ပဋိဇီဝဆေးဝါးများသည် အစာအိမ်ထဲတွင် ဆေးယဉ်ပါးမှုပြဿနာ ပိုမိုဖြစ်ပွားနိုင်

 

ပဋိဇီဝဆေးဝါးများသည် အစာအိမ်ထဲတွင် ဆေးယဉ်ပါးမှုပြဿနာ ပိုမိုဖြစ်ပွားနိုင်

ယနေ့အချိန်အခါတွင် ပဋိဇီဝဆေးဝါးယဉ်ပါးမှုပြဿနာများသည်  ကမ္ဘာအနှံ့၌ ဖြစ်ပွားလျက်ရှိသည်။  ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးဝါးသုံးစွဲမှုသည် ၂၀၀၀ ပြည့်နှစ်မှ  ၂၀၁၅  ခုနှစ်အတွင်း  ယခင်ထက် ၆၅ ရာခိုင်နှုန်းခန့် ပိုမိုများပြားလာသည်။ ပဋိဇီဝဆေးဝါးများကို စနစ်တကျ မသုံးစွဲပါက  ၂၀၃၀ ပြည့်နှစ်သို့  ရောက်ရှိလျှင် အထက်ဖော်ပြပါအသုံးပြုမှုထက်  နှစ်ဆ ပိုမိုများပြားလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ပဋိဇီဝဆေးဝါးများ အသုံးပြုမှုများပြားလာခြင်းမှာ ဝင်ငွေနိမ့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများ၌ ယင်းဆေးဝါးများကို အလွယ်တကူဝယ်ယူရရှိနိုင်သောကြောင့်ပင်ဖြစ်သည်။ ထို့ပြင်  ပဋိဇီဝ ဆေးဝါးများကို  ဗိုင်းရပ်စ်ကြောင့်ဖြစ်သောရောဂါများတွင် အသုံးပြုခြင်း၊ မလိုအပ်ဘဲသောက်သုံးခြင်း၊     ဆေးဝါး သောက်သုံးမှုပုံစံမမှန်ကန်ခြင်း  စသည့် လွဲမှားစွာအသုံးပြုသောအချက်များကြောင့်  ဆေးယဉ်ပါးမှု ပြဿနာများ   ပိုမိုဖြစ်ပွားလာခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပွားခြင်းသည် အနာဂတ်ကမ္ဘာကြီး၌ လူသားများတွင် ပိုးမွှားများကြောင့်ဖြစ်သောရောဂါများကို ပျောက်ကင်းအောင်ကုသရန် ဆေးဝါးအခက်အခဲများစွာ     ရှိလာနိုင်မည် ဖြစ်သည်။

လူသားတို့၏ အစာအိမ်သည် မတူညီသောဗက်တီးရီးယားများဖြင့် ပြည့်နှက်နေသည်။ ယင်းဗက်တီးရီးယား များသည် ကျန်းမာရေးအတွက်  အဓိကအရေးပါပြီး အထူးသဖြင့်  ခန္ဓာကိုယ်၏   ကိုယ်ခံအားစနစ်နှင့် ဇီဝဖြစ်ပျက်မှုများတွင် အသုံးဝင်သည်။  ထို့ပြင်   ပဋိဇီဝဆေးဝါးအသုံးပြုမှုများသည် အစာအိမ် အူလမ်းကြောင်းတွင် ရှိသော ခန္ဓာကိုယ်အကျိုးပြု ဗက်တီးရီးယားများအား  ပျက်စီးလျော့ကျစေနိုင်သည်။

ထို့ကြောင့်    ပဋိဇီဝဆေးဝါးသောက်သုံးသည့် ကာလပြီးဆုံးပါက ယင်းဗက်တီးရီးယားများ ပြန်လည်ကောင်းမွန် ကျန်းမာ လာစေရန်  ဒိန်ချဉ်သောက်သုံးခြင်း၊  ကင်မ်ချီစားသုံးခြင်း၊    ကြက်သွန်နီစားသုံးခြင်း၊    ကြက်သွန်ဖြူ စားသုံးခြင်း၊  ငှက်ပျောသီးစားသုံးခြင်းတို့ပြုလုပ်နိုင်ပြီး အသင့်စားသုံးနိုင်သော အစားအစာများကို ရှောင်ကြဉ်သင့်ကြောင်း  သုတေသီများက  အကြံပြုထားကြသည်။

အင်္ဂလန်နိုင်ငံရှိ   Imperial College မှ သုတေသီများသည် ပဋိဇီဝဆေးဝါးများမှ တစ်ဆင့် ဆေးယဉ်ပါးမှုကို ဖြစ်စေနိုင်သော ပိုးမွှားများအား တိုက်ထုတ်နိုင်စွမ်းအားကို လေ့လာ၍     သုတေသနပြုလုပ်ခဲ့သည်။ လက်ရှိအသုံးပြုနေသော ပဋိဇီဝဆေးဝါးများတွင် တချို့သောဆေးဝါးများမှာ ဗက်တီးရီးယား အမျိုးအစားအလိုက် ခွဲခြား၍  ဗက်တီးရီးယားများကို  တိတိကျကျသေစေနိုင်သော    (Target Specific) ဆေးဝါးများနှင့် ဗက်တီးရီးယားအားလုံးကို သေစေနိုင်သော  (Broad-Spectrum)ဆေးဝါးဟူ၍ နှစ်မျိုးရှိသည်။ ယင်း Broad-Spectrum ဆေးဝါးများသည် ခန္ဓာကိုယ်အကျိုးပြုဗက်တီးရီးယားများကို  သေစေနိုင်သည့်  စွမ်းအားမြင့်မားသောကြောင့် တခြားဆေးဝါးများသုံးစွဲရန် အဆင်မပြေသည့်အခါတွင်သာ သုံးစွဲကြကြောင်း သိရသည်။ ဥပမာအားဖြင့်   Carbapenem  ဆေးဝါးကိုခံနိုင်ရည်ရှိသော   ဗက်တီးရီးယားသည်  လူသားတို့၏  အစာအိမ်အူလမ်းကြောင်းထဲတွင်ပျံ့နှံ့နေပြီး ထိုမှတစ်ဆင့်   ခန္ဓာကိုယ်၏တခြားနေရာများသို့  ပျံ့နှံ့သွားပါက ကုသရန်အခက်အခဲများစွာရှိနိုင်သည်။

ယခုအခါ ပဋိဇီဝဆေးဝါးအသုံးပြုပြီးပါက အစာအိမ်ထဲတွင် ဆေးယဉ်ပါးသည့်ပိုးမွှားများ   မည်မျှပေါက်ပွား လာသည်ကို  သုတေသီများက လေ့လာခဲ့ကြသည်။

သုတေသီများသည် ပဋိဇီဝဆေးဝါး အသုံးပြုသူများ၏မစင်နှင့်     ကြွက်များအား ပဋိဇီဝဆေးဝါးတိုက်ကျွေး၍ ယင်းကြွက် များ၏မစင်များတွင် Carbapenem ဆေးဝါးကို ခံနိုင်ရည်ရှိသော ဗက်တီးရီးယား (Carbapenem - Resistant Entero-bacteriaceae) ရှိ၊ မရှိ  လေ့လာခဲ့ကြသည်။ သုတေသနတွေ့ရှိချက်အရ  အစာအိမ် အူလမ်းကြောင်းတွင်   ပဋိဇီဝဆေးဝါးများက ခန္ဓာကိုယ်အကျိုးပြု  ဗက်တီးရီးယားများအား     သတ်မိသွားပါက ရောဂါကိုဖြစ်ပွားစေနိုင်သော  ဗက်တီးရီးယားများမှာ ယင်းတို့အသက်ရှင်သန်နိုင်ရန်အတွက်     အာဟာရပိုမိုရရှိသွားနိုင်ပြီး ယခင်ထက်  ပိုမိုကြီးထွားလာနိုင်ကြောင်း တွေ့ရှိရသည်။

Imperial  College မှ   သုတေသီများ၏တွေ့ရှိချက်အရ    မည်ကဲ့သို့သော ပဋိဇီဝဆေးဝါးများသည် ရောဂါပိုးယဉ်ပါးမှုကို   အစာအိမ်အူလမ်းကြောင်းတွင် ဖြစ်ပေါ်စေနိုင်ကြောင်းနှင့်    အစာအိမ် အူလမ်းကြောင်းတွင် ယင်းတို့၏ကြီးထွားမှုကို  ထိန်းချုပ်နိုင်သော ကုသမှုအသစ်များကို   ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်၍   လုပ်ဆောင်ခဲ့ကြောင်း   သိရသည်။

ထို့ပြင် ပဋိဇီဝဆေးဝါးယဉ်ပါးမှုပြဿနာကိုလည်း များစွာလျှော့ချနိုင်မည်ဖြစ်သည်။

ယင်းအတွက် ယခုနောက်ပိုင်းတွင် ပဋိဇီဝဆေးဝါးများအစား  ခန္ဓာကိုယ်အကျိုးပြု ဗက်တီးရီးယားများကို  ရှင်သန်စေသည့် ဆေးဝါးများ သောက်သုံးခြင်းသည်    ယင်းတို့၏   ဇီဝဖြစ်ပျက်မှုအကြွင်းအကျန်များဖြင့်   ရောဂါဖြစ်ပွားစေသော   ပိုးမွှားများပေါက်ပွားမှုကို ကာကွယ်ထိန်းချုပ်လာနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

သုတေသီများသည်   ပဋိဇီဝဆေးဝါးများသောက်သုံးနေစဉ်ကာလတွင်   ဆေးယဉ်ပါးမှုကိုဖြစ်စေသော  ဗက်တီးရီးယားများကိုတားမြစ်သည့်   ဇီဝဖြစ်ပျက်မှု အကြွင်းအကျန်များ (Inhibitory Metabolites)   ကို    သောက်သုံးစေသည်။

ထို့နောက်  ပဋိဇီဝဆေးဝါးသောက်သုံးပြီးပါက    အစာအိမ်အူလမ်းကြောင်းတွင်ရှိသော ခန္ဓာကိုယ် အကျိုးပြု ဗက်တီးရီးယားများအား   ပြန်လည်ကောင်းမွန်စေရန်နှင့်   အစာအိမ်အူလမ်းကြောင်းဆိုင်ရာ အာဟာရ ပြန်လည်ပြည့်ဝ စေရန်အတွက် ဗက်တီးရီးယား အရောအနှော   အရည်တစ်မျိုးကို တိုက်ကျွေးသည်။    ထိုကဲ့သို့တိုက်ကျွေးခြင်းအားဖြင့် Carbapenem- Resistant    Enterobacteriaceae ကဲ့သို့သော ဆေးယဉ်ပါးမှုများကို မဖြစ်ပွားအောင်ကာကွယ်နိုင်ခြင်း၊    ဆေးယဉ်ပါးမှုများကို     ပျောက်ကင်းအောင် ကုသနိုင်ခြင်းနှင့် Carbapenem- Resistant    Enterobacteriaceae ဆေးယဉ်ပါးမှုပျံ့နှံ့ခြင်းကို   ထိရောက်စွာ ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ 

ထို့ကြောင့် ယခုသုတေသနတွေ့ရှိချက်သည် အနာဂတ်တွင် ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာများကို     တိုက်ဖျက်နိုင်သော နည်းလမ်းအသစ်အနေဖြင့် ရပ်တည်လာနိုင်ဖွယ်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     ။ 

ဝေလင်း(ဆေးဝါး)