MNL ပြိုင်ပွဲတွင် ISPE အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို သုံးဂိုးပြတ်အနိုင်ရရှိ
ရန်ကုန် ဒီဇင်ဘာ ၁၆
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၂)အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ISPE အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ကစားခဲ့ရာ ISPE အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက နှစ်သင်းစလုံးခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှု များဖြင့် အကြိတ်အနယ်ရှိခဲ့ကာ အပြန်အလှန်ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း ဟံသာဝတီယူနိုက်တက် အသင်းက အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ပွဲချိန် ၂၈ မိနစ်တွင် သိန်းဇော် သီဟက ISPE အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းပြီးဆုံးချိန်တွင် ISPE အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဟံသာဝတီယူနိုက်တက်အသင်းက ချေပဂိုးနှင့်အနိုင်ဂိုးများအတွက် ပြန်လည်ဖိအားပေးခဲ့သော်လည်း အဆုံးသတ်ပိုင်းလိုအပ်ချက်များကြောင့် သွင်းဂိုးရရှိရန်ခက်ခဲခဲ့ပြီး ISPE အသင်းက ရရှိသည့် အခွင့်အရေးများမှတစ်ဆင့်ပွဲချိန် ၆၇ မိနစ်တွင် ဇာနည်ကလည်းကောင်း၊ ပွဲချိန် ၇၄ မိနစ်တွင် ဝင်းပြည့်မောင်ကလည်းကောင်း ဦးဆောင်ဂိုးများအသီးသီး သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ISPE အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ အဆိုပါပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို ISPE အသင်း ကွင်းလယ်ကစားသမား သိန်းဇော်သီဟက ဆွတ်ခူးနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၂)အဖြစ် ဒီဇင်ဘာလ ၁၇ ရက် (ယနေ့)ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်