ဂျိုဆေးရာမို့စ်ဟော်တာဆိုသူ တီမောလက်စတေသမ္မတကြီးအား သိစေချင်ပါသည်

 

ဂျိုဆေးရာမို့စ်ဟော်တာဆိုသူ တီမောလက်စတေသမ္မတကြီးအား သိစေချင်ပါသည်

အရှေ့တောင်အာရှက  ဧရိယာအသေးငယ်ဆုံး အရှေ့တီမော၊ တရားဝင်အမည် တီမောလက်စတေ ဆိုတဲ့ ကျွန်းနိုင်ငံငယ်ဟာ စတုရန်းမိုင်အားဖြင့် ၅၇၄၃ စတုရန်းမိုင်ပဲရှိပြီး လူဦးရေက တစ်သန်းတစ်သိန်းပဲရှိ ပါတယ်။ ပေါ်တူဂီကိုလိုနီလက်အောက်ခံနိုင်ငံဖြစ်ခဲ့ ဖူးတဲ့တီမောဟာ  အင်ဒိုနီးရှားလက်အောက်ကနေ ၂၀၀၂ ခုနှစ်ကမှ လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံပါ။ ၁၁ နိုင်ငံမြောက် အာဆီယံနိုင်ငံအဖွဲ့ဝင်အဖြစ်၂၀၂၂ ခုနှစ်ကမှ မူအားဖြင့် သဘောတူထားပြီးဖြစ်တဲ့ အရှေ့တီမောဟာ သမိုင်းကြောင်းမထင်မရှားနဲ့ သမိုင်းမှတ်တမ်း မှတ်ရာ များများစားစား မတွေ့ရတဲ့နိုင်ငံပါ။ အင်ဒိုနီးရှား တို့သိမ်းပိုက်ထားစဉ်ကာလမှာ အကြမ်းဖက်မှုအတော် များများဖြစ်ခဲ့ပြီး  ယခုလွတ်လပ်ရေးရပြီးနောက်မှာလည်း ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ဆဲပါပဲ။

သမ္မတက ဂျိုဆေးရာမို့စ်ဟော်တာဆိုတဲ့သူ။ ၂၀၀၈ ခုနှစ်က လုပ်ကြံခံရလို့ ပြင်းထန်စွာဒဏ်ရာရဖူးတယ်။ နိုင်ငံအခြေအနေမကောင်းတိုင်း့ြ နဲ့ သြစတြေးလျ လို နိုင်ငံခြားတပ်တွေ ခဏခဏဝင်ထိန်းနေရတဲ့နိုင်ငံ ရဲ့သမ္မတဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက မြန်မာနိုင်ငံ ထဲကို တရားမဝင်ခိုးဝင် ဝင်ရောက်ခဲ့ဖူးပြီး ကရင်ပြည် နယ် မာနယ်ပလောမှာ ၁၀ ရက်ကြာနေထိုင်ခဲ့ကာလူ့အခွင့်အရေးနဲ့   ဒီမိုကရေစီအရေးခေါင်းစဉ်နဲ့ သင်တန်းတွေကို ပို့ချခဲ့ဖူးသည်အထိ ဇရှိခဲ့သူပါ။

ဒီလိုသောင်းကျန်းသူနယ်စပ်ကို  ဟီးရိုးဆန်ဆန်ဝင်ရောက်ဖူးရုံနဲ့ မြန်မာနိုင်ငံအရေးနဲ့  မြန်မာသမိုင်းကြောင်းကို  ကောင်းကောင်းသိရှိသူတစ်ဦးအဖြစ် သူ့ကိုယ်သူ အထင်ကြီးနေပုံပါပဲ။ ရေနံကြွယ်ဝပြီး စီးပွားရေးက မကောင်း၊ အလုပ်လက်မဲ့ကများ၊ ဆင်းရဲမွဲတေ ပြီး စာမတတ်တဲ့နိုင်ငံရဲ့လူဦးရေထက်ဝက်လောက်ကို အုပ်ချုပ်နေရတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် သမ္မတ ဂျိုဆေးရာမို့စ်ဟော်တာဆိုတဲ့လူက သမိုင်းအစဉ်အလာ ကြီးမားတဲ့ မြန်မာနိုင်ငံ၊  မြန်မာလူမျိုးနဲ့ မြန်မာ့တပ်မတော်ကို  စော်ကားမော်ကားပြောခဲ့ခြင်းဟာ  အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှပါတယ်။

ဒီသမ္မတဟာ မြန်မာနိုင်ငံနဲ့ မြန်မာအရေးအပေါ် မကြာခဏဝင်ရောက်စွက်ဖက်ပြောဆိုလေ့ရှိသူပါ။ ယခုနှစ်  ဇူလိုင်လဆန်းတုန်းကလည်း  အာဆီယံထဲဝင်ရောက်ဖို့  စတင်လှုပ်ရှားစဉ်မှာ သူ့အနေနဲ့  မဆီမဆိုင် မြန်မာနိုင်ငံအရေးကို အာဆီယံအဖွဲ့ကြီးက မဖြေ ရှင်းနိုင်သေးတဲ့အပေါ်မှာ သူ့အနေနဲ့ ကသိကအောက် ဖြစ်ရကြောင်း၊ ဒါကြောင့် အာဆီယံအနေနဲ့ မြန်မာ အရေးကို မဖြေရှင်းနိုင်သေးရင် သူ့အနေနဲ့ အာဆီယံ ထဲ   ဝင်ရောက်မှာမဟုတ်သေးကြောင်း   မဆီမဆိုင် ဂလိုင်ခေါက်၊ တခြားအာဆီယံနိုင်ငံတွေကို ပိဿာလေး နဲ့ဘေးပိတ်ပေါက်သလို ပညာမဲ့စကား မဖွယ်မရာဆိုခဲ့ သူပါ။ ငါ့စကားနွားရ သူများခိုင်းစားတာခံနေရတဲ့ပုံ ပါပဲ။

သူနဲ့ပုလင်းတူဘူးဆို့ဖက် ဝန်ကြီးချုပ်ဇာနာနာဂက် စမိုဆိုတဲ့လူကလည်း မြန်မာခေါင်းဆောင်တွေကို စစ် အာဏာရှင်များအဖြစ်  သမုတ်ခဲ့ပြီး  အာဆီယံက မြန်မာကိုဖိအားပေးဖို့တောင်းဆိုခဲ့သူဖြစ်ပါတယ်။ ဇူလိုင် လဆန်းက  နိုင်ငံရဲ့သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဘုန်းကြီးရူးနဲ့လှေလူးဆိုသလို  အကြမ်းဖက်အဖျက် သမားတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်း ပြသခဲ့ပြီး  သူရထားတဲ့ငြိမ်းချမ်းရေးဆုကြီးနဲ့  ပြဒါးတစ်လမ်း၊ သံတစ်လမ်းလျှောက်ခဲ့သူဖြစ်ပါတယ်။

သူကပြောပါတယ်။  မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်း သူကောင်းကောင်းသိတယ်ဆိုပဲ။ သူ့ကိုယ်သူ မြန်မာနိုင်ငံအကြောင်း သူ့ထက်ပိုသိသူ ဘယ်ခေါင်းဆောင်မှ မရှိဘူးဆိုပြီး ဘဝင်မြင့်နေပုံပါပဲ။  ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းနဲ့ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်း သောင်းကျန်းမှုနဲ့ ပဋိပက္ခသမိုင်းကိုတော့ လေ့လာထား ဟန်မတူပါဘူး။ လူဦးရေတစ်သန်းလောက်သာရှိတဲ့ ရန်ကုန်မြို့ထက် အနည်းငယ်သာကျယ်တဲ့ ရန်သူမရှိ၊ သူပုန်မရှိ၊  ကျွန်းနိုင်ငံသေးသေးလေးကို အုပ်ချုပ်နေ တဲ့ သူ့ကိုယ်သူ ဒီမိုကရေစီဖခင်အမည်ခံ  သမ္မတကြီး တစ်ဦးရဲ့ ဂုဏ်ယူစွာပြောနေပုံက ကျွန်တော်တို့အတွက် တော့ ဘာမှအံ့သြစရာမရှိပါဘူး။

ကျွန်တော်တို့လို   နိုင်ငံဧရိယာနှစ်သိန်းခြောက်သောင်းကျော်ရှိပြီး လူဦးရေ ၅၅ သန်း လူမျိုးစုပေါင်း ၁၃၅ မျိုးနဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း ဆယ်ဂဏန်းရှိ တဲ့နိုင်ငံကိုသာ  အုပ်ချုပ်ရရင်  သူဘယ်လိုပြောမယ်မသိပါ။ ဒါကြောင့် သူ့ကိုပညာတတ်ပေမယ့် အကြမ်း ဖက်မှုကိုသာ အားပေးထောက်ခံတတ်သူ၊ ပညာမရှိသူ တစ်ဦးအဖြစ်သာ သတ်မှတ်ထိုက်ပါတယ်။

ဒီလူတွေရဲ့ မြန်မာနိုင်ငံအပေါ်မှာ သုံးသပ်ချက်တွေဟာ တလွဲတွေဖြစ်နေတယ်ဆိုတာ သူတို့ကိုယ် တိုင် မသိရှာကြပါဘူး။ ငြိမ်းချမ်းရေးဆုရခေါင်းဆောင် တစ်ဦးဖြစ်ပြီး ယူကရိန်းလိုပဲ မြန်မာသောင်းကျန်းသူ တွေထံ လက်နက်တွေပေးဖို့၊ မြန်မာနိုင်ငံမှာ  သွေး ချောင်းစီးဖို့ အနောက်နိုင်ငံတွေထံ တောင်းဆိုခဲ့ဖူး တယ်။ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်သူတွေကို သွေးခွဲစကားပြောခဲ့တယ်။ နိုင်ငံတော် ကိုတည်ဆောက်နေတဲ့  အစိုးရ၊ တပ်မတော်နဲ့ ရက် ရက်စက်စက်လူသတ်၊ ဗုံးခွဲ၊ ပြည်သူကြားတိုက်ပွဲဖော်၊ ဆေးရုံ၊ ကျောင်း၊ လမ်း၊ တံတားအကုန်ဖျက်ဆီးပြီး တိုင်းပြည်ကို   အလုံးစုံပျက်သုဉ်းအောင်လုပ်နေတဲ့ အကြမ်းဖက်ကြားမှာ   ခွဲခြမ်းစိတ်ဖြာမဆန်းစစ်နိုင်လောက်အောင်  အသိခေါက်ခက်  အဝင်နက်သူတွေ ဖြစ်နေရရှာပါတယ်။

ဒီဇင်ဘာလ  ၉  ရက်က  NUG  ကထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုမှာ ဂျိုဆေးရာမို့စ်ဟော်တာရဲ့ ပြောကြားချက်မှာ  မြန်မာ့တပ်မတော်မှာ  တာဝန် ထမ်းဆောင်နေကြတဲ့ အရာရှိ၊ စစ်သည်တွေအားလုံး လက်နက်ချပြီး ပြည်သူ့ဘက်မှာရပ်တည်ဖို့ ဝင်ရောက်စွက်ဖက်ပြောနေပုံဟာ တပ်မတော်ကိုဖြိုခွဲဖို့ ကြိုးစားရာ ရောက်လို့ အလွန်စော်ကားရာ၊ မတရားရာကျပါတယ်။ သမ္မတတစ်ယောက်အနေနဲ့ အလွန်မိုက်မဲလွန်း တယ်လို့တောင်ပြောလို့ ရပါတယ်။ သူ့ကိုကြည့်ရတာ မြန်မာနိုင်ငံမှာ တပ်မတော်ပြိုကွဲ၊ နိုင်ငံအစိတ်စိတ် အမြွှာမြွှာကွဲပြီး စစ်မီးပွားမှာ အလွန်မြင်ချင်နေပုံပါပဲ။

သူ့ရဲ့ဗီဒီယိုမိန့်ခွန်းက ပြောင်ပြောင်တင်းတင်းပြော ကြားချက်တွေဟာ နိုင်ငံတစ်နိုင်ငံအပေါ် အလွန်စွက် ဖက်ရာကျပါတယ်။ အဓိပ္ပာယ်လည်းမဲ့လွန်းပါတယ်။ပြည်သူဆိုတဲ့အဓိပ္ပာယ်ကိုမဖော်တတ်၊ မြန်မာ့ တပ်မတော်ကို ထောက်ခံပြီး    တည်ငြိမ်အေးချမ်းမှုကို လိုလားသူ ပြည်သူစစ်စစ်ဘယ်လောက်ရှိသလဲ၊ တည် ဆောက်နေသူကဘယ်သူလဲ၊    အဖျက်သမားက ဘယ်သူလဲခွဲခြားမသိ၊  ဆိုးရွားလွန်းတဲ့ မှတ်ချက်ပါ။ သူ့ရဲ့ပြောကြားနေပုံ ဒီဇိုင်းကိုကြည့်ရတာမှာ သူ့ရဲ့မျက်နှာအသွင်အပြင်ကအစ  မူမမှန်တာတွေ့ရပါတယ်။

ဒီလိုပညာမဲ့လွန်းတဲ့စကားမျိုးကို တစ်နိုင်ငံက တခြားတစ်နိုင်ငံအပေါ်ပြောခြင်းဟာ ကမ္ဘာ့ဘယ်နိုင်ငံ၊ ဘယ် ခေါင်းဆောင်မျိုးမှာမှ မရှိပါဘူး။ သူ့မျက်နှာမှာ မြန်မာ့ တပ်မတော်နဲ့မြန်မာခေါင်းဆောင်တွေကို မုန်းနေတဲ့ အာဃာတအမုန်းတွေ၊ မနာလိုဝန်တိုမှုလက္ခဏာတွေ တွေ့မြင်နေရတာဟာ နှစ်နိုင်ငံအရေး၊ ဒေသအရေး၊ ကမ္ဘာ့အရေးအတွက်တော့ အလွန်စိတ်မအေးစရာဖြစ် ပါတယ်။

ရာမို့စ်ဟော်တာအနေနဲ့ သူကိုယ်တိုင်တော်လှန် ရေးသမားဖြစ်ခဲ့တယ်ဆိုသော်ငြား ဒီမိုကရေစီတော်လှန်ရေး အဓိပ္ပာယ်နဲ့   အကြမ်းဖက်လမ်းစဉ်ပုံစံကို ကွဲကွဲပြားပြားခွဲခြားသိပုံလည်း မပေါ်ပါဘူး။ သမ္မတ သာဖြစ်လာတယ် သူ့ရဲ့မိန့်ခွန်းမှာပါတဲ့ ဒီမိုကရေစီနဲ့ တော်လှန်ရေးအကြောင်းပြောဆိုချက်တွေမှာ   ဒီမိုကရေစီကို ရေလဲသုံးပြီး   လူပြိန်းကြိုက်  လှုံ့ဆော်တက်ကြွသူပုံစံသက်သက်သာ တွေ့ရခြင်းအားဖြင့် သူဟာ လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်ဝါဒီတစ်ဦးသာဖြစ်မယ်လို့သုံးသပ်မိပါတယ်။  (သူကရင်ပြည်နယ်ထဲ သူရဲကောင်းကြီးတစ်ဦးသဖွယ် လှေနဲ့ခိုးဝင်ခဲ့ပုံကို ပြန်လည်အမှတ်ရမိခြင်း)။

သူဟာ မြန်မာလူမျိုးတွေမသုံးတဲ့ ရိုဟင်ဂျာအသုံး ကိုသုံးနှုန်းပြီး မြန်မာတိုင်းရင်းသားတွေကို စော်ကားခဲ့ တယ်။ သူဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို မြန်မာအရေး အာရုံစိုက်ပေးဖို့ တိုက်တွန်းခဲ့တယ်၊ ရန်ကုန်မြို့လူဦး ရေရဲ့ ခုနစ်ပုံတစ်ပုံလောက်သာ အုပ်ချုပ်ရတဲ့သမ္မတကြီးတစ်ဦးအနေနဲ့  သူများနိုင်ငံပြည်တွင်းရေး  ဒီလောက်နက်နက် ရှိုင်းရှိုင်း  ဝင်ရောက်စွက်ဖက်ချိန်ရအောင်  အချိန်တွေအတော်အားနေဟန်တူပါတယ်။ ဒါပေမဲ့ သမ္မတကြီး မေ့နေတာက ယနေ့ဂါဇာနယ်ထဲက သနားစရာ ပါလက်စတိုင်းလူမျိုးတွေနဲ့ ကလေးသူငယ် တွေပါပဲ။ တစ်သောင်းကျော်လောက် သေဆုံးပြီးဖြစ် တဲ့ ဂါဇာဒေသက ပါလက်စတိုင်းတွေအတွက် အမေ ရိကန်နဲ့အတူ သူအရေးမစိုက်အားပါဘူး။ ထိုဒေသမှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံတွေအပေါ်မှာလည်း စိတ်ဝင် စားပုံမပေါ်ပါဘူး။ တရားမျှတမှုကိုလိုလားရင် ယနေ့ ကမ္ဘာမှာ   ဒီမိုကရေစီအင်အားကြီး နိုင်ငံတစ်ခုက အင်အားနည်းတဲ့ နိုင်ငံတွေအပေါ် ကျူးကျော်ဖြုတ်ချ၊ တိုင်းပြည်ဖြိုခွဲ၊ ထိုနိုင်ငံကပြည်သူတွေ ယနေ့လက်ရှိ ခံစားနေရတဲ့ ဒုက္ခတွေအတွက် တရားမျှတမှုကို ဘယ် လိုရှာဖွေပေးနိုင်ပါမလဲ၊ ဒီမေးခွန်းကိုမေးခဲ့ရင်  လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို   အလွန်လေးစားတဲ့ သမ္မတကြီးအနေနဲ့ ဘယ်လိုဖြေမလဲ သိချင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ထို့အတူပါပဲ၊ အကြမ်းဖက် လက်နက်ကိုင်တွေ ရက်ရက်စက်စက်သတ်ဖြတ်လို့ သေသွားကြရတဲ့၊ ဒုက္ခိတဖြစ်သွားကြရတဲ့ သံဃာတော်တွေ၊ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေအပါအဝင် အပြစ်မဲ့ဝန်ထမ်းနဲ့ ပြည်သူတွေအတွက်ရော မြန်မာပြည်သူတွေအတွက် လုပ်ပေးချင်ပါတယ်ဆိုတဲ့သမ္မတ ကြီးမှာ အဖြေရှိပါသလား၊ မြန်မာပြည်သူတွေအတွက် ဝေမျှပေးစေချင်ပါတယ်။ သမ္မတဂျိုဆေးရာမို့စ်ဟော်တာ သိစေချင်ပါတယ်။မြန်မာနိုင်ငံအရေးဟာ ထိုနိုင်ငံ၊  ထိုနိုင်ငံသားတွေရဲ့ ပြည်တွင်းရေးသာဖြစ်တယ်။   ဒေသအရေးလည်းမဟုတ်၊ နိုင်ငံတကာအရေးလည်းမဟုတ်၊ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက် နေခြင်းလည်း မရှိပါ၊ အရှေ့တီမောနဲ့ဆိုအဝေးကြီး၊ ဆိုင်လည်းမဆိုင်ပါ။ တစ်နိုင်ငံပြည်တွင်းရေး ဝင်မစွက်ကြေး  အာဆီယံမူနဲ့လည်း မညီပါ၊ အာဆီယံအဖွဲ့ဝင်ဖြစ်လာမယ့် နိုင်ငံတစ်နိုင်ငံအနေနဲ့ ယခုကတည်းက ဆင်ခြင်ထားသင့်ပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနဲ့အတူ   ဖြစ်ပေါ်လာတဲ့  မဲမသမာမှုတွေကြောင့် အရေးပေါ် အခြေအနေကြေညာခဲ့ရပြီး ယခုကာလဆောင်ရွက်ချက်တွေဟာ အရေးပေါ် ကာလပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်နေခြင်း ဖြစ်တယ်ဆိုတာ ဒီမိုကရေစီကိုလေးစားသူ သမ္မတကြီး သိဖို့လိုအပ်ပါတယ်။  ၂၀၀၈  ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များအတိုင်း  ရှေ့လုပ်ငန်းစဉ်ငါးရပ် ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ ရှေ့လုပ်ငန်းစဉ်ပါ အတိုင်းလည်း   လွတ်လပ်ပြီး  တရားမျှတတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပေးသွားမယ်၊ ပြီးရင် အနိုင်ရပါတီကို နိုင်ငံတော်တာဝန်ကို လွှဲသွားပေးမယ် စတဲ့အချက်တွေဟာ ဒီမိုကရေစီပြန်လည်ထူထောင်ရေး လက်တွေ့ကျတဲ့အချက်တွေဆိုတာ   ဂျိုဆေးရာမို့စ်ဟော်တာ သမ္မတကြီးသိနေဖို့လိုပါမယ်။   အာဆီယံတူညီဆန္ဒငါးချက်ကို အကောင်အထည် ဖော်ရာမှာလည်း မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်မစွက် ဖက်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လေးစားပြီး အာဆီယံပဋိညာဉ်စာတမ်းပါ အချက်တွေအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတာလည်း အကြိမ်ကြိမ် ကတိကဝတ်ပြုပြီးသား ဖြစ်ပါတယ်။   

အချုပ်အားဖြင့်တော့ မြန်မာနိုင်ငံအရေး ဘယ် လောက်နက်နဲကျယ်ပြန့်တယ်ဆိုတာ သမ္မတကြီးထက် မြန်မာနိုင်ငံပြည်သူတွေ၊ မြန်မာနိုင်ငံခေါင်းဆောင်များ နဲ့မြန်မာ့တပ်မတော်ကသာ   အသိဆုံးဖြစ်ပါတယ်။

နိုင်ငံတကာက ဘယ်ခေါင်းဆောင်ကမှ အသိဆုံးဖြစ်တယ်ဆိုတာလည်း မမှန်ပါဘူး။ မြန်မာ့အရေးစဉ်းစား ရာမှာ သမိုင်းကြောင်းနဲ့အမျိုးသားရေးစရိုက်လက္ခဏာများ၊  ကိုလိုနီစနစ်ကြောင့်ဖြစ်ရတဲ့စိတ်ဝမ်းကွဲပြားမှုများကို  ကြိုတင်သိနားလည်ထားဖို့လိုအပ်ပါတယ်၊၊

ကိုယ့်နိုင်ငံ၊  သူ့နိုင်ငံသမိုင်းကြောင်းတွေဟာ  တစ်ခုနဲ့ တစ်ခု မတူညီကြတဲ့အတွက်  ယခုလို ဝင်ရောက်စွက်ဖက် ပြောကြားချက်တွေဟာ  ဖိအားပေးသက်သက်သာဖြစ်တာကြောင့် အောင်မြင်မှုရနိုင်မှာမဟုတ်ဆိုတဲ့ အချက်ကို    တီမောလက်စတေခေါင်းဆောင်တွေ သိထားသင့်ပါတယ်။

ယခုလိုကာလမှာ မြန်မာနိုင်ငံအစိုးရနဲ့ပြည်သူတွေ ရဲ့ကြိုးစားမှုတွေကို နားလည်အောင်ကြိုးစားပြီး အပြုသဘောအားပေးမှုနဲ့  အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေကသာ  မြန်မာနိုင်ငံအပေါ်  ကူညီရာ ရောက်ပါမယ်။  သို့သော်  အရှေ့တီမောသမ္မတနဲ့ ဝန်ကြီးချုပ်တို့ဟာ မြန်မာနိုင်ငံအရေးအပေါ် ပြင်းပြင်း ထန်ထန်စွပ်စွဲပြောခဲ့ကြသူတွေမို့   ကျွန်တော်တို့ကလည်း မြန်မာနိုင်ငံတော်နဲ့ မြန်မာပြည်သူတွေကိုယ်စား သူတို့အပေါ်မှာ ယခုလိုပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်လိုက်ရခြင်းသာဖြစ်ပါတယ်။ အဆင့်တစ်ရပ်မှာ ရှိမနေသူတွေကို  ယခုလိုတုံ့ပြန်ခြင်းဟာ  မိမိနိုင်ငံ၊ မိမိလူမျိုး၊   မိမိတပ်မတော်အတွက် မှန်ကန်တယ်လို့ ခံယူမိပါတယ်။      ။

စွမ်းပြည့်