ဥရောပထိပ်တန်းလိဂ်ငါးခုတွင် ရှုံးပွဲမရှိသေးသည့် တစ်သင်းတည်းသော အသင်းအဖြစ် လေဗာကူဆင်အသင်း ဆက်လက် ရပ်တည်နေ
ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ် (၁၅) အဖြစ် ကစားသည့် လေဗာကူဆင်အသင်းနှင့် ဖရန့်ဖတ်အသင်း တို့ပွဲစဉ်တွင် လေဗာကူဆင်အသင်းက အိမ်ကွင်း၌ ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက် ဥရောပထိပ်တန်း လိဂ်ငါးခုတွင် လက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးသည့် တစ်သင်းတည်းသော အသင်းအဖြစ် လေဗာကူဆင် အသင်းက ဆက်လက် ရပ်တည်နေကြောင်း သိရသည်။
လေဗာကူဆင်အသင်းသည် နည်းပြဇာဗီအလွန်ဆို လက်အောက်တွင် ပုံစံကောင်းများ ပြသလျက်ရှိပြီး ဥရောပထိပ်တန်းလိဂ် ငါးခုဖြစ်သည့် ပရီးမီးယားလိဂ် ပြိုင်ပွဲ၊ စပိန်လာလီဂါပြိုင်ပွဲ၊ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၊ အီတလီစီးရီးအေပြိုင်ပွဲနှင့် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲတို့ တွင် ထိပ်တန်းအသင်းကြီးများပင် ရှုံးပွဲများ အသီးသီး တွေ့ကြုံထားသော်လည်း လေဗာကူဆင်အသင်းက လက်ရှိအချိန်ထိ ပုံစံကောင်းတစ်ရပ်ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
လေဗာကူဆင်အသင်းသည် ယခုဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၌ ၁၅ ပွဲကစားအပြီးတွင် ၁၂ ပွဲနိုင်၊ သုံးပွဲသရေရလဒ် ထွက်ပေါ်ပြီး ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသကဲ့သို့ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း အုပ်စုပွဲစဉ်ခြောက်ပွဲ ကစားရာ ခြောက်ပွဲစလုံး အနိုင်ရရှိကာ အုပ်စုထိပ်ဆုံးဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ် သည်။
အလားတူ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတွင်လည်း (၁၆) သင်းရှုံးထွက်အဆင့်သို့ တက်ရောက်ထားသည့် အတွက် ဥရောပထိပ်တန်းလိဂ်ငါးခု၌ သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲတွင်သာမက ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးသည့် တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေခြင်း ဖြစ်သည်။
ထို့ပြင် လေဗာကူဆင်အသင်းသည် ဂျာမန်ဘွန် ဒက်စ်လီဂါပြိုင်ပွဲတွင် ပေးဂိုး ၁၂ ဂိုးသာရှိသေးသည့် အတွက် ပေးဂိုးအနည်းဆုံး အသင်းအဖြစ်လည်း ရပ်တည်နေကြောင်း သိရသည်။