ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ . .
နိုင်ငံတစ်နိုင်ငံ စည်းလုံးညီညွတ်ပြီး အစဉ်ဖွံ့ဖြိုးတိုးတက်နေရန်မှာ ယင်းနိုင်ငံရှိ ခေါင်းဆောင်များ၏ စွမ်းဆောင်ရည်၊ ပြည်သူလူထု၏ အသိအမြင်နှင့် အတတ်ပညာများပြည့်စုံကြွယ်ဝမှုက များစွာအခရာ ကျလှပေသည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးခရီးရှည်ကြီးတွင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး အသက်နှင့် ခန္ဓာပေးအပ်ကာ ကာကွယ်စောင့်ရှောက်လျက်ရှိသည့် စစ်သည်တော်များသည် လည်း နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော သားကောင်းရတနာများ ဖြစ်ကြပေသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်မည့် ခေါင်းဆောင်ငယ်များအနေဖြင့် ဘိုးဘေးဘီဘင်အစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သည့် သမိုင်းအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းရမည့်အပြင် ကမ္ဘာ့ရေးရာ၊ နိုင်ငံ့ရေးရာများကိုလည်း နှံ့စပ်အောင် လေ့လာမှတ်သားနေရမည်ဖြစ်ပြီး အရေးကြီးဆုံးအချက်အနေဖြင့် မြန်မာ့သမိုင်းနှင့် ပထဝီနိုင်ငံရေး အနေအထားကို သိရှိသဘောပေါက်နားလည်ထားကြရပါမည်။ မျိုးဆက်သစ်ခေါင်းဆောင်ငယ်များသည် အမိမြန်မာပြည်၏ ပိုင်နက်နယ်မြေအား တစ်လက်မမျှ ကျူးကျော်မခံရအောင် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းလိုသည့် စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ် အပြည့်ရှိသည့် မျိုးချစ်ခေါင်းဆောင်များဖြစ်ရန် ယနေ့မျက်မှောက်ခေတ်မြန်မာ့အရေးနှင့် နိုင်ငံတကာရေးရာတို့ကို မျက်ခြည်မပြတ် လေ့လာဆည်းပူး စေလိုပါသည်။
ယနေ့ခေတ်တွင် နိုင်ငံတော်နှင့် တပ်မတော်အကြီးအကဲတို့သည် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် စွမ်းရည်ထက်မြက်သောခေတ်မီမျိုးချစ်တပ်မတော်တည်ဆောက်လျက်ရှိရာ သက်ဆိုင်ရာ စစ်တက္ကသိုလ်များနှင့် စစ်ကျောင်းကြီးများ အသီးသီးမှ မျှော်မှန်းချက်ကြီးမားစွာဖြင့် မွေးထုတ်ပေးလိုက်သည့် မျိုးဆက်သစ် ခေါင်းဆောင်များသည် အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိပြီး ကမ္ဘာ့နိုင်ငံများအလယ်တွင် တိုးတက်မြင့်မားသော ဂုဏ်အရှိန်အဝါဖြင့်ရပ်တည်နိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ထာဝရရှင်သန် ရပ်တည်နိုင်ရေးအတွက် ကျရာတာဝန်များကို စွမ်းစွမ်းတမံထမ်းရွက်နိုင်ရန် အထူးလိုအပ်ပါသည်။
ခေါင်းဆောင်ငယ်များသည် စိန်တစ်ပွင့်ကဲ့သို့ မာကျောတောက်ပြောင်၍ စူးရှသောအတွေးအမြင်ရှိပြီး အသွားထက်သည့် ဓားတစ်လက်ကဲ့သို့ ထက်မြက်သွက်လက်နေရပါမည်။ ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်၏ သမိုင်းအစဉ်အလာ ကောင်းများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် ခေါင်းဆောင်များအနေဖြင့် အမိမြန်မာနိုင်ငံတော်၏ အားထားရသော တက်ကြွသည့် နိုင်ငံ့သားကောင်းတစ်ဦး၊ စစ်မှန်လေးနက်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် သာမကဘဲ ပြည်သူက အားကိုးယုံကြည်ရသော တပ်မတော်သားကောင်း တစ်ဦးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေထိုင်သွားနိုင်ရေး ပေးအပ်လာသည့် တာဝန်များကို ဦးလည်မသုန်ထမ်းရွက်လိုသည့် စိတ်ဓာတ်များ အစဉ်အမြဲ ကိန်းအောင်းနေရမည်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးအသွင်...
လက်ရှိ လူဦးရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းမှာ ၅၆ ဒသမ၂ သန်းကျော်ရှိပြီး အများစုမှာ ဗုဒ္ဓဘာသာကိုးကွယ်ကြသူများဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်သည် မဇ္ဈိမပဋိပဒါလမ်းစဉ်အားကျင့်သုံး၍ သစ္စာလေးပါး မြတ်တရားအားသိမြင်ကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီး လူသားများအား လောဘ၊ ဒေါသ၊ မောဟများနှင့် ဆင်းရဲခြင်းချုပ်ငြိမ်း၍ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရေး တရားရေအေးတိုက်ကျွေးကာ လောကအကျိုး၊ သာသနာအကျိုးတို့အား လက်တွေ့ကျကျပြုမူ ဆောင်ရွက်ခဲ့မှုများသည် ဗုဒ္ဓဘာသာ ဝင်တိုင်းအတွက် အလေးအမြတ်ထားရာ ထာဝရအမှန်တရား (Universal Truth) အဖြစ် ခိုင်ခိုင်မာမာရှိနေမည် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာကိုးကွယ်သည့် မြန်မာနိုင်ငံသားများအနေဖြင့် ဗုဒ္ဓမြတ်စွာဘုရား ရှေ့ဆောင်လမ်းပြကျင့်သုံးခဲ့သည့် Middle Way, Middle Path အလယ်အလတ် လမ်းစဉ်နှင့်အညီ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည့်ကိစ္စရပ် များအား သယ်ပိုးဆောင်ရွက်ရာတွင် တစ်ဖက်အစွန်းမရောက်ဘဲ အဆိုးမြင်ဝါဒ (Pessimism) ကင်းဝေးပြီး အကောင်းမြင်ဝါဒ (Optimism) အား လက်ကိုင်ထား ဆောင်ရွက်နိုင်သူများ ဖြစ်စေရေး လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ မိမိတို့၏ ဘာသာတရားကို ကိုင်းရှိုင်းကြည်ညိုကြသကဲ့သို့ အခြားဘာသာဝင်များ၏ သက်ဝင်ယုံကြည်မှုများကိုလည်း လေးစားစွာ ဆက်ဆံကြရမည်ဖြစ်ပါသည်။
မိမိတို့တပ်မတော်သည် ပြည်သူထဲမှ ပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော် ဖြစ်သည့်အတွက် ပြည်သူလူထုယုံကြည်ကိုးကွယ် အထွတ်အမြတ်ထားရာ ဗုဒ္ဓဘာသာ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် အစဉ်စောင့်ရှောက်ကာကွယ်ရမည်ဖြစ်သည်။ ထူးကဲလေးနက်သည့် ဥပမာပြရမည်ဆိုပါက မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးအခြေအနေတွင် အဖျက်အမှောင့်အားပေး ပြည်ပနိုင်ငံအချို့နှင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG ၊ PDF ကဲ့သို့ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော် အကြမ်းဖက်မှုများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် နိုင်ငံတော်အား အဘက်ဘက်မှ ပျက်စီးယိုယွင်းစေရန် ဆောင်ရွက်လျက်ရှိသည့်ကြားမှပင် နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်၍ ထက်သန်သော သာသနာပြုစိတ်ဓာတ်ဖြင့် ကမ္ဘာတွင် ဉာဏ်တော်အမြင့်ဆုံးထိုင်တော်မူ မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်ကြီးအား တည်ထားကိုးကွယ် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများအကြား ထင်ရှားဂုဏ်ယူဖွယ်ကြီးမြတ်လှသော သာသနာ့မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် မျှဝေခံစား ကူညီတတ်ကြပြီး စိတ်သဘောထား ပွင့်လင်းရိုးသားသူများဖြစ်ကာ အေးချမ်းစွာ နေထိုင်လိုသူများဖြစ်ပါသည်။ သို့ရာတွင် အခြားတစ်ဖက်၌လည်း အကြမ်းဖက်အဖွဲ့အစည်းများသည် နည်းလမ်းမျိုးစုံဖြင့် သာသနာရောင်ဝါမှေးမှိန်အောင် ဆောင်ရွက် လျက်ရှိရာ မိမိတို့အထွတ်အမြတ်ထားရာ ဗုဒ္ဓဘာသာကို မည်သည့်အခြေအနေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မညှိုးနွမ်းစေရေးနှင့် ထာဝရရှင်သန်စေရေးတို့ အတွက် မားမားမတ်မတ် ရပ်တည်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင် ဗုဒ္ဓဘာသာသာသနာ ပေါ်ထွန်းလာမှုနှင့်အတူ မြန်မာ့ယဉ်ကျေးမှုက တစ်ပါတည်း ဒွန်တွဲဖြစ်တည်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတစ်နိုင်ငံ ရှင်သန်ရပ်တည်ရေးနှင့် နိုင်ငံတကာ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်စေရေးအတွက် ယဉ်ကျေးမှု (Culture) သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပေသည်။ မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာသာသနာနှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာသည့် သမိုင်းကြောင်းတည်ရှိနေခြင်းကြောင့် မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းရင်း သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရန်မှာ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှု
သည် ဗုဒ္ဓဘာသာကိုအခြေခံ၍ ကိုယ်ချင်း စာတရားအပြည့်ထားကာ လူသားချင်းစာနာထောက်ထားမှုကို အဓိကထားသော ယဉ်ကျေးမှုဖြစ်ပါသည်။ အားနာခြင်း၊ သိမ်မွေ့ခြင်း၊ ဖော်ရွေခြင်း၊ ရက်ရောခြင်း၊ ကူညီခြင်းများသည် မြန်မာ့ယဉ်ကျေးမှု၏ အဓိကကျသော စရိုက်လက္ခဏာများ ဖြစ်ပေသည်။
မိမိယဉ်ကျေးမှုကို မိမိတို့လေးစားရမည်ဖြစ်ပါသည်။ မည်ကဲ့သို့ အင်အား ကြီးမားသော နိုင်ငံပင်ဖြစ်ပါစေ ယဉ်ကျေးမှုမမြင့်မားပါကဝင့်ကြွားထည်ဝါမှု မရှိနိုင်ပေ။ ဥပမာအားဖြင့် တကောင်းခေတ်၊ သရေခေတ္တရာခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည့်ခေတ်အဆက်ဆက်တွင် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါ်ထွန်းခဲ့ကြပြီး ဘုရား၊ ပုထိုး၊ စေတီ၊ မြို့ရိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများက သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ညွှန်းလျက် ရှိပါသည်။ ထို့ပြင် ခေတ်အဆက်ဆက် ယဉ်ကျေးမှု၊ အသုံးအဆောင်၊ ရိုးရာ အစားအသောက်များသည် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၏ ခမ်းနားကြွယ်ဝမှုကို ထင်ဟပ်ပြသလျက်ရှိ နေပါသည်။ အလားတူ မြန်မာ့အနုပညာ ပန်း ၁၀ မျိုးသည် မြန်မာ့ယဉ်ကျေးမှု အနုပညာ၏ သိမ်မွေ့ပြီး ခက်ခဲနက်နဲသည့်ပညာရပ်များဖြစ်ပြီး မြန်မာ့တူရိယာများနှင့် သုခုမအနုပညာများသည်လည်း ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှု အနုပညာသမိုင်းကို ပုံဖော်လျက်ရှိပါသည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လည်ပတ်လေ့လာရာတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုသမိုင်းကြောင်းကို အလေးထား လေ့လာ လေ့ရှိပါသည်။ အလွန်ချမ်းသာသည့် အင်အားကြီးအနောက်နိုင်ငံကြီးများ၌ပင် တန်ဖိုးထားစရာ သမိုင်းမရှိ၊ ဝင့်ကြွားစရာ ရိုးရာအစားအသောက်များမရှိသဖြင့် Fast Food များကိုသာ အလေးပေး စားသောက်နေရကြောင်း တွေ့ရှိနိုင်ပါသည်။ သို့ဖြစ်၍ ခေါင်းဆောင်ငယ်များသည် မိမိတို့၏ ဘာသာသာသနာနှင့် ယဉ်ကျေးမှုသမိုင်းကြောင်းများကို သိရှိတန်ဖိုးထားပြီး သမိုင်းကိုသိမှ နိုင်ငံကို ချစ်မည်၊ ပထဝီသိမှ ပထဝီနိုင်ငံရေးအမြင်ရှိမည်ဖြစ်ကာ နိုင်ငံတော်ကိုချစ်မြတ်နိုးသော နိုင်ငံ့သားကောင်းများအဖြစ် ဝင့်ကြွားစွာရပ်တည်နိုင်ရေး အစဉ်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
တက်ကြွသည့် နိုင်ငံသားတစ်ဦး (Active Citizenship) အသွင်...
မြန်မာနိုင်ငံသည် အိမ်ကြီးတစ်လုံးဆိုပါက အိမ်သားတစ်ဦးအနေဖြင့်၊ နိုင်ငံသားတစ်ဦးအနေဖြင့် မိမိတို့၏အိမ်အတွက် ဘာတွေအကျိုးပြု ဆောင်ရွက်ခဲ့ပြီးပြီလဲ၊ လက်ရှိ ဘာတွေဆောင်ရွက်ပေးနိုင်ပြီလဲ... ဆိုသည်များကို မိမိကိုယ်မိမိ မေးခွန်းထုတ် ဆန်းစစ်ရန်လိုအပ်ပါသည်။ မိမိတို့ နေအိမ်လုံခြုံရေးနှင့် အဘက်ဘက်မှ အန္တရာယ်ဟူသမျှ ကာကွယ်ရေးအတွက် အိမ်သားတစ်ဦးချင်းတွင် တာဝန်ကိုယ်စီရှိပါသည်။ အိမ်တစ်အိမ်အတွက် မိသားစုစိတ်ဓာတ်သည် အရေးကြီးဆုံးဖြစ်သကဲ့သို့ မိမိတို့နိုင်ငံအတွက်မူ မိမိတိုင်းရင်းသား
ညီအစ်ကိုမောင်နှမများအားလုံးသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုများ ဆိုသည့်စိတ်၊ တောင်ပေါ်မြေပြန့်မခွဲခြား သားချင်းများဆိုသည့်စိတ်၊ မရှိအတူရှိအတူအေးအတူပူအမျှ ဥမကွဲ သိုက်မပျက် အတူတကွ ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြသော မိသားစုစိတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ် (Union Spirit) သည် အရေးကြီးဆုံးဖြစ်သည်။ ထို့ပြင် မိမိတိုင်းပြည်၊ မိမိ
လူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့် လူမျိုးကိုထိပါက မချိအောင်နာသည့် မျိုးချစ်စိတ်ဓာတ်လည်း ထက်သန်နေရမည် ဖြစ်ပါသည်။ အဆိုပါအိမ်လေးများကနေ စုစည်းပြီး ရပ်ကွက်ကို ကာကွယ်လိုသည့် စိတ်၊ မြို့နယ်ကို ကာကွယ်လိုသည့်စိတ်နှင့် ထိပ်ဆုံးတွင် မိမိနိုင်ငံကိုကာကွယ်လိုသည့်စိတ်များ ရင့်သန်ကြီးထွားလာမည် ဖြစ်ပါသည်။
တက်ကြွသည့် လူငယ်များအနေဖြင့် ကျန်းမာသည့်ခန္ဓာကိုယ် (Healthy Body)၊ စွမ်းဆောင်နိုင်သည့်စိတ် (Healthy Mind) ရှိစေရေး အစဉ်အလေးထား ဆောင်ရွက်နေရပါမည်။ စိတ်သွားတိုင်း ကိုယ်ပါနေစေရန် ကျန်းမာသန်စွမ်းပြီး မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိသည့် လူငယ်၊ လူရွယ်များ ဖြစ်နေစေရန် အထူးပင်လိုအပ်ပါသည်။ မြန်မာလူမျိုးတို့အတွက် မြန်မာ့သိုင်းပညာသည် ဂုဏ်ယူဖွယ်ရာ မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ကိုယ်လုံပညာတစ်ရပ်ပင်ဖြစ်ပါသည်။ မြန်မာ့သိုင်း ပညာရပ်သည် ရန်ကို ရှင်းလင်းခြင်း၊ ရန်ကိုခုခံကာကွယ်တိုက်ခိုက်ခြင်း အတတ်ပညာရပ်တစ်ခုဖြစ်ပြီး မိမိကိုယ်ကိုသာမက မိမိပတ်ဝန်းကျင်ကိုပါ ကာကွယ်နိုင်စွမ်းရှိသည့် အမျိုးကောင်းသားတစ်ဦးဖြစ်လာစေရေး များစွာ အထောက်အကူပြုစေနိုင်ပါသည်။ မိမိကိုယ်ကို ကာကွယ်နိုင်သည့်သူသာလျှင် မိမိကျောင်း၊ မိမိအိမ်၊ မိမိအဖွဲ့ အစည်းကို ကာကွယ်နိုင်မည်ဖြစ်သကဲ့သို့ ထိုမှတစ်ဆင့်တက်ကာ တိုင်းပြည်နှင့် လူမျိုးအတွက် မားမားမတ်မတ်ရပ်တည်ကာကွယ်နိုင်စွမ်းလည်း ရှိမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ယနေ့လူငယ်လူရွယ်များအား ကာကွယ်လိုသည့်စိတ်ဓာတ်နှင့် ကာကွယ်နိုင်သည့်စွမ်းအားများ တိုးတက်ပွားများလာစေရေး နိုင်ငံတော်မှ အစဉ်အမြဲလေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။
နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့် အချိန်တွင် တောင်တန်းနှင့် ပြည်မဟူ၍ ခွဲခြားမှုနှင့်အတူ သမိုင်းဝင်ဆူးတစ်ချောင်း သပ်လျှိုထည့်ခဲ့သည့်အတွက် ယခုအချိန်အထိ မပြီးနိုင်သေးသော နယ်ချဲ့အမွေဆိုးစစ်ပွဲများကိုဆင်နွှဲရင်း အဘက်ဘက်မှစိန်ခေါ်မှုများကို ကြံ့ကြံ့ခံတွန်းလှန်နေရသည့်အချိန် ကာလတစ်ခုကို သတိကြီးစွာဖြင့် ဖြတ်သန်းနေရချိန်ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားအားလုံး၏ ရရှိခံစားရမည့်အခွင့်အရေးများ တန်းတူညီမျှရှိစေရေး၊ တိုင်းရင်းသားအားလုံး တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲစေရေးအတွက် တိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ် ကိန်းဝပ်ရှင်သန်နေစေရေး အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် အမျိုးသားရေး ရည်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်များချမှတ်၍ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းပြည်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်ကာ ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဟူသည့် ယုံကြည်ချက်ဖြင့် ကြိုးပမ်းဖော်ဆောင် နေပါသည်။ ထိုအရာများသည် အနာဂတ်နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းထမ်း ဆောင်မည့်ခေါင်းဆောင်ငယ်များအတွက် အဖိုးမဖြတ်နိုင်သော လက်တွေ့ကျကျ လိုက်ပါဆောင်ရွက်ရမည့် လမ်းစဉ်များပင်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသူ နိုင်ငံသားများ၏ အသိပညာ၊ အတတ်ပညာနှင့် တွေးခေါ်မြော်မြင်နိုင်စွမ်းမှာ အထူးအရေးကြီးသကဲ့သို့ ကမ္ဘာတည်သရွေ့ မြန်မာတည်ရှိရမည်...ဆိုသည့် မျိုးချစ်စိတ်ဓာတ်အားမွေးမြူထားရှိရန်လည်း အထူးလိုအပ်မည်ဖြစ်ပါသည်။ မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိဒေသ၊ မိမိအဖွဲ့အစည်း တစ်ခုတည်းအတွက်ကိုသာမကြည့်ဘဲ ပြည်ထောင်စုဆိုသည့်အမြင် We are Myanmar ဆိုသည့် တပေါင်းတစည်းတည်း စိတ်ဓာတ်များနှင့် နိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည်တည်ဆောက်ရေး (Nation Building) အခန်းကဏ္ဍများတွင် တက်ကြွသည့် နိုင်ငံသားတစ်ဦး (Active Citizenship) အနေဖြင့် နိုင်ငံ့တာဝန်များကို ကြိုးပမ်းထမ်းဆောင်သွားကြရန် အထူးအရေးကြီးလှပေ သည်။
တပ်မတော်သားတစ်ဦး၏အသွင်...
ငါ့သားများစစ်ထဲဝင်ရင်လေ...သူ့ကို ပြောလိုက်စမ်းပါကွာ... စစ်တပ်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင် တကယ့်ယောကျ်ားကောင်း ယောကျ်ား မြတ်တွေကို မွေးထုတ်ပေးတဲ့ကျောင်းကြီးပေါ့...ဆိုသည့်အတိုင်း တပ်မတော်သား တစ်ဦးဖြစ်ရန် မလွယ်ကူလှသည်နှင့်အညီ တပ်မတော်သားတစ်ဦးဖြစ်လာပါက စစ်မှန်သော စစ်သည်တော်ကောင်းတစ်ဦး၏အမြင်နှင့် အတွေးအခေါ်များ ထားရှိ တတ်ရန် လွန်စွာအရေးကြီးလှပါသည်။ တပ်မတော်သားများအနေဖြင့် ကိုယ်ရော စိတ်ပါ (Physical and Mental) နှစ်ဖြာ သန်စွမ်းအောင်လေ့ကျင့်နေရမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များအပြင် နိုင်ငံတည်ဆောက်ရေး အခန်းကဏ္ဍများ ၌လည်း တတ်စွမ်းသရွေ့ ပါဝင်ထမ်းဆောင်နေကြရမည်ဖြစ်ပါသည်။
သမိုင်းကြောင်းအရလည်း တရုတ်ကူမင်တန်များအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုများအပြင် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကိုလည်း တပ်မတော်ကဦးဆောင်ပြီး ပြည်သူ့စစ်မဟာဗျူဟာနှင့်အညီ ပြည်သူနှင့်ပူးပေါင်း၍ ကြံ့ကြံ့ခံတွန်းလှန်ခဲ့ပါသည်။ တိုင်းပြည်ထာဝရငြိမ်းချမ်းရေးကို တပ်မတော်သားများကပိုမိုလိုလားကြပြီး နိုင်ငံသားအများစု၏ အလိုချင်ဆုံးဆန္ဒမှာလည်း တိုင်းပြည်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗုဒ္ဓဘာသာသာသနာအရှိန်အဝါ ထွန်းလင်းတောက်ပရေးပင်ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ဘိုးဘွားများ၏ အသက်သွေး ချွေးပေါင်းများစွာဖြင့် တည်ဆောက်ခဲ့ရသည့် အမိမြန်မာပြည်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် မျိုးဆက်သစ် လူငယ်များက အနာဂတ်ကို မြော်တွေးပုံဖော် ဖန်တီးတည်ဆောက် ကြရမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ ခေါင်းဆောင်စိတ်ရှိပြီး တာဝန်ခံ၊ တာဝန်ယူလိုသည့် အလေ့ အကျင့်ကောင်း များအား စဉ်ဆက်မပြတ် မွေးမြူသွားကြရမည်ဖြစ်သည့်အပြင် မိမိအဖွဲ့အစည်းအတွက် ဘာတွ ေဆောင်ရွက်ပြီးပြီလဲ၊ မည်ကဲ့သို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြမည်လဲ... ဆိုသည့် ယုံကြည်ချက်၊ ခံယူချက်များ ခိုင်မာပြည့်ဝနေရမည် ဖြစ်ပါသည်။
လက်ရှိအခြေအနေမှာ ပြည်တွင်းရှိ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းင်းတို့ ကိုနောက်ကွယ်က ကြိုးကိုင်ခြယ်လှယ် နေသည့် နိုင်ငံအချို့သည် နိုင်ငံတော်အား ပြိုကွဲစေရန် နည်းလမ်းမျိုးစုံအသုံးပြု၍ သပ်လျှိုသွေးခွဲလျက်ရှိပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၅) သင်တန်းဆင်းပွဲအခမ်းအနားတွင် ၂၁ ရာစု ခေတ်သစ်စစ်ပွဲများသည် အကန့်အသတ် အတားအဆီးမဲ့ပုံစံဖြင့် အရပ်မျက်နှာအမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးမှ ပုံသဏ္ဌာန်မျိုးစုံဖြင့် ပုံဖော်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ တိုးတက်လာသည့် ခေတ်မီစစ်လက်နက် ပစ္စည်းများကြောင့် ပြောင်းလဲသွားမည့် စစ်ပွဲ၏ပုံစံနှင့် စစ်ဗျူဟာများကို ကြိုတင်မြော်တွေးကြရမည်ဖြစ်ကြောင်း၊ ခေတ်မီဆန်းသစ်လာသည့် ကွပ်ကဲမှုနှင့်ကြီးကြပ်မှု စနစ်ကို နားလည်တတ်ကျွမ်းအောင် ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး နည်းပညာများနှင့် လိုက်လျောညီထွေပြောင်းလဲနေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကိုလည်း လေ့လာနေရမည်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံ၏သမိုင်းကြောင်း၊ ပထဝီအနေအထားနှင့် လက်ရှိဖြစ်တည်ချက်များအရ တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားရေး ကိစ္စရပ်များတွင် ပါဝင်နေရခြင်း ဖြစ်သကဲ့သို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရခြင်းဖြစ်သဖြင့် တပ်မတော်သားတစ်ဦးသည် နိုင်ငံ့အရေး၊ လူမျိုးအရေးနှင့်ပတ်သက်၍ သမိုင်းကို ထဲထဲဝင်ဝင်သိရှိနားလည်ထားရပါမည်။ နိုင်ငံ၏ပထဝီ အနေအထား၊ သမိုင်းကြောင်းနှင့် နိုင်ငံရေးအခြေအနေတို့ကိုသိရှိနားလည်ပြီး အမြင်လေးမြင်ဖြစ်သည့် စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်နှင့် အုပ်ချုပ်ရေးအမြင်များဖြင့် ကြိုတင်မြော်တွေးနိုင်စွမ်း (Vision) ရှိလာစေရေး အနာဂတ်ခေါင်းဆောင်ငယ်များအနေဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်ဖြည့်ဆည်းနေကြ ရမည်ဖြစ်ပါသည်။
စစ်တက္ကသိုလ်တွင် တည်ရှိသည့် ရဲသုံးဖော် ရုပ်တုသည် မြဲသုံးမြဲကို လက်ကိုင်ထားကာ ရဲဘော်အချင်းချင်း ရဲဘော်ရဲဘက်စိတ်အပြည့်ဖြင့် ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး အန္တရာယ်ဟူသမျှကို ရဲဝံ့စွန့်စားသည့် စိတ်ဓာတ်ဖြင့် အတူတကွရင်ဆိုင် ရပ်တည်နေမှုကို ဖော်ညွှန်းထားခြင်းဖြစ်ပါသည်။ ရုပ်တုပုံရိပ်၏နောက်တွင် အမွန်မြတ်ဆုံးသော စွန့်လွှတ်ခြင်း၏ တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို တွေ့မြင်နိုင်ပါသည်။ ထိုနည်းတူ မျိုးဆက်သစ် ခေါင်းဆောင်များအနေဖြင့် မိမိတို့အား မျှော်လင့်ချက်ကြီးမားစွာဖြင့် မွေးထုတ်ပေးလိုက်သည့် အမိတက္ကသိုလ်အသီးသီးမှ နောင်တစ်ခေတ်၏ အောင်စစ်သည်၊ အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား၊ သမား ဇာနည်အောင်စစ်သည် စသည့်ဆောင်ပုဒ်များနှင့်အညီ တစိုက်မတ်မတ် ကြိုးပမ်းထမ်းဆောင် သွားကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်နှင့် တပ်မတော်ကအားထားရပြီး ပြည်သူကအားကိုးရသည့် လက်ရုံး ရည်၊ နှလုံးရည်ဖြင့်ပြည့်ဝသော ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် စဉ်ဆက်မပြတ် အားထုတ် ကြိုးပမ်း သွားရေးမှာ မျိုးဆက်သစ်ခေါင်းဆောင်များ၏ အဓိကတာဝန်ပင် ဖြစ်ပေသည်။
သို့ဖြစ်၍ ယနေ့နိုင်ငံတော်အတွင်း မည်ကဲ့သို့စိန်ခေါ်မှုများနှင့် အခက်အခဲများ ကြုံတွေ့နေစေကာမူ ခေါင်းဆောင်ငယ်များအနေဖြင့် တက်ကြွသော နိုင်ငံ့သားကောင်း တစ်ဦးအသွင်၊ စစ်မှန်သော ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦးအသွင်နှင့် ရဲဝံ့သောစစ်သည် တော်ကောင်းများအသွင် နှလုံးသွင်း၍ ကိုယ်စီခံယူချက်၊ ယုံကြည်ချက်၊ မျှော်မှန်းချက်များဖြင့် လှေခွက်ချည်းကျန်၊ အလံမလှဲ... သည့်စိတ်ဓာတ်ကိုစွဲကိုင်ကာ အနာဂတ်နိုင်ငံတော်၏ ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ...သို့ လျှောက်လှမ်းရာတွင် နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
(စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်း အရာရှိများသို့ ဂုဏ်ပြုရေးသားဖော်ပြအပ်ပါသည်...)
မောင်မိုး