(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပွဲတော်တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၁၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပွဲတော် ကျင်းပမည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြခန်းခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည့် အားကစား လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင်များ၏ပုံတူရုပ်တုများ၊ စာအုပ်စာပေများ၊ ပွဲတော်သို့ လာရောက်ကြသူများ ပျော်ပျော်ရွှင်ရွှင် အားကစားနည်းဂိမ်းများ ကစားနိုင်စေရေး၊ လူငယ်ကဏ္ဍနှင့် ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်ခဲ့မှု မှတ်တမ်းများ၊ အသက်မွေး ဝမ်းကျောင်းသင်တန်း ဖွင့်လှစ်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုနိုင်ရေး၊ E-sports ပြခန်း ခင်းကျင်းပြသထားမှုများနှင့် ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနားတွင် သရုပ်ပြသမည့် ဂျူဒို၊ ဗိုဗီနမ်၊ ခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ လက်ဝှေ့၊ သိုင်း၊ ကျွမ်းဘား၊ ဘော်လီဘော အားကစားနည်းများနှင့် Fitness Dance သရုပ်ပြအဖွဲ့များ၏ ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး သရုပ်ပြ အားကစားအဖွဲ့များ ညီညီညာညာဖြင့် သရုပ်ပြသနိုင်ရေးအတွက် ဂရုတစိုက်ကြိုးစား ဆောင်ရွက်သွားကြရန်နှင့် အုပ်ချုပ်သူ/ နည်းပြများကလည်း မိမိအားကစား အဖွဲ့များ စည်းကမ်းတကျ ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပလျက်ရှိသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။