၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော် အားကစားနည်းအလိုက် ပြိုင်ပွဲများနှင့် ဆုပေးပွဲများ ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်း၌ ယနေ့ညနေ ၃ နာရီတွင် ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့်ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ်များတက်ရောက်၍ ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် အမျိုးသမီးဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲတွင် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၇ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
အလားတူ တတိယနေရာလုပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နေရာအလိုက် တစ်ဦးချင်း အကောင်းဆုံးဆု ရရှိသူများကို ကျောင်းသားအားကစား ပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်ကလည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ အထိမ်းအမှတ်တံဆိပ်နှင့် ငွေသားဆုများကိုကျောင်းသားအားကစားပွဲတော် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက လည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ အထိမ်းအမှတ်တံဆိပ်နှင့် ငွေသားဆုများကို ကျောင်းသားအားကစားပွဲတော် ကျင်းပရေး ဦးစီးကော်မတီ နာယက ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ အထိမ်းအမှတ်တံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုဖလားကို ကျောင်းသားအားကစား ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြ သည်။
အလားတူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘော်လီဘော(အမျိုးသား၊အမျိုးသမီး) တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌လည်းကောင်း၊ ဘတ်စကက်ဘောပြိုင်ပွဲ(အမျိုးသား၊အမျိုးသမီး) ဆီမီးဖိုင်နယ်နှင့် တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲစဉ်များကို (C)ရုံ၌လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အသင်းက ပထမ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက တတိယ ရရှိကြပြီး အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အသင်းက ပထမ၊ ရှမ်းပြည်နယ်အသင်းက ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးအသင်းက တတိယရရှိကြသည်။
အမျိုးသမီးဘော်လီဘော တတိယ နေရာလုပွဲတွင် မကွေးတိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ပြီး အမျိုးသားဘော်လီဘော တတိယနေရာလုပွဲတွင် ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတွင် မန္တလေးတိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိကြကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား အားကစားပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ကျောင်းသားအားကစား ပွဲတော်ကျင်းပရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ဆုများပေးအပ်ချီးမြှင့်ရာ ဆုရရှိသည့် အားကစားမောင်မယ်များက လက်ခံရယူကြသည်။
ဒီဇင်ဘာလ ၁၅ ရက် (ယနေ့)တွင် အမျိုးသားဘောလုံး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။