ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် (Mount Popa National Geopark)

 

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် (Mount Popa National Geopark)

အမျိုးသားဘူမိဥယျာဉ် (National Geopark)

ဘူမိဥယျာဉ်(Geopark) ဆိုသည်မှာ ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊   ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ထုံးစံများ၊  ဒေသထွက်ကုန်များ၊ ရေမြေတောတောင် သဘာဝအလှနှင့် ဒြပ်မဲ့တန်ဖိုးများကို စနစ်တကျထိန်းသိမ်းပြီး ပညာပေးရေးနှင့် သုတေသနလုပ်ငန်းများ၊ ဒေသခံပြည်သူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ ဘူမိဆိုင်ရာ ထူးခြားသောပြကွက်များအပြင်   အပန်းဖြေရေး၊ ဖျော်ဖြေရေး၊ စားသောက်နေထိုင်ရေး၊ လူမှုဆက်ဆံရေးနှင့် ပညာရပ်ဆိုင်ရာများကို လေ့လာဖြန့်ဖြူးသောနေရာလည်း ဖြစ်ပါသည်။

ဘူမိဥယျာဉ်များ စတင်ဖြစ်ပေါ်လာပုံ

ဘူမိဥယျာဉ် သဘောတရားကို ၁၉၉၁ ခုနှစ်၊ ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော   ဒင်း ညီလာခံ (Digne Convention) တွင် ပထမဦးဆုံးမိတ်ဆက်တင်ပြခဲ့ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ပြင်သစ်၊ ဂရိ၊ ဂျာမနီနှင့် စပိန်နိုင်ငံများ ပါဝင်သော  ဥရောပ (၄)နိုင်ငံမှ ကိုယ်စားလှယ်များ တွေ့ဆုံပြီး  ဘူမိအမွေအနှစ်များ ထိန်းသိမ်းခြင်းနှင့် ဘူမိခရီးသွားလုပ်ငန်းများ မြှင့်တင်ပေးခြင်းဖြင့် ဒေသတွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်နိုင်ရန် စတင်ဆွေးနွေးခဲ့ကြပြီး ဥရောပဘူမိဥယျာဉ်ကွန်ရက် (European Geopark Network) ကို တည်ထောင်ခဲ့ပါသည်။

ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ဘူမိဥယျာဉ် အစီအစဉ်

ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အစီအစဉ်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (United Nations Educationalç Scientific and Cultural Organization - UNESCO) ၏ ဖွံ့ဖြိုးရေးနှင့်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီဆောင်ရွက်သော အစီအစဉ်တစ်ခုဖြစ်ပြီး စံသတ်မှတ်ချက်များအရ ပညာရေး၊ သုတေသန၊ ခရီးသွားလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးများကိုပါ   လွှမ်းခြုံသည့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါသည်။

ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ် (UNESCO Global Geopark) ကို   ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး ဥရောပ ဘူမိဥယျာဉ်ကွန်ရက်နှင့် ယူနက်စကို (UNESCO) ပူးပေါင်းခြင်းဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ရာ ဥရောပဘူမိဥယျာဉ်ကွန်ရက်ကို ယူနက်စကို (UNESCO)  ၏ လက်အောက်အဖွဲ့အစည်းအဖြစ်  ထားရှိခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ယူနက်စကို (UNESCO)  ဦးဆောင်သော ကမ္ဘာ့ဘူမိဥယျာဉ်ကွန်ရက် (Global Geopark Network) ကိုဖွဲ့စည်းရန် ဥရောပဘူမိဥယျာဉ်(၁၇)ခုနှင့် တရုတ်နိုင်ငံ၏ ဘူမိဥယျာဉ်(၈)ခုတို့ ပူးပေါင်း ခဲ့ကြပါသည်။

ယနေ့အချိန်ထိ နိုင်ငံပေါင်း (၄၈) နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် (၁၉၅) ခု တည်ထောင်ပြီးဖြစ်ပါသည်။ ကမ္ဘာ့ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာကွန်ရက်တို့ ချိတ်ဆက်ပြီး ဘူမိဆိုင်ရာ ထူးခြားအရေးပါသော နေရာများနှင့် အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဒေသတွင်းနိုင်ငံများတွင် ဘူမိခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းလည်းဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ဘူမိဥယျာဉ် (၄၁) ခုရှိပြီး ကမ္ဘာ့ဘူမိဥယျာဉ် အများဆုံးပိုင်ဆိုင်ထားပါသည်။ အရှေ့တောင်အာရှ နိုင်ငံများအနက်  အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ကမ္ဘာ့ဘူမိဥယျာဉ် များအဖြစ် သတ်မှတ်ခံထားရသော ဘူမိဥယျာဉ်များရှိနေပြီဖြစ်ပါသည်။ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ် အစီအစဉ်အနေဖြင့် အာရှပစိဖိတ် ဘူမိဥယျာဉ်ကွန်ရက်၊  ဥရောပ ဘူမိဥယျာဉ်ကွန်ရက်၊ လက်တင်အမေရိကနှင့် ကာရေဘီယန် ဘူမိဥယျာဉ် ကွန်ရက်နှင့် အာဖရိကဘူမိဥယျာဉ်များကွန်ရက်တို့ ဖွဲ့စည်းပြီး ဒေသတွင်း နိုင်ငံများ ချိတ်ဆက်၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

ဘူမိဥယျာဉ်တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်

ဘူမိဥယျာဉ်ကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များ

ဖြင့် တည်ထောင်ဆောင်ရွက်ကြပါသည်-

(က)   ဘူမိအမွေအနှစ်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ၊ ဘူမိသွင်ပြင် အနေအထားနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊

(ခ)     မျိုးဆက်သစ်လူငယ်များအနေဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သုတေသနပြုရေးတို့ကို စိတ်ဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊

(ဂ)    ဒေသခံလူမှုအဖွဲ့အစည်းများအကြား သာတူညီမျှညှိနှိုင်းဆောင်ရွက်သော   အလေ့ အကျင့်များရရှိရေး အားပေးမြှင့်တင်ရန်၊

(ဃ)   စဉ်ဆက်မပြတ်    ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်နှင့်

(င)     လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဘူမိဥယျာဉ်ဖြစ်မြောက်ရေး စတင်ဆောင်ရွက်မှုများ

မြန်မာနိုင်ငံတွင် ပုပ္ပားတောင်အမျိုးသားဥယျာဉ်အား     ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက်  ရှေးဦးစွာ အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ရန် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့်   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့က ၂၀၁၆ ခုနှစ်မှစပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ လေ့လာဆန်းစစ်မှုများအရ ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရနိုင်ရန် အလားအလာရှိသော နေရာအများအပြားရှိသည့်အနက် ပုပ္ပား၊ တွင်းတောင်၊ ပင်းတယ၊ ဇွဲကပင်တောင်၊ ခါကာဘိုရာဇီ၊ ပူတာအို၊ အင်းတော်ကြီး၊ အင်းလေး၊ မာန်အောင်ကျွန်း၊ ဘီလူးကျွန်း စသည့် ဒေသများသည် အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရနိုင်သည့် ထူးခြားသော လက္ခဏာများစွာရှိကြောင်း လေ့လာတွေ့ရှိရပါသည်။  အဆိုပါနေရာဒေသများ အနက် ပုပ္ပားဒေသသည် အလားအလာ အရှိဆုံးဒေသ ဖြစ်သည့်အတွက်  မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားဘူမိဥယျာဉ်ဖြစ်လာဖို့   စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ပေါ်ပေါက်ရေး ဆောင်ရွက်မှုများ

ယူနက်စကိုအသိအမှတ်ပြု  ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် အမည်စာရင်းမတင်သွင်းမီ နိုင်ငံအဆင့် ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်ရန် ဖြစ်သဖြင့် ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ်ဖြစ်မြောက်ရေးကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

ဘူမိဥယျာဉ်များ စနစ်တကျ သတ်မှတ်တည်ထောင်ရာတွင် မူဝါဒဆိုင်ရာလုပ်ငန်းများ၊  ပူးပေါင်းဆောင်ရွက်မှုနှင့်   လမ်းညွှန် ကြီးကြပ်ညှိနှိုင်းမှုများ ပြုနိုင်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သော   အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီကို ဖွဲ့စည်းထားပါသည်။ ထို့ပြင် ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းများကို ထိရောက် စွာအကောင်အထည်ဖော်နိုင်ရန်နှင့် လုပ်ငန်းများကို ကြီးကြပ် နိုင်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများက ဥက္ကဋ္ဌအဖြစ်ဦးဆောင်သော  ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီနှင့် ဘူမိဥယျာဉ်ဆိုင်ရာ နည်းပညာလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းထားပါသည်။ မြို့နယ်အဆင့်အနေဖြင့်လည်း ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ကျေးရွာလူထုတို့ ပါဝင်သော ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ဆိုင်ရာ မြို့နယ်အဆင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး  ဘူမိအမွေအနှစ်များ ရေရှည်တည်တံ့စေရေးနှင့် ဒေသခံများကို အကျိုးပြုစေသော   ဘူမိအခြေခံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဟန်ချက်ညီညီ အကောင်အထည်ဖော ်ဆောင်ရွက်လျက်ရှိပါသည်။

ပုပ္ပားတောင်ဒေသကို   ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေးအတွက် အရေးကြီးသော အဆင့်တစ်ခု ဖြစ်သည့် အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၆-၁၂-၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ( ၁၅၂/၂၀၂၃ ) ဖြင့် အောင်မြင်စွာ ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

အမွေအနှစ်များစုံလင်သော ပုပ္ပားဒေသ

ပုပ္ပားတောင်အမျိုးသားဥယျာဉ်အပါအဝင် ပုပ္ပားဒေသသည် ရှေးနှစ်သန်းပေါင်းများစွာက ပေါက်ကွဲခဲ့သော မီးတောင်ဟောင်းတစ်ခုဖြစ်ပြီး အပူပိုင်းဒေသ၏ စုံလင်လှသော သစ်ပင်ပန်းမန်များနှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများကို ထောက်ပံ့ပေးပြီး ထူးခြားသော ဂေဟစနစ်များ တည်ရှိရာနေရာလည်း ဖြစ်ပါသည်။

ထူးခြားသည့် ဂေဟစနစ်များပိုင်ဆိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ အိုအေစစ် (Oasis) ဟု တင်စားခေါ်ဝေါ်ကြသော   ပုပ္ပားတောင်ဒေသကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သစ်တောဦးစီးဌာနက ၁၉၈၉ ခုနှစ်တွင် ဧရိယာ ၃၁၇၆၃ ဒသမ ၂၀ ဧကကို ပုပ္ပားတောင်ဥယျာဉ်အဖြစ် ဖွဲ့စည်းသတ်မှတ်ခဲ့ပါသည်။ ပုပ္ပားတောင်ဥယျာဉ်အတွင်း နို့တိုက်သတ္တဝါမျိုးစိတ်(၂၆)မျိုး၊ ငှက်မျိုးစိတ် (၁၈၅) မျိုး၊ တွားသွား သတ္တဝါမျိုးစိတ်(၂၃)မျိုး၊ ကုန်းနေရေနေသတ္တဝါ(၇)မျိုးနဲ့ လိပ်ပြာမျိုးစိတ် (၁၁၂)မျိုးတို့ကို တွေ့ရှိနိုင်ပါ

သည်။ ပုပ္ပားတောင်ဥယျာဉ်တွင်   တောင်ပေါ်အမြဲစိမ်းတော၊ ရွက်ပြတ်ရောနှောတော၊  တောခြောက်၊ အင်တိုင်းတော၊ သန်း-ဒဟတ်တောနှင့် မြက်ခင်းတောများ ပေါက်ရောက်ပြီး အပင်မျိုးစိတ်ပေါင်း (၃၀၀) ကျော်ကို မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်ဖြစ်သည့်  ပုပ္ပားမျောက်မြီးရှည် (Popa Langur) ကို မြန်မာနိုင်ငံ ပုပ္ပားဒေသတွင်သာ တွေ့နိုင်ပါတယ်။

ထို့ပြင် မြန်မာနိုင်ငံ၏ ဒေသရင်း ငှက်မျိုးစိတ်များဖြစ်သော နဖားကြူးအမြီးဝိုင်း၊ စွေ့၊ ချိုးလင်းပြာ၊ ဗွတ်မွဲ၊ ဘီလုံး အစရှိသည့် ငှက်မျိုးစိတ်များကိုလည်း တွေ့မြင်နိုင်ပါသည်။

ပုပ္ပားဒေသသည် အထက်ဖော်ပြပါ သဘာဝအမွေအနှစ်များအပြင် အစွယ် (၂) ထပ်ဆင်၏ ကျောက်ဖြစ် ရုပ်ကြွင်းမေးရိုးအပါအဝင် ထူးခြားသော ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ် သံရည်ကျိုမီးဖိုများ၊ ဇီဝမျိုးစုံမျိုးကွဲများ အစရှိသောရှေးဟောင်းယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် ဘူမိဗေဒဆိုင်ရာ အမွေအနှစ်များလည်း ပေါကြွယ်ဝသောနေရာတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်များ၊ အင်ကြင်းကျောက် အပါအဝင် ကျောက်အမျိုးအစားအစုံအလင်နှင့် ခေတ်ကာလအလိုက် သမိုင်းကြောင်း ဖြစ်တည်မှုများကိုပါ တစ်နေရာတည်းတွင် လေ့လာနိုင်သော နေရာတစ်ခု ဖြစ်ပါသည်။

ပုပ္ပားဒေသရှိ ဘူမိနယ်မြေ (Geosite) များ

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်အတွင်း သစ်တောဦးစီးဌာနက စီမံခန့်ခွဲခွင့်ရှိသည့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေဧရိယာများတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံ  ဘူမိသိပ္ပံအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏      ကွင်းဆင်းစစ်ဆေးမှုများအရ ဘူမိနယ်မြေ Geosite နေရာပေါင်း (၁၀၀) ကျော်ရှိပြီး ကနဦးအနေဖြင့် သစ်တောဦးစီးဌာန၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ကျရောက်သည့် အဆိုပါ ဘူမိနယ်မြေ (Geosite) (၁၅) နေရာဖြင့်   စတင်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ 

အဆိုပါ ဘူမိနယ်မြေ (၁၅) နေရာမှာ -

၁။      ပုပ္ပားတောင်ထိပ်၊

၂။      မီးတောင်ပြာကျောက်၊

၃။      ဧရာဝတီသဲကျောက် လွှာထပ်မှုအနေအထား၊

၄။      သုံးထပ်ကွေ့ မီးတောင်ကျိုးပဲ့စာကျောက်များ၊

၅။      ဧရာဝတီကျောက်လွှာစု၊

၆။      တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များ၊

၇။      ပရဆေးဥယျာဉ်နှင့်ပညာပေးပြခန်း၊

၈။      စန္ဒကူးတောနှင့်မြန်မာ့ရွှေသမင်ခြံ၊

၉။      ငှက်သိုက်ချောက်ကမ်းပါး၊

၁၀။    ကုန်းပြင်မြင့်ချော်လွှာရှုခင်းသာ၊

၁၁။    ဗဆော့ဆန်သောချော်ရည်စီးကြောင်း၊

၁၂။    တောင်ပေါ်ရွာ(တောင်) ရှုခင်းသာ၊

၁၃။    ပုပ္ပားတောင်ကလပ် အင်ကြင်းကျောက်များ၊

၁၄။    တောင်နားတောင် ရှုခင်းသာ၊

၁၅။    ပုပ္ပားတောင်မကြီးမီးတောင်ဝနှင့် ဂဲမိုးအိုင်                 တို့ဖြစ်ပါသည်။

ဘူမိနယ်မြေ(Geosite)များသည် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့်  ဆက်စပ်ဝန်ကြီးဌာနများ၏ ကျွမ်းကျင်ပညာရှင်များက စနစ်တကျကွင်းဆင်း လေ့လာဖော်ထုတ်ပြီး ရွေးချယ်ထားသည့်နေရာများ ဖြစ်ခြင်းကြောင့် ဘူမိဗေဒဆိုင်ရာအပြင် ထိန်းသိမ်းရေးဆိုင်ရာ အနေဖြင့်လည်း ထူးခြားသော နေရာများ ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဘူမိအမွေအနှစ်များ၊ သဘာဝအလှ၊ သစ်ပင်ပန်းမန်၊ တောရိုင်းတိရစ္ဆာန်နှင့် ကျေးငှက်သာရကာများကို လေ့လာရှုမြင်နိုင်ပြီး အတိတ်ပထဝီဝင်၊ သမိုင်းကြောင်းနှင့်  ရာသီဥတု အခြေအနေများကိုပါ လေ့လာဆန်းစစ်နိုင်သော  နေရာတစ်ခုဟုဆိုနိုင်ပါသည်။

အကျိုးကျေးဇူးများ

အမျိုးသားအဆင့်နှင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်များ သတ်မှတ်နိုင်ရေးလုပ်ငန်းစဉ်သည်   မိမိတို့နိုင်ငံ၏ ထူးခြားထင်ရှားသော သဘာဝအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူပြုနိုင်ရုံသာမက မြန်မာနိုင်ငံ၏ သဘာဝသယံဇာတကြွယ်ဝမှုနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်အကြောင်းများကို တင်ပြနိုင်မည် ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ပိုမိုသိရှိလာစေနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဘူမိဥယျာဉ် အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာအပေါ် ပိုမိုဂုဏ်ယူဝင့်ကြွား လာနိုင်ပြီး   သဘာဝသယံဇာတနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း ကာကွယ်ဖို့ အသိအမြင်များ ပိုမိုနိုးကြားလာစေမည်ဖြစ်ပါသည်။ အမျိုးသားအဆင့်နှင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်များ သတ်မှတ်ခြင်းမှတစ်ဆင့်  ခရီးသွားလုပ်ငန်းများ  ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး   ဒေသခံများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုလာနိုင်မည်ဖြစ်ပါသည်။

ပုပ္ပားတောင်အမျိုးသားဥယျာဉ်နှင့် ပုပ္ပားဒေသသည် မြန်မာနိုင်ငံတွင် ပြည်ပခရီးသွားများ အများဆုံး လာရောက်ကြသည့် နေရာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် နီးကပ်စွာတည်ရှိသည့်အတွက် ပုဂံနှင့်ဆက်စပ်ပြီး  ပုပ္ပားဒေသကိုလည်း   ခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်သည့် အလားအလာများစွာရှိပါသည်။  ပုပ္ပားဒေသကို ကမ္ဘာ့ဘူမိဥယျာဉ်

အဖြစ်  သတ်မှတ်နိုင်မည်ဆိုပါက   ပုပ္ပားဒေသတွင်  Geotourism ဟုခေါ်ဆိုသော ဘူမိခရီးသွားလုပ်ငန်း ပေါ်ပေါက်လာမည်ဖြစ်ပြီး  ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ထပ်မံရရှိစေမည် ဖြစ်ပါသည်။

သဘာဝအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ သဘာဝသယံဇာတ အမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် စနစ်တကျ အသုံးပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး သဘာဝအမွေအနှစ်များဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် ထူးခြားသည့် ဘူမိသွင်ပြင်ရှိသည့်နေရာဒေသများကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းလျက်ရှိပါသည်။ ဇီဝမျိုးစုံမျိုးကွဲ များနှင့် ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်ရာတွင် နိုင်ငံအဆင့်သာမက ဒေသတွင်းနှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ စီမံအုပ်ချုပ်နိုင်စေရန်၊  နည်းပညာနှင့် ရန်ပုံငွေအထောက်အပံ့များရရှိနိုင်စေရန်နှင့် နိုင်ငံ၏ ပုံရိပ်ကိုမြှင့်တင် နိုင်ရန်အတွက် နိုင်ငံတကာနှင့် ဒေသအဆင့် အသိအမှတ်ပြုသဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်   အဆင့်တိုးမြှင့်တည်ထောင်နိုင်ရေး၊ သတ်မှတ်ခံရရေး ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံဧရိယာ၏(၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်ထိ သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉)ခု၊ နိုင်ငံဧရိယာ၏ (၆ ဒသမ ၄၂) ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ပြီး   ရေရှည်မျှော်မှန်းချက် ပြည့်မီနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ဒေသတွင်းကြိုးပမ်းမှုအဖြစ် အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park) (၈)ခု၊ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်အစီအစဉ်တစ်ခုဖြစ်သော လူသားနှင့်ဇီဝအ၀န်းနယ်မြေ  (Man  and Biosphere Reserve - MAB) (၂)ခု၊ နိုင်ငံတကာအဆင့်  ရမ်ဆာရေဝပ်ဒေသ(Ramsar Site) (၆)ခု နှင့် သြစတြေးလျဒေသ ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ရက်နယ်မြေ  (East Asian-Australasian Flyway Network Site) (၈)ခုတို့ကို အသိအမှတ်ပြုခံထားပြီး ဖြစ်ပါတယ်။

အမျိုးသားဘူမိဥယျာဉ် (National Geopark) မှ သည် ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark )

ကမ္ဘာ့ဘူမိဥယျာဉ်များ၏အနှစ်သာရသည် ကျယ်ပြန့်သောနယ်မြေတစ်ခုကို လွှမ်းခြုံပြီး ထိန်းသိမ်းကာကွယ်မှု၊ သိမြင်နိုးကြားလာစေမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဟူသည့် မဏ္ဍိုင် (၃)ခုအပေါ် အခြေခံထားပါသည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ဘူမိဥယျာဉ်များသည် သဘာဝအမွေအနှစ်များအပြင် ယဉ်ကျေးမှု အမွေအနှစ်လက္ခဏာ အားလုံးနှင့်ဆက်စပ်နေပြီး ဘူမိဖြစ်စဉ်များ၊  ဘူမိအန္တရာယ်များ၊  ရာသီဥတုပြောင်းလဲမှု၊   သဘာဝသယံဇာတများ စဉ်ဆက်မပြတ်စီမံအုပ်ချုပ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ဆက်စပ်နေသည့် နေရာဒေသလည်းဖြစ်ပါသည်။ ကမ္ဘာ့ဘူမိဥယျာဉ်များသည် ဒေသ၏ ဘူမိအရင်းအမြစ်များအား ကာကွယ်ထိန်းသိမ်းခြင်း ဖြစ်သကဲ့သို့   ဘူမိဥယျာဉ်အတွင်းမှာရှိသော ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူ များအကြား အဓိကစီးပွားရေး လုပ်ငန်းမဏ္ဍိုင်အဖြစ်   ပေါင်းကူးပေးသောအစီအစဉ်လည်းဖြစ်ပါသည်။ ဒေသခံပြည်သူများအတွက် လူမှုစီးပွားရေးလိုအပ်ချက်များ၊ ဒေသခံစီးပွားရေးလုပ်ငန်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဘူမိခရီးသွားလုပ်ငန်းစသောလုပ်ငန်းများမှ အကျိုးအမြတ်များကို မျှဝေခံစားနိုင်ကြမည် ဖြစ်ပါသည်။

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်သည် ကမ္ဘာ့အဆင့် ထူးခြားသောအမွေအနှစ်နှင့် သမိုင်းကြောင်းများ ပိုင်ဆိုင်ထားသည့်နေရာဖြစ်ပါသည်။ ကမ္ဘာ့အဆင့်ရှားပါးသော တောရိုင်းတိရစ္ဆာန် အပါအဝင် ကြွယ်ဝတဲ့ ဇီဝမျိုးစုံမျိုးကွဲများ၊ ထင်ရှားကျော်ကြားသည့်သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ လှပသောရှုခင်းများနှင့် အဖိုးတန်ဘူမိအမွေအနှစ်တွေများစွာ ကိန်းအောင်းနေသော တန်ဖိုးမဖြတ်နိုင်သည့်နေရာဒေသ တစ်ခုဖြစ်ပါသည်။ ဆန်းကြယ်သော အလှတရားနှင့်အမွေအနှစ်များကို ယူနက်စကိုအသိအမှတ်ပြု ဘူမိဥယျာဉ်အနေဖြင့် ပေါ်ထွန်းလာပါက နိုင်ငံ၏ဂုဏ်ပုဒ်ကို မြှင့်တင်နိုင်ပြီး ပတ်ဝန်းကျင်နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အကူပြုမည်ဖြစ်ပါသည်။

ထို့ကြောင့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ကို အမျိုးသားအဆင့်မှသည်   ကမ္ဘာ့အဆင့်တက်လှမ်းနိုင်ဖို့ ဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်စေရန်အတွက် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါစို့လို့ ဖိတ်ခေါ်ရင်း မြန်မာနိုင်ငံ၏ ပထမဆုံးသောဘူမိဥယျာဉ်ဖြစ်သည့်   ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် (Mount Popa National Park) သတ်မှတ်ဖွဲ့စည်းခြင်းကို     ဂုဏ်ပြုဖော်ပြလိုက်ပါသည်။   ။

သစ်တောမောင်