ကော်ဖီဆိုရင် စစ်စစ်သောက်ကြစို့

 

ကော်ဖီဆိုရင် စစ်စစ်သောက်ကြစို့

ကော်ဖီတစ်ခွက်ရဲ့ အရသာကိုကြိုက်နှစ်သက်သူတိုင်း နှစ်ခြိုက်လေ့ရှိသည်။ တစ်နေ့တာဘဝအတွင်း ကော်ဖီတစ်ခွက်စ၊ နှစ်ခွက်စသောက်သုံးသူများရှိသည်။

အလုပ်ခွင်တွင်စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေချိန် ကော်ဖီတစ်ခွက် သောက်သုံးပေးခြင်းက ရှုပ်ထွေးသော အာရုံများကို  အထိုက်အလျောက် ပြေလျော့သက်သာစေသည်။  ကော်ဖီက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး အာရုံစူးစိုက်မှုကို ပိုမိုအားကောင်းစေသည်။   ရင်ကျပ်သူများအတွက်   အဆုတ်လမ်းကြောင်းကို အထောက်အကူပြုသဖြင့်   ကော်ဖီကို သင့်တင့်မျှတစွာ  သောက်သင့်သည်။

သို့သော် အစွဲအလမ်း  အမြဲလွမ်းဖို့ဖြင့် မဟုတ်ပါပေ။  နှစ်သက်လွန်းလျှင် ဝါသနာအကြိုက်က ဒုက္ခပေးလေ့ရှိသည်။ ချင့်ချိန်သုံးစွဲခြင်းဖြင့်သာ မိမိကိုယ်ကိုကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ 

ကော်ဖီသည် အစာစားချင်စိတ်ကိုဖြစ်ပေါ်စေသည်။  သွေးလှည့်ပတ်စီးဆင်းမှုကိုလည်း ကောင်းမွန်စေသည်။  ကော်ဖီတွင်ပါဝင်သည့် ကဖင်းဓာတ်(ဝါ) ခါးသက်သော ဓာတ်တစ်မျိုးသည်  ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်များကို အကျိုးသက်ရောက်မှုပြုနိုင်စွမ်းရှိသည်။  ကယ်လိုရီလောင်ကျွမ်းမှုကိုအားပေးသည်။  ခန္ဓာကိုယ်တွင်း ကဖင်းဓာတ် လိုအပ်သည်ထက် ပိုမိုခြင်းကလည်း မကောင်းနိုင်ပေ။  ကဖင်းဓာတ်လွန်ကဲခြင်းကြောင့် ညအိပ်မပျော်ခြင်း၊ နှလုံးတုန်၊ ရင်တုန်ခြင်းများ ဖြစ်ပွားနိုင်သည်။  ကောင်းကျိုး၊ ဆိုးကျိုးသည် အတူဒွန်တွဲတည်ရှိနေမည်ဖြစ်သည်။  မိမိအတွက်လိုအပ်ချက်ဖြင့် အသုံးချလျှင် ကောင်းကျိုးကိုဖြစ်စေနိုင်သည်။ လွန်ကဲစွာပြုမူ ဆောင်ရွက်ခြင်းသည်သာဆိုးကျိုးကိုဖြစ်စေသည်။ 

လိုအပ်ချက်နှင့်  မလိုအပ်မှုကို   ခွဲခြားသိမြင်မှုဖြင့် သတိပြုဆင်ခြင်သုံးစွဲရမည်ဖြစ်သည်။

ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင် ကော်ဖီကိုနှစ်ခြိုက်စွာ တန်ဖိုးထားသောက်သုံးကြသည်။ ကော်ဖီမှရရှိနိုင်သည့် ခါးသက်သက်အရသာ၊ သင်းပျံ့သည့်ရနံ့ကပင် ကော်ဖီသောက်သူများကို ဆွဲဆောင်နေပေသည်။ ကော်ဖီဆိုင်များတွင် ကော်ဖီသောက်ရင်းစကားပြောကြသည်။  ကော်ဖီသောက်ရင်း စီးပွားရေးလုပ်ငန်းများ တွေးတောကြံဆကြသည်။  အစည်းအဝေးများတွင်လည်း စိတ်အာရုံလန်းဆန်းစေရန်၊ ပိုင်နိုင်သော ဆုံးဖြတ်ချက် ချမှတ်နိုင်ရန်အတွက် ကော်ဖီသောက်သုံးသည့် ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာသည်။  ကော်ဖီသောက် အကျင့်ပြုရာမှတစ်ဆင့် ကော်ဖီစွဲလမ်းလာကြသည်။  ကော်ဖီမသောက်ရသေးလျှင် လိုအပ်ချက်တစ်ရပ် ရှိနေသည့်ပမာ ခံစားလာရသည်။  ကော်ဖီသည် ဘဝအစိတ်အပိုင်းတစ်ခုပမာဖြစ်လာသည်။  နေ့စဉ်ဘ၀ လက်တွဲခေါ်ရင်း အလွန်အကျွံမဖြစ်အောင် သတိပြုကြရမည်ဖြစ်သည်။

ကော်ဖီကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်သာ သောက်သုံးသင့်သည်။  နံနက်စာနှင့် နေ့လယ်စာ  စားသောက် ပြီးစီးချိန်နှင့် တစ်နာရီခန့်ခြား၍ ကော်ဖီသောက်သုံးရန်လိုအပ်ပေသည်။  အစာမရှိဘဲ ကော်ဖီမသောက်သင့်ပေ။  ကော်ဖီ ခြောက်ခွက်ထက် ကျော်လွန်သောက်သုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေရှိကြောင်း သုတေသီများက မိန့်ဆိုကြသည်။  အမေရိကန်နိုင်ငံတွင်   အရွယ်ရောက်ပြီးသူများ၏ ထက်ဝက်ကျော်သည် နှလုံးရောဂါနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားနေသည်ကို လေ့လာတွေ့ရှိရသည်။ တန်ဆေးလွန်ဘေး ဖြစ်နိုင်ကြောင်း သတိပြုကြရမည်ဖြစ်သည်။  ကော်ဖီသောက်ရာတွင်  အသင့်ဖျော်ကော်ဖီများ သောက်သုံးခြင်းအစား ကော်ဖီမှုန့်စစ်စစ်ကိုနှပ်၍ သောက်သုံးသင့်သည်။ 

ကော်ဖီကို ရေနွေးဆူဆူနှင့် နှပ်သောက်ကြလေ့ရှိသည်။  အခါးမကြိုက်သူများ၊ အခါးဓာတ်လျော့အရသာကို ခံစားလိုသူများသည် နို့ဆီ၊ သကြား၊ နို့မှုန့်များ ထည့်၍သောက်သုံးကြသည်။  အရက်သေစာ၊ မူးယစ်ဆေးများ သုံးစွဲခြင်းအစား ကော်ဖီကိုစနစ်တကျသောက်သုံးခြင်းကိုအားပေးရမည်ဖြစ်သည်။

ကော်ဖီသောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ကျန်းမာရေးကို အကျိုးပြုနိုင်သည်ဟူသော အယူအဆများ လွန်ဆွဲမည့်အစား တန်သင့်ရုံသောက်သုံးခြင်းက ဘေးမဖြစ်နိုင်ပေ။  ကော်ဖီ၏ ကောင်းကျိုးများကို စနစ်တကျလက်ခံကျင့်သုံး၍  ရယူနိုင်ပေသည်။  ကဖင်းဓာတ်၏ အစွမ်းကြောင့် ဇီဝကမ္မဖြစ်စဉ် မြန်ဆန်စေသည်။   ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူများ ကော်ဖီကို သင့်တင့်မျှတစွာ မှီဝဲသင့်သည်။  အဆီလောင်ကျွမ်းမှုအားပေးခြင်း၊ ကိုယ်လက်နာကျင်ခြင်းမှ သက်သာစေခြင်း၊ ဆီးချိုဖြစ်ပွားမှုကို  လျှော့ချနိုင်ခြင်းနှင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ခြင်းစသော ကောင်းကျိုးသုခများ ရရှိခံစားနိုင်သည်။  အမျိုးသားများတွင် ဖြစ်ပွားလေ့ရှိသည့် ဆီးကျိတ်ရောင်ရမ်းမှု၊ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည်။ 

မြန်မာနိုင်ငံတွင် ကော်ဖီကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ကချင်ပြည်နယ်  မြစ်ကြီးနားနှင့် ရှမ်းပြည်နယ်တွင် နောင်ချို၊ ကလော၊ အောင်ပန်း၊ ရွာငံမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးသည်ကိုတွေ့ရှိရသည်။ နိုင်ငံတော်မှလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်သုတေသန၊ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ စက်မှုသုတေသန၊ နည်းပညာသုတေသန၊ ပညာရေးသုတေသနဟူ၍   နယ်ပယ်အလိုက်   သုတေသနလုပ်ငန်းများဖွံ့ဖြိုးရေး အားပေးကူညီလျက်ရှိသည်။ 

နိုင်ငံတော်တွင် စားသုံးဆီဖူလုံစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ပန်းနှမ်းနှင့် ဆီအုန်းစသည့်  ဆီထွက်သီးနှံများကို အထွက်နှုန်းကောင်းသည့်  မျိုးကောင်းမျိုးသန့်များဖြင့် သီးထပ်စိုက်ပျိုးပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံခြားဝင်ငွေတစ်ဖက်တစ်လမ်းမှ ရရှိစေသည့်  ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်စေရန် အားပေးဆောင်ရွက်လျက် ရှိသည်။

ကော်ဖီပင်သည်   နှစ်ရှည်ပင်အမျိုးအစားဖြစ်သည်။  တစ်ပင်စိုက်  တစ်ပင်ရှင်သန်ပါက ရေရှည်အကျိုးဖြစ်ထွန်း စေနိုင်သည့် အပင်အုပ်စုတွင် ပါဝင်သည်။ 

အပင် ၅ နှစ်သားအထက်တွင် နှစ်ရှည်ဝင်ငွေရရှိစေပြီး  အပွင့်အသီးထွက်အားကြီးမြင့်လာနိုင်သည်။  ကော်ဖီပင်သည် သဘာဝအတိုင်း စိုက်ပျိုးပါက ပေ ၂၀ ကျော်အထိမြင့်တက်နိုင်သည်။  ကော်ဖီစိုက် တောင်သူများသည် ကော်ဖီခူးဆွတ်ရလွယ်ကူစေရန် ကိုင်းချိုးပြုပြင်ကြလေ့ရှိသည်။ အစုလိုက်ပွင့်ဖူးသော ကော်ဖီပန်း ဖြူဖြူရနံ့သည်အလွန်မွှေးသည်။ သီးကာစကော်ဖီသီးသည်  အစိမ်းရောင်ရှိပြီး စိမ်းရာမှဝါလာသည်။  ထိုမှတစ်ဆင့် အနီရောင်အဖြစ်ပြောင်းလဲသွားသည်။ ရင့်မှည့်လာသော ကော်ဖီသီးများကို အခြောက်လှန်းခြင်း၊ အစေ့ထုတ်လုပ်ခြင်းများပြုလုပ်ရလေ့ရှိသည်။  တစ်နိုင်တစ်ပိုင် ကော်ဖီထုတ်လုပ်ခြင်းလုပ်ငန်းတွင် အနံ့အရသာ ကောင်းမွန်သည့် ကော်ဖီမှုန့်ရရှိစေရန် ကော်ဖီစေ့ အစိမ်းကို ညိုဝါရောင်ဖြစ်သည်အထိ   လှော်ပြီးနောက် အမှုန့်ကြိတ်ရသည်။  ကော်ဖီမှုန့်သည် ကြိတ်ပြီးခါစ ဖျော်သောက်ပါက အကောင်းဆုံး အရသာဖြစ်သည်။

လူတစ်ဦးနှင့်တစ်ဦး ခန္ဓာဗေဒ ခုခံအားမတူညီကြပေ။  ကော်ဖီကြိုက်သူအချို့ ကော်ဖီကို တစ်နေ့သုံးခွက်မက သောက်သုံးကြသည်။ ကော်ဖီနှင့်ဓာတ်မတည့်သူ၊ ကော်ဖီသောက်မရအောင် ရင်တုန်မောပန်းသူများရှိသည်။ ကော်ဖီသောက်၍ အိပ်မပျော်သူများလည်းရှိသည်။  ကော်ဖီသည် မူးယစ်ဆေးကဲ့သို့ စွဲလန်းစေသော သတ္တိရှိသည်။  တန်ဆေးလွန်ဘေး  ဆိုစကားအတိုင်း ကော်ဖီတွင်ပါဝင်သည့် ဗီတာမင်ဘီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ဓာတ်များကို ကျန်းမာရေးအာဟာရအရ ကောင်းစွာအသုံးချနိုင်လျှင် ဘေးကင်းမည်ဖြစ်သည်။ 

ယနေ့အချိန်တွင် ခေတ်မီစက်ကိရိယာကြီးများဖြင့် ကော်ဖီထုတ်လုပ်မှုကဏ္ဍကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြပြီ ဖြစ်သည်။ ဈေးကွက်ဝင်သီးနှံဖြစ်သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို အားပေး ကြိုဆိုခြင်းဖြင့် အရည်အသွေးပြည့်မီသည့် ကော်ဖီမှုန့်များရရှိစေနိုင်သည်။  အလားတူ နိုင်ငံခြားဝင်ငွေကိုလည်း တိုးတက်စေနိုင်သည်။  ကော်ဖီစိုက်လုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးမြင့် ကော်ဖီထုတ်ကုန်များ၊ အရည် အသွေးနှင့် စံချိန်စံညွှန်းများ အာမခံထုတ်လုပ်နိုင်လျှင် ပြည်တွင်း၊ ပြည်ပဈေးကွက် ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။ 

ပင်အိုပင်ဟောင်းအစားထိုးအထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့် လဲလှယ်စိုက်ပျိုးခြင်း၊ အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဆိုပါက   မြန်မာ့ကော်ဖီကမ္ဘာ ့ဈေးကွက်ထိုးဖောက်သွားနိုင်မည်ဖြစ်ကြောင်း ယုံကြည်စွာဖြင့်  ရေးသား တင်ပြ လိုက်ရပါသည်။  ။

ထက်ဝေအောင်(စစ်ကိုင်း)