သမားဇာနည် အောင်စစ်သည် လင်းလက်လာချေပြီ
(တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) ကျောင်းဆင်းဂုဏ်ပြု ဆောင်းပါး)
တပ်မတော် ဆေးတက္ကသိုလ်သည် “တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်နှင့်အညီ နှစ်စဉ်သမားဇာနည်များကို မွေးထုတ်ပေးလျက်ရှိရာ ယခုအခါ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄)သင်တန်းကာလ ပြီးဆုံးပြီဖြစ်သဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားထားရာ ဆေးသိပ္ပံပညာရှင်၊ အရာရှိငယ်များကို မွေးထုတ်ပေးလိုက်ပြီဖြစ်သည်။
တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် တပ်မတော်သား ဆရာဝန်များဖြစ်သကဲ့သို့ စစ်ဘက်ခေါင်းဆောင်ငယ်များလည်း ဖြစ်သည့်အတွက် မိမိကိုယ်ကိုခေါင်းဆောင်မှု အရည်
အချင်းနှင့်ပြည့်စုံနေအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့်ခေါင်းဆောင်မှု ပေးပြီး မိမိတပ်ဖွဲ့ဝင်များနှင့် အတူပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြရမည်၊ ရဲစွမ်းသတ္တိနှင့်ပြည့်ဝသည့် တပ်မတော်သား ခေါင်းဆောင်ငယ်ကောင်းများ ဖြစ်ရန်လိုသကဲ့သို့ ဆရာဝန်ဖြစ်သည့် အလျောက် မြင့်မြတ်သည့်စိတ်ထား ကူညီရိုင်းပင်းသည့် နှလုံးရည်နှင့်ပြည့်ဝရန် လိုအပ်ကြောင်း၊ တစ်နည်းအားဖြင့် ပြောရမည်ဆိုပါက လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် “ပညာပြည့်ဝ၊ နှလုံးလှ” အောင် မိမိကိုယ်ကို အမြဲလေ့ကျင့် တည်ဆောက်သွားကြရန် လိုအပ်သကဲ့သို့ ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းအစဉ်အလာကောင်းများကိုလည်း “သမားဇာနည်အောင်စစ်သည်” ဟူသည့်အတိုင်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဟု အလေးအနက်ထား တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ကျောင်းဆင်း ဗိုလ်လောင်းများအနေဖြင့် သင်တန်းဆင်း မိန့်ခွန်းပါသြဝါဒများကို နာယူလျက် ထိုသြဝါဒများအတိုင်း လိုက်နာကျင့်သုံးနိုင်သည်နှင့်အမျှ အရာရှိကောင်းများ ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်သည်။
တပ်မတော်ဆေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် ဆေးမှူးအရာရှိများသည် တာဝန်ကျရာဒေသနှင့် တာဝန်ထမ်းဆောင်ရမည့် တပ်အသီးသီးတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးကြမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေး အတွက် တာဝန်ရှိသည့် တပ်မတော်သားတစ်ဦးဖြစ်သည်နှင့် အညီ လိုအပ်လာပါက စစ်မြေပြင်တွင် စစ်ဆင်ရေးတာဝန်များကိုပါ ပူးတွဲထမ်းဆောင်နိုင်ရေး လေ့ကျင့်သားပြည့်ဝပြီးဖြစ်သည်။
တပ်မတော်သည်ပြည်သူ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်လျက် ရှိသည်နှင့်အညီ ဆေးသိပ္ပံပညာရှင် အရာရှိများအနေဖြင့် တာဝန်ကျရာဒေသ အသီးသီးရှိ တပ်မတော်သား မိသားစုဝင်များ၏ ကျန်းမာရေးသာမက တိုင်းရင်းသား ညီအစ်ကိုများ၏ ကျန်းမာရေးကိုလည်း “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဟူသည့် ဆောင်ပုဒ်အတိုင်း စေတနာတရား၊ အကြင်နာတရား အပြည့်ဖြင့် ပြုစုစောင့်ရှောက်ရေး သန္နိဋ္ဌာန်ချထားပြီးဖြစ်ကြသည်။ ထို့အတူကျန်းမာရေးနှင့် ပတ်သက်၍ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်”ဆိုသည့်အတိုင်း ကိုယ်စီကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများ မြင့်မားလာအောင် အသိပညာဖြန့်ဝေပေးခြင်း ၊ကြိုတင်ကာကွယ်မှုနှင့် ကုသမှုဆိုင်ရာ ပညာပေးသည့် လုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ရင်း ကျန်းမာရေး အထောက်အကူပြုကြမည်ဖြစ်သည်။
လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာခဲ့ပြီး သမိုင်းအစဉ်အလာကြီး ခဲ့သည့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် (၇၆)နှစ်မြောက်ပြီဖြစ်ပြီး စိန်ရတုကျော်လွန်ခဲ့ပြီဖြစ်သည်။ ခေတ်အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ကြီးသည် နိုင်ငံ့အကျိုး၊ပြည်သူ့အကျိုး၊ တပ်မတော်အကျိုးကို သယ်ပိုးထမ်းရွက်လာခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။
ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ဆေးရုံ၊ဆေးတပ်ရင်းများတွင်သာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုများအတွက် ပြည့်စုံလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နယ်လှည့်ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်အနေဖြင့်လည်း နိုင်ငံအနှံ့ ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ခွဲစိတ်ကုသခြင်း၊ မီးဖွားခြင်းနှင့် ပြင်ပလူနာကြည့်ရှုကုသမှုများ ဆောင်ရွက်နိုင်ရန် လိုအပ်သော ဆေးကုသရေးဆိုင်ရာ ယန္တရား၊ ပစ္စည်းများကို အစဉ်မပြတ်ဖြည့်တင်းပေးခဲ့သည်။
အလားတူစွာ တပ်မတော်ဆေးရုံများတွင် ကျောက်ကပ်အစားထိုး ကုသမှု၊ အသည်းအစားထိုးကုသမှု၊ နှလုံးသွေးကြောရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသမှု၊ နှလုံးခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသမှုများ ပြုလုပ်နိုင်အောင် တပ်မတော်က အဆင့်မြှင့်တင်ပေးခဲ့သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် တပ်မတော်အတွင်း ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ ဆေးမှူးများ ဖြစ်လာမည့် ကျောင်းဆင်းအရာရှိများသည် လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ရင်း လေ့လာဖြည့်ဆည်း လေ့ကျင့်မှုများနှင့်ပေါင်းစပ်ကာ တစ်ချိန်တွင်ပါရဂူ အရာရှိကြီးများအဖြစ် မလွဲမသွေရောက်ရှိလျက်အားထားရသော ဆေးသိပ္ပံပညာရှင်များအဖြစ် မြင်တွေ့လာရမည်ဖြစ်သည်။
ယနေ့ခေတ်ကို ဒစ်ဂျစ်တယ်အင်တာနက် နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence- AI) တို့ပေါင်းစပ်ထားသည့် စက်မှုတော်လှန်ရေး စတုတ္ထခေတ် (Industry 4.0) ဟုပညာရှင်များက သတ်မှတ်ထားကြသည်။ ကုန်ပစ္စည်းထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ဖြန့်ဖြူးမှု လုပ်ငန်းများတွင် လူလုပ်အသိဉာဏ်မြင့် စက်ရုပ်များ၊ သုံးဘက်မြင်နည်းပညာများ၊ နည်းပညာမြင့်ဒစ်ဂျစ်တယ် ကိရိယာများကဲ့သို့သော လျှပ်စစ်ပစ္စည်းများ အသုံးပြုလာပြီ ဖြစ်သည်။ ယခုကဲ့သို့ စက်မှုတော်လှန်ရေး စတုတ္ထခေတ်တွင် ဖွံ့ဖြိုးတိုးတက်လာသော ဒစ်ဂျစ်တယ်နှင့်ကွန်ပျူတာနည်းပညာများကို ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ၌တွင်ကျယ်စွာ အသုံးပြုရန် ကမ္ဘာ့နိုင်ငံများအကြားတွင် ပြင်ဆင်နေကြပြီဖြစ်ရာ တိုးတက်ပြောင်းလဲလာသော အခြေအနေအရပ်ရပ်ကို လေ့လာခြင်းဖြင့် ဆေးပညာဆိုင်ရာ အသိပညာများ တိုးတက်ပြည့်ဝလာမည်ဖြစ်သည်။ ထိုအခါ ခေတ်မီနည်းပညာပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူများစွာ ရရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးအောင် ဖန်တီးနိုင်စွမ်းရှိသဖြင့် အကျိုးများစွာရရှိစေသည်။ ပထမအကြိမ် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ တပ်မတော် အရိုးအထူးကုဆေးရုံကြီး ခုတင်-၅၀၀ တွင် ကျင်းပပြုလုပ်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ်ဆေးပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးကြသည်။ အကြိမ် (၃၀) မြောက် နိုင်ငံတကာအဆင့် ဆေးပညာနှီးနှောဖလှယ်ပွဲကြီးကို တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နေ့ဖြစ်သည့် အောက်တိုဘာလ ၁ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃ ရက်မှ ၅ ရက် အထိ ပြင်ဦးလွင်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံ ခုတင်-၇၀၀ တွင် ပြည်တွင်းပြည်ပမှ ဆေးပညာရှင်များဖြင့် ကျင်းပခဲ့ပြီး တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းစာမျက်နှာတွင် ရွှေရောင်နေ့သစ်များ ထပ်မံပေါ်ထွန်းလာခြင်း ဖြစ်သည်။ သုတေသနစာတမ်း တစ်ခုချင်းစီသည် တန်ဖိုးကြီးမားလှသဖြင့် ဆေးသိပ္ပံပညာရှင်အရာရှိများ အနေဖြင့် လက်လှမ်းမီလေ့လာနိုင်အောင် ကြိုးစားကြပါက ပညာရပ်များ ပိုမိုတိုးပွားလာမည်ဖြစ်သည်။
တပ်မတော်ဆေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် ဆေးမှူးအရာရှိများသည် တာဝန်ကျရာဒေသနှင့် တာဝန်ထမ်းဆောင်ရမည့် တပ်အသီးသီးတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတကာ ဆေးပညာရှင်များနှင့် ရင်ပေါင်တန်းနိုင်သည့် တပ်မတော်သားအရာရှိ ဆရာဝန်များသည် ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့ကြပြီး ယခုလည်း ပေါ်ထွန်းနေဆဲပင်ဖြစ်သည်။ အစဉ်အလာကောင်းများကို ထိန်းသိမ်းပြီး အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့်သူများသည် စစ်ဘက်၊ နယ်ဘက်ဥပဒေများကို တိကျစွာလိုက်နာ၍ စွမ်းရည်ထက်မြက်သည့် တပ်မတော်သားကောင်းများဖြစ်အောင် အစဉ်ကြိုးစားအားထုတ်ရေးမှာ အလွန်အရေးကြီးလှသည်။
“သမားဇာနည် အောင်စစ်သည်” ဟူသည့် တပ်မတော်ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်အတိုင်း နိုင်ငံတော်နှင့် တပ်မတော်ကအားထားရမည့် ဆေးမှူးအရာရှိကောင်းများဖြစ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်ခြင်း၊ ပြောင်းလဲတိုးတက်လာသည့် ဆေးသိပ္ပံပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာ ဆည်းပူး သုတေသနပြုပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးစားဆောင်ရွက်ခြင်း၊ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူလူထု များ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် အားသွန်ခွန်စိုက်ဆောင်ရွက်ခြင်းတို့ဖြင့် တပ်မတော်ဆေးတက္ကသိုလ်၏ဂုဏ်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ဂုဏ်၊ တပ်မတော်၏ဂုဏ်ကိုမြှင့်တင်နိုင်ကြပါစေကြောင်း တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်း အခမ်းအနားကို ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။