ဘာစီလိုနာအသင်းက ခြေစွမ်းပိုင်းကျဆင်းနေသည့် တိုက်စစ်မှူး လီဝန်ဒေါစကီးကို လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန်ပြင်ဆင်နေ
ဘာစီလိုနာအသင်းက အသင်းဘဏ္ဍာရေးအကျပ် အတည်းများအဆင်ပြေစေရန် ခြေစွမ်းပိုင်းကျဆင်း နေသည့် တိုက်စစ်မှူးလီဝန်ဒေါစကီးကို လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ပြင်ဆင်နေကြောင်း သိရသည်။
အသက် ၃၅ နှစ်အရွယ် လီဝန်ဒေါစကီးသည် ၂၀၂၂ ခုနှစ် နွေရာသီကစားသမားအပြောင်းအရွှေ့ ကာလက ဘိုင်ယန်မြူးနစ်အသင်းမှ ဘာစီလိုနာအသင်း သို့ ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းဖြင့် ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်ပထမဆုံးဘောလုံးရာသီ၌ အကောင်းဆုံးခြေစွမ်းပြပြီး ဘာစီလိုနာအသင်း စပိန် လာလီဂါချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
သို့သော် လီဝန်ဒေါစကီးသည် ယခုဘောလုံးရာသီတွင် ဂိုးသွင်းအားကျဆင်းလျက်ရှိနေပြီး ချန်ပီယံ လိဂ်ပြိုင်ပွဲ၌ ငါးပွဲကစားခဲ့ရာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး စပိန်လာလီဂါပြိုင်ပွဲ၌လည်း ၁၄ ပွဲကစားခဲ့ရာ ရှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ဘာစီလိုနာအသင်းက နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ပြန်လည်ရောင်းချရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်းက လာမည့်ဇန်နဝါရီလကစား သမားအပြောင်းအရွှေ့ကာလတွင် လူငယ်တိုက်စစ်မှူး ဗစ်တာရိုကွေ့အနေဖြင့် အသင်းနှင့်လာရောက်ပူးပေါင်း မည်ဖြစ်သည့် အတွက် လီဝန်ဒေါစကီးကိုလက်လွှတ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
Ref;One Football