ကမ္ဘာ့စီးပွားရေးကို အလျင်အမြန် ပုံဖော်လာသည့် BRICSနှင့်အမေရိကန်ဒေါ်လာအတွက် ထွက်ပေါ်လာသည့် ခြိမ်းခြောက်မှု

 

ကမ္ဘာ့စီးပွားရေးကို အလျင်အမြန် ပုံဖော်လာသည့် BRICSနှင့်အမေရိကန်ဒေါ်လာအတွက် ထွက်ပေါ်လာသည့် ခြိမ်းခြောက်မှု

 

    ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် နိုင်ငံအများအပြားက ဒေါ်လာငွေကြေးအပေါ် အမှီသဟဲပြုနေရခြင်းကို လျှော့ချနိုင်ရေး အတွက် BRICS   အဖွဲ့ဝင်နိုင်ငံများက ကြိုးပမ်းလျက်ရှိရာ ကမ္ဘာ့ကုန်သွယ်ရေးတွင်  အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှု အပေါ်သက်ရောက်မည့် အလားအလာများ ထွက်ပေါ်လာလျက်ရှိသည်။ အမေရိကန်ဒေါ်လာသည်   ကမ္ဘာ့နိုင်ငံများကြား ကုန်သွယ်မှုလုပ်ဆောင်ရာတွင် အဓိကအသုံးပြုသည့် ငွေကြေးအဖြစ် ဆယ်စုနှစ်များစွာကြာ ရပ်တည်လာခဲ့သော်လည်း

ယခုအခါ   နိုင်ငံအများအပြားသည် အမေရိကန်၏  လွှမ်းမိုးခြယ်လှယ်မှုကို တုံ့ပြန်နိုင်ရေးအတွက် ယင်းငွေကြေးအသုံးပြုနေခြင်းကို လျှော့ချပစ်ရန် ကြိုးပမ်းလာပြီဖြစ်သည်။

BRICS အဖွဲ့တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊  တရုတ်နှင့်  တောင်အာဖရိကနိုင်ငံတို့ပါဝင်ပြီး ယင်းနိုင်ငံများသည် ယခုအခါ  ၎င်းတို့၏ စီးပွားရေးတိုးတက်မှုကို တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံများကြား ကုန်သွယ်ရာတွင် ဒေါ်လာငွေကြေး အသုံးပြုမှုကို လျှော့ချရန် ဆွေးနွေးတိုင်ပင်မှုများကို တိုးမြှင့်လုပ်ဆောင်လာပြီဖြစ်သည်။ BRICS အဖွဲ့ကို ကနဦးတွင် တောင်ကိုရီးယားနိုင်ငံပါဝင်ခြင်း မရှိဘဲ BRIC အဖွဲ့အဖြစ် ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ရာတွင်  အမေရိကန်ပြည်ထောင်စု  နယူးယောက်အခြေပြုနိုင်ငံစုံ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် Goldman Sachs  မှ စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ဂျင်အိုနေးလ်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

BRICS အဖွဲ့သို့ တောင်အာဖရိကနိုင်ငံက ၂၀၁၀ ပြည့်နှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။ ဂျင်အိုနေးလ်၏ အဆိုအရ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့၏ စီးပွားရေး အင်အားသည် လာမည့်  ၂၀၅၀ ပြည့်နှစ်တွင်  ကမ္ဘာ့စီးပွားရေးအပေါ် လွှမ်းမိုးလာမည့် အလားအလာရှိကြောင်း သိရှိရသည်။ ထို့ကြောင့် BRICS  အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ၎င်းတို့၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်ရေးအတွက်  ထိန်းချုပ်မှုကင်းမဲ့ပြီး လွတ်လပ်သည့် ငွေကြေးပေးချေမှုစနစ် တစ်မျိုးကို အသုံးပြုရန် လိုအပ်နေကြောင်း၊ သို့မှသာ အဆိုပါငွေကြေးပေးချေသည့် စနစ်အရ အဖွဲ့ဝင်တစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း   ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တန်ဆီလူအာနော့ဗ်က တရုတ်နိုင်ငံ ပေကျင်းမြို့တော်၌ ဒီဇင်ဘာလ ၁၈ ရက်တွင် ကျင်းပသည့် ရုရှား-တရုတ် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ BRICS အဖွဲ့သည် ကမ္ဘာ့စီးပွားရေးကို  အလျင်အမြန် ပုံဖော်လျက်ရှိပြီး  လာမည့် ၂၀၄၀ ပြည့်နှစ်ခန့်တွင် စက်မှုအင်အားကြီး ခုနစ်နိုင်ငံပါဝင်သည့်  G7  အဖွဲ့၏  စီးပွားရေး အင်အားကို ကျော်တက်သွားမည်ဟု  ကမ္ဘာကျော် မီဒီယာကြီးတစ်ခုဖြစ်သည့် Bloomberg  က ပြီးခဲ့သည့်လ အတွင်းက ထုတ်ပြန်ခဲ့သည်။ BRICSအဖွဲ့တွင် လက်ရှိ၌ အဖွဲ့ဝင် ငါးနိုင်ငံသာ ပါဝင်လျက်ရှိသော်လည်း လာမည့်နှစ်တွင် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့်    အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)တို့က အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မည့် အလားအလာရှိသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံရေးတွင် မိမိနှင့်သဘောထား မတူညီသည့် နိုင်ငံများ သို့မဟုတ် သဘောထားကွဲလွဲသည့် နိုင်ငံများ သို့မဟုတ် သြဇာမခံသည့်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ခြင်းကို  လက်နက်အဖြစ်  အသုံးချလုပ်ဆောင်နေသည့် အမေရိကန်၏ တစ်ဖက်သတ် လုပ်ဆောင်ချက်များကို  ရှောင်ရှားနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်ရေးတွင် ဒေါ်လာငွေကြေး အသုံးပြုခြင်းကို လျှော့ချရန်   ကြိုးပမ်းလာခြင်းလည်းဖြစ်သည်။

သို့ဖြစ်ရာ BRICS   အဖွဲ့တွင် လက်ရှိအဖွဲ့ဝင်အဖြစ် ပါဝင်နေသည့်  နိုင်ငံများအပြင် အဖွဲ့ဝင်သစ်များအဖြစ် ပူးပေါင်းပါဝင်လာမည့် နိုင်ငံများကြား ကုန်သွယ်မှု ပြုလုပ်ရာတွင်  ဒေါ်လာအစား  အခြားငွေကြေး သို့မဟုတ် မိမိတို့နိုင်ငံသုံး ငွေကြေးများဖြင့် အစားထိုးအသုံးပြုနိုင်မည်ဆိုပါက ကမ္ဘာ့ကုန်သွယ်ရေးတွင် နေရာယူထားသည့် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုကို ခြိမ်းခြောက်လာနိုင်ဖွယ် ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။