ရုရှားဆီကနေ မျိုးဆက်သစ် ဗုံးကြဲလေယာဉ်များကို မကြာမီ မြင်တွေ့လာရတော့မှာလား

 

ရုရှားဆီကနေ မျိုးဆက်သစ် ဗုံးကြဲလေယာဉ်များကို မကြာမီ မြင်တွေ့လာရတော့မှာလား

 

    ရုရှားနိုင်ငံအတွက် လိုအပ်တဲ့ ဗုံးကြဲလေယာဉ်များကို စဉ်ဆက်မပြတ် ထုတ်လုပ်လာနေတဲ့  Tupolev ရဲ့ပင်မကုမ္ပဏီဖြစ်တဲ့ Rostec Corporation က စမ်းသပ်ခန်းအသစ်များကို တည်ဆောက်ပြီးစီးသွားပြီလို့  မကြာသေးမီက ထုတ်ပြန်လာပါတယ်။

ရုရှားနိုင်ငံက တာဝေးလေကြောင်းချီ လုပ်ငန်းများအတွက် အဆင့်မြင့်လေကြောင်းဆိုင်ရာ ပရိဝုဏ်ကို တည်ဆောက်နေတာပါ။ ရုရှားအခေါ်အရဆိုရင် PAK-DA လို့ခေါ်ပါတယ်။ အဲဒီထဲမှာ မျိုးဆက်သစ် ဗုံးကြဲလေယာဉ်အသစ် တစ်မျိုးကို ထုတ်လုပ်မှုလည်း ပါဝင်ပါတယ်။

အခုအဲဒီစီမံကိန်းအတွက် လိုအပ်ချက်တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ စမ်းသပ်မှုတို့အတွက် အခြေခံအဆောက်အအုံများကို  တည်ဆောက် ပြီးစီးသွားပြီဖြစ်တယ်လို့ Rostec Corpo-ration က ထုတ်ပြန်လာတာပါ။

လေကြောင်းဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်မှာ စမ်းသပ်ခန်း ဆိုတာမျိုးက လေယာဉ်ဒီဇိုင်းရဲ့ ပိုင်နိုင်ခိုင်မာမှုကို   ထိန်းချုပ် ပတ်ဝန်းကျင်မှာ လုပ်ဆောင်နိုင်စေမယ့် နေရာဖြစ်ပါတယ်။

ဒါ့အပြင် လေကိုထိုးခွင်းမှုဆိုင်ရာ အယူအဆများ၊ ကိုယ်ထည်နဲ့ဖရိန်တို့ရဲ့ကြံ့ခိုင်မှုမှသည်   လေယာဉ်ပေါ်တပ်ဆင်မယ့် ဆက်စပ်ပစ္စည်းများနဲ့ အင်ဂျင်များကိုလည်း စမ်းသပ်နိုင်ပါသေးတယ်။

ရုရှားရဲ့   Tupolev ဒီဇိုင်းဗျူရိုက မျိုးဆက်သစ်တာဝေးသွား ကိုယ်ပျောက်ဗုံးကြဲလေယာဉ် တစ်မျိုးကို ၂၀၀၀ ပြည့်နှစ် နှောင်းပိုင်းကစပြီး စိတ်ကူးယဉ်ပုံဖော်ခဲ့ပါတယ်။

လက်တွေ့အသုံးပြုနိုင်ပြီဆိုရင် လက်ရှိရုရှားလေကြောင်း အာကာသတပ်ဖွဲ့က အသုံးပြုနေတဲ့ Tu-95 Bear? Tu-150 White Swan နဲ့ Tu-22M ပင်လယ်ရေကြောင်း တိုက်ခိုက်ရေးဗုံးကြဲလေယာဉ် တို့နေရာမှာ အစားဝင်လာမှာပါ။

ရုရှားတာဝန်ရှိသူများက PAK-DA စီမံကိန်းကို ၂၀၁၀ ပြည့်နှစ် အလွန်ကာလများမှာ စတင်မိတ်ဆက်ခဲ့တာပါ။ ဒါပေမဲ့ အသေးစိတ်အချက်များကိုတော့  အခုအချိန်အထိ မထုတ်ပြန်သေးဘဲ တချို့အချက်အလက်များကိုသာ ထုတ်ပြန်ထားပါသေးတယ်။

လေ့လာသူတွေဆိုတာကလည်း ရုရှားအစိုးရနဲ့ ဆက်စပ် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားချက်တွေကို ကိုးကားပြီး လေ့လာမှုတွေ လုပ်နေကြရတာပါ။ ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်တုန်းက ရုရှားဒုတိယ ကာကွယ်ရေးဝန်ကြီးက အတည်ပြုလိုက်တဲ့ ဗုံးကြဲလေယာဉ်အသစ်ရဲ့ ဒီဇိုင်းကို ထုတ်ဖော်ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ Tupolev ကုမ္ပဏီက ဗုံးကြဲလေယာဉ်အတွက် အင်ဂျင်များရဲ့ ရှေ့ပြေးပုံစံများကို စမ်းသပ်နေပြီဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဗုံးကြဲလေယာဉ်များဟာ ၂၀၂၇ ခုနှစ်မှာ စစ်ဆင်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်မှာ   ဖြစ်တယ်လို့လည်း တာဝန်ရှိသူများက ထုတ်ပြန်ထားပါသေးတယ်။ အမြောက်အမြား ထုတ်လုပ်မှုကိုတော့ ဆယ်စုနှစ်မကုန်ခင်မှာ ဆောင်ရွက်သွားမှာပါ။

နောက်ထပ်ရရှိထားတဲ့ အချက်အလက်များ အရဆိုရင် အဲဒီမျိုးဆက်သစ် ဗုံးကြဲလေယာဉ်ဟာ   လက်ရှိဗုံးကြဲလေယာဉ်များရဲ့ လုပ်ဆောင်နိုင်စွမ်းဖြစ်တဲ့ တာဝေးသွားဝေဟင်ပစ်ဒုံးကျည်များ၊   အနိမ့်ပျံဒုံးကျည်များနဲ့ အသံနှုန်းလွန်ဒုံးကျည်များကို ပစ်ခတ်နိုင်ရုံသာမက အနာဂတ်အတွက် အလားအလာကောင်းတွေရှိတဲ့ လက်နက်အသစ်အဆန်းများကိုလည်း ပစ်ခတ်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင်   အဲဒီဗုံးကြဲလေယာဉ်မှာ ရုရှားရဲ့နောက်ဆုံးပေါ် ဆက်သွယ်ရေးနဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေး စနစ်များလည်း ပါဝင်လာဦးမှာပါ။

လတ်တလောသိရှိထားတဲ့   အချက်အလက်များအရ ပြောရမယ်ဆိုရင်တော့ ကီလိုမီတာ ၁၂၀၀၀ ကနေ ၁၅၀၀၀ အထိ တာဝေး ပျံသန်းနိုင်မယ်။   လေယာဉ်ဆီတစ်ခါဖြည့်ထားရုံနဲ့ ဝေဟင်ထက်မှာ နာရီ ၃၀ အထိနေနိုင်မယ်။

စစ်သည်လေးဦးလိုက်ပါနိုင်ပြီး အလေးချိန်တန် ၃၀ အထိရှိတဲ့ စစ်လက်နက် ပစ္စည်းများကိုလည်း သယ်ဆောင်နိုင်ဦးမှာ ဖြစ်ပါတယ်။  ဒီအချက်အလက်တွေက တိကျမှုတော့ မရှိနိုင်သေးပေမယ့်  အဲဒီထက်တော့မလျော့တဲ့ စွမ်းဆောင်ရည်များ ရှိမှာတော့ သေချာပါတယ်။

ဒါ့အပြင် နောက်ထပ်သေချာတဲ့အချက်တစ်ခုက အခုဖန်တီးနေတဲ့ ဗုံးကြဲလေယာဉ်အသစ်ဟာ တကယ့်ကို သစ်လွင်ဆန်းပြားတဲ့ နည်းပညာများနဲ့  ပွဲထွက်လာမယ်ဆိုတဲ့ အချက်ပါပဲ။

ဘာကြောင့် ဒီလိုပြောနိုင်တာလဲဆိုရင် အခုပြီးစီးသွားပြီဖြစ်တဲ့ စမ်းသပ်ခန်းများဆိုတာက လေယာဉ်တစ်စင်းရဲ့ပထမဆုံး ရှေ့ပြေးပုံစံများကို အကောင်းဆုံး စမ်းသပ်နိုင်မယ့်နေရာများ ဖြစ်နေလို့ပါပဲ။

နောက်တစ်ချက်က အခုရရှိထားတဲ့ သတင်းများအရ လေယာဉ်တစ်စင်းလုံးကို ဝေဟင်ထက်မပျံသန်းမီ   နောက်ဆုံး စမ်းသပ်မှုလုပ်နိုင်ဖို့ အကောင်းဆုံး အခြေအနေကိုရရှိထားပြီလို့ ခိုင်မာတဲ့ သတင်းအရင်းအမြစ်များက ဆိုလာခြင်းကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် သိပ်မဝေးတော့တဲ့အနာဂတ် ကာလမှာ ရုရှားရဲ့လေကြောင်း အာကာသတပ်ဖွဲ့မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ တာဝေးသွားဗုံးကြဲလေယာဉ်များကို မြင်တွေ့လာရတော့မယ့် အခြေအနေရှိနေပြီဖြစ်ကြောင်း  ရေးသားတင်ပြလိုက်ရပါတယ်။

ထက်မြတ်