတော်ပွဲကို ကျင်းပကြ သည်။ စာရေးဆရာအသင်း၁၉၃၉ ခုနှစ် မတိုင်မီက စာရေးဆရာများအသင်းဟူ၍ မရှိသေး ဘဲစာရေးဆရာအချို့ ဖွဲ့စည်းထားသော “ကလောင်အဖွဲ့” တစ်ခုသာ ရှိခဲ့သည်။

၁၉၃၉ ခုနှစ်တွင် အင်္ဂလိပ်စာရေးဆရာကြီး အိပ်၊ ဂျီ၊ ဝဲလ် မြန်မာနိုင်ငံသို့ အလည် အပတ် ရောက်လာသောအခါ စာရေးဆရာများက စုပေါင်း၍ ကျင်းပသောဧည့်ခံပွဲနှင့် ဆရာကြီး ပီမိုးနင်းကွယ်လွန်၍ဈာပနကိစ္စတို့တွင် စာရေးဆရာများ စုစည်းမိ ကြရာမှ ဒီးဒုတ်ဦးဘချို ဦးဆောင်ပြီး စာရေးဆရာများအသင်းကို ထူထောင်ကြ သည်။ မူလက “မြန်မာနိုင်ငံစာရေး ဆရာများအစည်းအရုံး” ဟု ခေါ်တွင်ခဲ့ သည်။ ဂျပန်ခေတ်တွင် စာရေးဆရာများ အသင်းကို ပြန်လည်စုစည်းခဲ့ပြီးလျှင် “မြန်မာနိုင်ငံ စာရေးဆရာများအသင်း” ဟု မှည့်ခေါ်ခဲ့သည်။

စာဆိုတော်နေ့ကျင်းပခြင်း ပထမဆုံးအကြိမ် စာဆိုတော်နေ့အဖြစ်၁၉၄၄ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့နံနက်ပိုင်းတွင် ကန်တော်ကြီးစောင်းရှိ မြိုင်ပြဇာတ်ရုံ၌ သက်ကြီးစာဆိုတော်ကြီးများ ကို စာရေးဆရာများက လက်အုပ်ချီကန်တော့ ခဲ့ကြသည်။ ပထမဆုံးအကြိမ်စာဆိုတော်  နေ့အထိမ်းအမှတ် ပဒေသာကပွဲတွင် ဦးပုည၏ ဝိဇယ ပြဇာတ်လာဇာတ်ဝင်ခန်း တစ်ခန်းသည်လည်း ကပွဲအစီအစဉ်တစ်ခု အဖြစ်ပါဝင်ခဲ့သည်။ ထိုဇာတ်ဝင်ခန်းကို အခြေပြု၍ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ တွင် ဝိဇယပြဇာတ်ကို ဇာတ်ကြီးအဖြစ် ကပြခဲ့လေသည်။

၁၉၄၅ ခုနှစ်တွင် စာဆိုတော်နေ့ အခမ်းအနားကို မြန်မာနိုင်ငံစာရေးဆရာ အသင်းမှ ကြီးမှူးကျင်းပခဲ့သည်။ ထိုနှစ် စာဆိုတော်နေ့တွင် ပညာရှိစာဆိုအမတ်ကြီး ဦးပေါ်ဦးကို ဂုဏ်ပြုသောအားဖြင့် ဦးပေါ်ဦး ပြဇာတ်ကပြခဲ့သည်။ စာဆိုတော်ကြီး များကိုလည်း ကန်တော့ခဲ့ကြသည်။

ထို့နောက်နှစ်စဉ်နှစ်တိုင်းစာဆိုတော်နေ့ အထိမ်းအမှတ်ပွဲများကို မြို့နယ်များ၌ပါ ကျင်းပ လာခဲ့သည်။ စာပေအဖွဲ့အစည်းများ၊ ကျောင်းဆရာများနှင့် လူငယ်အဖွဲ့အစည်း များက ကြီးမှူးကျင်းပလေ့ရှိရာ ယင်းအခမ်း အနားများတွင် စာပေပြိုင်ပွဲများ၊ စကား ရည်လုပွဲများ၊ ပဒေသာကပွဲများကိုပါ ထည့်သွင်းကျင်းပခဲ့ကြသည်။

ရန်ကုန်မြို့တွင်မူ စာရေးဆရာအသင်း က ကြီးမှူး၍ စာဆိုတော်နေ့ အထိမ်း အမှတ်အဖြစ် နံနက်ပိုင်း၌ စာဆို တော်ကြီးများကို ကန်တော့ခြင်း၊ စာရေး ဆရာအသင်းဥက္ကဋ္ဌက စာပေ ဆိုင်ရာ မိန့်ခွန်းမြွက်ကြားခြင်း၊ ညပိုင်း၌စာပေ ဆိုင်ရာပြဇာတ် သို့မဟုတ် ပဒေသာကပွဲ ကပြလာခဲ့သည်မှာ ၁၉၅၀ ပြည့်နှစ်အထိ ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် ကျင်းပသော စာဆိုတော်နေ့ အခမ်းအနားကို လူထုအခမ်းအနားကြီး တစ်ခု အသွင် စတင်ကျင်းပကာစာဆို တော်နေ့ကို ပြည်သူတစ်ရပ်လုံး၏ နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့ကြလေသည်။ ထိုအချိန်မှစ၍ စာဆိုတော်နေ့ အထိမ်းအမှတ်ကျင်းပရေး အစဉ် အလာသည် နိုင်ငံတစ်ဝန်း ပိုမိုကျယ်ပြန့်လာသည်။

စာရေးဆရာများသည် ပြဇာတ်ကခြင်း၊ ပဒေသာကပွဲကပြခြင်းဖြင့် ပြည်သူလူထု အား စာပေအသံ လှုံ့ဆော်ပေးရုံသာမကဘဲ ရှေးဦးစွာရန်ကုန်မြို့အတွင်း ရပ်ကွက် အသီးသီး၌ စာပေဟောပြောပွဲများ စတင် ကျင်းပလာခဲ့ကြသည်။ စာပေဟောပြောပွဲ များကိုပြည်သူ အများက လက်ခံလာသည်  နှင့်အမျှ နောက်ပိုင်း စာဆိုတော်နေ့အထိမ်းအမှတ်ပွဲများတွင် နိုင်ငံတစ်ဝန်းစာပေ ဟောပြောပွဲများကိုပါ ကျင်းပလာခဲ့ကြလေသည်။

စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် ပြဇာတ်ကပြသော အစဉ်အလာသည် ၁၉၅၈ ခုနှစ် တွင် အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း၌ စာဆိုတော်နေ့အထိမ်းအမှတ် အဖြစ် စာပေရေးရာ စာတမ်းများ ပြုစု  တင်သွင်း ဆွေးနွေးခြင်းအစဉ်အလာသည်ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ ၌ စတင် ပေါ်ပေါက်လာခဲ့ပြီး မြို့နယ်အသီးသီး၌ စာပေဟောပြောပွဲအစဉ်အလာသည် ပိုမို ကျယ်ပြန့်လာခဲ့သည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေ ဟောပြောပွဲများသည် မြန်မာနိုင်ငံတစ်လွှားကျယ်ပြန့်များပြားလာခဲ့သည်။ မြို့နယ် အဆင့် စာပေဟောပြောပွဲများ၊ ကျောင်းအလိုက်စာပေဟောပြောပွဲများ၊ လုပ်ငန်းဌာနအလိုက် စာပေဟော ပြောပွဲများအပြင် ရေးသူဖတ်သူဆွေးနွေး ပွဲများ၊ စာဖတ်ပရိသတ် ကလက်ရှိ စာပေ  အခြေအနေကို စာတမ်းပြုစုဖတ်ကြားပွဲများနှင့် စာရေးဆရာများ ပြည်သူ့ဘဝ လေ့လာ ရေးအစီအစဉ်များကိုပါ ကျင်းပပြုလုပ်လာခဲ့သည်။ စာပေဆုများတွင် နိုင်ငံတော် အဆင့် အမြင့်ဆုံးစာပေဆုဖြစ်သည့် အမျိုးသားစာပေဆုကို ၁၉၄၈ ခုနှစ်က စတင်ပြီး အသွင်အမျိုးမျိုးဖြင့် ချီးမြှင့်ခဲ့ ခြင်း ဖြစ်ပါသည်။ “စာပေဗိမာန် ကာလပေါ်  ဝတ္ထုဆု” မှ “စာပေဗိမာန်ဆု” ၊ “အနုပညာစာပေဆိုင်ရာဆု”၊ “အမျိုးသားစာပေဆု”စသည်ဖြင့် ဆု အမည်ကို ပုံသဏ္ဌာန် အမျိုးမျိုးပြောင်းလဲချီးမြှင့်ခဲ့ပြီး ဆုချီးမြှင့် မည့် ဘာသာရပ်များ၊ ဆုငွေများကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်အထိ ဆိုပါက နှစ်ပေါင်း ၇၅ နှစ် စိန်ရတုကာလ တိုင်ခဲ့ပြီဖြစ်ပါသည်။ ဘာသာရပ်များ ကိုလည်း တိုးမြှင့်သတ်မှတ်ပြီး ချီးမြှင့်လာ ခဲ့သည်မှာ အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုးနှင့် “စာပေဗိမာန်စာမူဆု”  ဘာသာရပ် ၁၃ မျိုးအထိ ဆုချီးမြှင့်ပေးလျက်ရှိပါသည်။

အမျိုးသားစာပေအလေးထားမြတ်နိုးတန်ဖိုးထားစေရေးလူ့လောကကြီးတစ်ခုလုံးတိုးတက်ပြောင်းလဲနေသည်မှာစာပေ၏ဂုဏ်ကျေးဇူးကြောင့်ပင်ဖြစ်သည်။ စာပေသည် လူမျိုးတစ်စု ၏ယဉ်ကျေးမှုပင်ဖြစ် သည်။ “စာပေမြင့်မှလူမျိုးတင့်မည်” ဟူသည်ကား မိမိစာပေကို ချစ်မြတ်နိုးပြီး လေ့လာမှတ်သားမှသာ မိမိလူမျိုးကြီးပွား တိုးတက်မည်။ မျိုးချစ်စိတ်များ နိုးကြားပြီး မိမိတိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်မြတ်နိုးမည်။ “အလိမ္မာစာမှာရှိ” ဆိုသည့် အတိုင်း စာပေဖတ်ခြင်းဖြင့် လိမ္မာယဉ်ကျေးသော လူသားများအဖြစ် ရပ်တည်နိုင်မည်။

ထို့ကြောင့်ပင်ဆရာတော်ရှင်မဟာရဋ္ဌသာရ က “စာပေစကားနေ့တိုင်းကြားက၊ ထူးခြား လိမ္မာ၊ ရှိသည်သာတည့်” ဟူ၍ ဆုံးမခဲ့ပေသည်။ စာပေသည်အနုသုခုမ ပညာရပ် အားလုံး တို့၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ ယဉ်ကျေးမှုဟူသောအနုသုခုမပညာများ၏ အသက် သွေးကြောဖြစ်သည်။

ယခုခေတ်မီတိုးတက်နေသောခေတ်၌ မည်သည့်စာပေအမျိုးအစားကိုမဆို ရှာဖွေ လေ့လာဖတ်ရှုခွင့်ရနေကြပြီဖြစ်သည်။ ပညာဖြင့် ဦးဆောင်နေသောခေတ်တွင် စာပေကို လျစ်လျူရှု၍မရပါ။ နည်းပညာ  ဟူသမျှသည်စာပေကိုအခြေခံထားသည်သာဖြစ်သည်။ စာပေကိုလေ့လာမှသာလျှင် အသိပညာဗဟုသုတရရှိပေမည်။ သုတစာပေသည် ဗဟုသုတ တိုးပွားစေသကဲ့သို့  ရသစာပေသည်လူမှုဘဝတိုးတက်ရေး အတွက်ပြုမူနေထိုင်ရန် လမ်းညွှန်သင်ခန်းစာပေးထားခြင်းပင်ဖြစ်သည်။ စာပေဖတ်သူသည် ဗဟုသုတ ကြွယ်ဝရုံ သာမကနှလုံး သားလည်းနူးညံ့သိမ်မွေ့သည်။ ထို့ကြောင့်ယဉ်ကျေးမှုဟူသည်လည်း စာပေ ၏ ဂုဏ်အင်တစ်ပါးပင်ဖြစ်သည်။ စာပေ မပျောက်လျှင် ယဉ်ကျေးမှုမပျောက်ပါ။ ယဉ်ကျေးမှုမပျောက်လျှင်လူမျိုးလည်း မပျောက်ပါ။ အမျိုးသားစာပေကို မြတ်နိုးတွယ်တာ လျက် မြင့်မားအောင်ကြိုးစားသောကြောင့်သာ ကမ္ဘာ့အလယ်တွင် မြန်မာဟုတင့်တယ်စွာ ရပ်တည်နေနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့်စာဆိုတော်နေ့တွင် နိုင်ငံတော် အစိုးရကစာဆိုတော်များကို စာပေဗိမာန် စာမူဆု၊ အမျိုးသားစာပေဆု၊ အမျိုးသား စာပေတစ်သက်တာဆု စသည်တို့ကို နတ်တော်လရောက်တိုင်းနှစ်စဉ်ချီးမြှင့် ပေးလျက်ရှိပါသည်။

ဆုချီးမြှင့်ရာတွင် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ပြဇာတ်၊ ကဗျာဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာစာပေဆု၊ ကလေး စာပေဆု၊ လူငယ်စာပေဆု၊ ဘာသာ ပြန်ဆု၊ သုတပဒေသာဆု စသည်ဖြင့် ဆုများစွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိပါ သည်။ စာဆိုတော်ကြီး များ ရေးသား သီကုံးခဲ့ကြသော စာပေများကားတိုင်းပြည် အကျိုး၊ လူမျိုးအကျိုး၊ လူသား အကျိုးစီးပွား တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်သောကြောင့် ချီးမြှင့် ခြင်းပင် ဖြစ်သည်။

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်း အနားကို ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်း တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်၍ စာပေဆုများပေးအပ် ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာ စကားပြောကြားရာတွင် “စာပေသည် လူမျိုး ၏ ယဉ်ကျေးနှုမဏ္ဍိုင်ဖြစ်ပါကြောင်း ၊ စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံဖြစ် ပါကြောင်း၊ စာအုပ်စာပေများသည် လူ့မိတ်ဆွများဖြစ်ပြီး စာပေမြင့်မှလူမျိုးတင့်မည် ပင် ဖြစ်ပါကြောင်း၊ စာပေသည် နိုင်ငံ၏ ယဉ်ကျေးမှု အဆင့်အတန်းနှင့် အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ပေးပါကြောင်း ၊ “ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်” ဆိုသည့် သတိပေး ဆိုရိုးစကားအတိုင်းလိုက်နာပြီး ယဉ်ကျေးမှုမပျောက်ပျက်အောင် ခိုင်ခံ့တည်မြဲအောင်ဆက်လက်တည်ဆောက်ရန်မှာ နိုင်ငံသားအားလုံး၏တာဝန်ဖြစ်သည် ကို အသိပေးပြောကြားလိုပါကြောင်း” ဖြင့် ပြောကြားခဲ့ ပါသည်။

၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် ပုံမှန်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၇၅၄  အုပ်ထဲမှ အမျိုးသားစာပေဆုအတွက်သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုး အနက် ဘာသာရပ် ၁၁ မျိုးကို စိစစ်  ရွေးချယ်နိုင်ခဲ့ပြီး စာပေဗိမာန်စာမူဆုတွင်ပြိုင်ပွဲဝင် စာမူ ၂၇၇ ခုထဲမှ ဘာသာရပ် ၁၃ မျိုးစလုံးအတွက် ဆုချီးမြှင့်ရန် ထိုက်တန် သည့် စာမူပေါင်း ၂၉ ခုကို ရွေးချယ်ခဲ့ကာ ဆုများချီးမြှင့်ခဲ့ပါသည်။

အမျိုးသားစာပေတစ်သက်တာဆုကို  ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီး များကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက်တစ်နှစ် အရေအတွက်တိုး၍ ချီးမြှင့် လာခဲ့ရာ၂၀၂၃ ခုနှစ်တွင်လည်း စာပေပညာရှင်ကြီးလေးဦးအထိ ချီးမြှင့် ခဲ့ပါသည်။

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်း အနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ” စာပေဆုနှင်းသဘင် ဂုဏ်ပြုတေး သီချင်းဖြင့် သီဆိုကပြဖျော်ဖြေ ခဲ့ကြပါသည်။

တိုင်းပြည်နှင့်လူမျိုးကိုချစ်လျှင် မိမိနိုင်ငံ ၏စာပေကိုချစ်ရမည်။ စာပေကိုချစ်၍ စာပေတင့် မှသာလျှင် မိမိတို့လူမျိုးသည်လည်းကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ပေ လိမ့်မည်။ စာပေ သည်လူတို့၏စိတ်၌ဖြစ်၍လူတို့၏စိတ်၌ပင်ကိန်းအောင်းနေတတ်သည်။ လူတို့၏ စိတ်ကို ပြုပြင်ပြောင်းလဲ နိုင်သောအစွမ်းသတ္တိသည်စာပေ၌ရှိ၏။ စာပေထွန်းကားလျှင် လူမျိုး ထွန်းကား၏။ စာပေပျောက်လျှင်လူမျိုးပျောက်ပေလိမ့်မည်။

ထို့ကြောင့်မိမိတို့ လူမျိုး၏စာပေကို ဂရုစိုက်၍ စောင့်ရှောက်ကြရပေသည်။ စာပေချစ်စိတ် ရှိမှသာလျှင် လူမျိုး ချစ်စိတ်ပို၍ ကိန်းအောင်းလာမည်ဖြစ်သည်။ ထို့ကြောင့် “ဗမာပြည်သည်တို့ပြည်၊ ဗမာစာသည်တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကိုချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကိုလေးစားပါ” ဟူသည့် ကြွေးကြော်သံနှင့်အညီ စာပေကို မြတ်နိုး အလေးထားရန် ရေးသားလိုက်ရပေ သည်။ ။