လူတန်အသင်းခေါင်းဆောင် တွမ်လော့ခ်ယာ ဦးခေါင်းဒဏ်ရာကြောင့် ကွင်းအတွင်း သတိလစ် မေ့မြောခဲ့သည့်အတွက် ဘုန်းမောက်စ်နှင့် လူတန်အသင်းတို့ ပွဲစဉ်ကိုရွှေ့ဆိုင်း
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇)အဖြစ် ကစားသည့် ဘုန်းမောက်စ်နှင့် လူတန်အသင်းတို့ပွဲစဉ်တွင် လူတန်အသင်းခေါင်းဆောင် တွမ်လော့ခ်ယာသည် ဦးခေါင်းဒဏ်ရာကြောင့် ကွင်းအတွင်း သတိလစ် မေ့မြောခဲ့သည့်အတွက် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်၌ ပွဲချိန် ၆၅ မိနစ်တွင် လူတန်အသင်း ခေါင်းဆောင် တွမ်လော့ခ်ယာသည် ဦးခေါင်းဒဏ်ရာကြောင့် ကွင်းအတွင်းသတိလစ် မေ့မြောခဲ့သည့် အတွက် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ပြီးနောက် ပွဲစဉ်ကိုခေတ္တရပ်ဆိုင်းခဲ့သော်လည်း နောက်ပိုင်းတွင် နှစ်ဖက် အသင်းတာဝန်ရှိသူများနှင့် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ အရေးပေါ်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပွဲစဉ်ကိုဆက်လက် ကစားခြင်းမရှိတော့ဘဲ အပြီးရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
တွမ်လော့ခ်ယာ ကွင်းအတွင်းသတိလစ် မေ့မြောနေချိန်တွင် လူတန်အသင်း ဆေးအဖွဲ့ဝင်များက ရှေးဦးသူနာပြုစုနည်းနှင့် ကုသခဲ့ပြီးနောက် တွမ်လော့ခ်ယာအနေဖြင့် အသိစိတ်ရှိနေသေးသော်လည်း စကားပင်မပြောနိုင်ဘဲ အတန်ကြာမေ့မြောနေပြီး အသက်အန္တရာယ်ပင် စိုးရိမ်ဖွယ်ရှိနေသည့်အတွက် ဆေးရုံသို့ု ပို့ဆောင်ခဲ့ရခြင်းဖြစ်သည်။
လူတန်အသင်းဆေးအဖွဲ့က တွမ်လော့ခ်ယာအနေဖြင့် အသိစိတ်ဝင်နေပြီး တုံ့ပြန်မှုရှိသေးသော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်အခြေအနေ ရှိနေသောကြောင့် အခြေအနေအားလုံးကို ဆက်လက်စောင့်ကြည့်ရမည်ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါပွဲစဉ်၌ ပွဲချိန်သုံးမိနစ်တွင် အဒီဘာယိုက လူတန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် ဆိုလန်ကီက ဘုန်းမောက်စ်အသင်း အတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ကာ တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေပြီး ပွဲစဉ်ပြန်လည်ကစားမည့်ရက်ကို ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်နှင့် နှစ်ဖက်အသင်းတာဝန်ရှိသူများ ဆွေးနွေးမှုပြုလုပ်ပြီး ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။