ကျွန်ုပ်တို့ထမ်းဆောင်ကြရမည့်ကိုယ်စီတာဝန်
သတိဖြင့်ဖမ်းယူ၊ ပညာဖြင့်ထိုးထွင်းသိမြင်
ယခုအခါ ပြည်ဖျက်အင်အားစုများသည် ကျွန်ုပ်တို့အမိနိုင်ငံအားနည်းမျိုးစုံဖြင့် အရှိန်အဟုန်ဖြင့် တိုက်ခိုက် ဖျက်ဆီးလျက်ရှိသည်။ ယင်းတို့၏အင်အားဖြင့် မလုံလောက်သည့်အတွက် ပြည်ပကြေးစား လက်နက်ကိုင် တပ်ဖွဲ့ဝင်များကိုပါခေါ်ယူပြီး အမိနိုင်ငံတော်ကြီးအား ဖျက်ဆီးလျက်ရှိသည်။ အမိနိုင်ငံတော်ကြီးကို တိုက်ခိုက်ဖျက်ဆီး နေခြင်းသည် ကျွန်ုပ်တို့ နိုင်ငံသားများတစ်ဦးချင်းစီ၏ ဘဝကို တိုက်ခိုက်ဖျက်ဆီး နေခြင်းပင်ဖြစ်သည်။ ပြည်ဖျက်အင်အားစုများ၏ အန္တရာယ်ကို ကျွန်ုပ်တို့မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆ နေ၍မဖြစ်ပါ။ အသိသတိကြီးစွာဖြင့် ပြည်ဖျက်အင်အားစုများ၏အပြုအမူနှင့် ကြိုးပမ်းဆောင်ရွက်မှုများကို အောက်ဖော်ပြပါခေါင်းစဉ်များအတိုင်း ဆင်ခြင်သုံးသပ်နေကြရမည်။
ပြည်ဖျက်အင်အားစုများ၏ အပြုအမူသဘော
ပြည်ဖျက်အင်အားစုများသည် အမိနိုင်ငံတော်အပေါ် အပြုအမူအမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှုအမျိုးမျိုးကို ပြုလုပ်လျက်ရှိသည်။ ယင်းတို့၏အပြုအမူများကို အသိသတိကြီးစွာဖြင့် ဆင်ခြင်သုံးသပ်ပါက ယင်းအပြုအမူများ၏ သဘောအနက်အဓိပ္ပာယ် မည်သို့ရှိသည်ကို သိမြင်လာသည်။ ပေါ်ထွက်လာသော သဘောအနက်အဓိပ္ပာယ်များကို အမျိုးအစားခွဲခြားကြည့်ပါက အမျိုးအစားခြောက်မျိုးခွဲခြားနိုင်သည်။
ယင်းတို့မှာ အမှန်တရားကို လက်မခံငြင်းဆိုခြင်း (Denial of Reality)၊ စိတ်ကူးယဉ်ခြင်း (Fantasy)၊ အကြောင်းကောင်းပြခြင်း (Rationalization)၊ တစ်ပါးသူအပေါ်အပြစ်ပုံချခြင်း (Projection)၊ မသက်ဆိုင်သော ပစ်မှတ်များအား တိုက်ခိုက်ခြင်း (Displacement)၊ ပြန်လည်အစားထိုးကြိုးပမ်းဆောင်ရွက်ခြင်း (Compensation) စသည့်အမျိုးအစားများဖြစ်ကြသည်။
အမှန်တရားကိုလက်မခံငြင်းပယ်ခြင်း (Denial of Reality)
ယခုအခါ ပြည်ဖျက်အင်အားစုများသည် အမိနိုင်ငံတော်အပေါ် အမှားအမျိုးမျိုး၊ အပြစ်အမျိုးမျိုးကို ကျူးလွန်လျက်ရှိသည်။ မိမိတို့ကျူးလွန်သောအမှားများ၊ ပြစ်မှုများနှင့်ပတ်သက်၍ အပြစ်ရှိကြောင်း ဝန်ခံရမည်။ တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းရမည်။ ဤအချက်များသည် အမှန်တရားပင်ဖြစ်သည်။
သို့သော် ဤအမှန်တရားကိုလက်မခံဘဲ အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် လက်မခံဘဲရှောင်တိမ်းသည်၊ ငြင်းပယ်သည်။ ထို့ပြင် ပိုမိုကြီးမားသောအမှားနှင့်အပြစ်များကို အရှက်အကြောက်တရားကင်းမဲ့စွာ ထပ်မံကျူးလွန်ပြသည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ပြည်ဖျက်အင်အားစုများ၏အပြုအမူ၊ လုပ်ရပ်မှန်သမျှသည် အမှန်တရားကိုလက်မခံငြင်းပယ်သည့် သဘောအပြည့်အဝရှိနေသည်ဆိုသည့်အချက် ပေါ်လွင်ထင်ရှားလာသည်။ ကျွန်ုပ်တို့ သတိပြုနေရမည့်အချက်မှာ ပြည်ဖျက်အင်အားစုများသည် အမှန်တရားကိုလက်မခံဘဲ ငြင်းပယ်မှုအမျိုးမျိုးဖြင့် အမိနိုင်ငံတော်အပေါ် အမှားနှင့်အပြစ်အမျိုးမျိုးကို ထပ်မံ၍စိတ်ကြိုက်ကျူးလွန်နေကြမည်ဆိုသည့် အချက်ဖြစ်သည်။
စိတ်ကူးယဉ်ခြင်း (Fantasy)
ယခုအခါ ပြည်ဖျက်အင်အားစုများသည် ကျင့်ဝတ်သိက္ခာများနှင့်ဆန့်ကျင်သော အောင်မြင်မှုရရှိရန် မည်သို့မည်မျှမဖြစ်နိုင်သော ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ကာ အောင်ရမည်ဟူသော စိတ်ကူးများဖြင့် ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းတို့က ထိခိုက်ပျက်စီးဆုံးရှုံးမည့် လမ်းကြောင်းမှားပေါ်တွင် လျှောက်လှမ်းနေသော်လည်း မိမိတို့ကိုယ်ကိုမိမိထိခိုက်ပျက်စီးမည့်သူများအဖြစ် မရှုမြင်ဘဲ အောင်မြင် ကျော်ကြားလာမည့် ပုဂ္ဂိုလ်များအဖြစ်ရှုမြင်နေသည်။ အဖွဲ့အစည်းအမျိုးမျိုးကို စိတ်ကြိုက်အမည် များပေးပြီး ဖွဲ့စည်းသည်။ မြင့်မားသော ရာထူး၊ အဆင့်၊ တာဝန်များကို စိတ်ကြိုက်တီထွင်ပြီး ယင်းရာထူး၊ အဆင့်၊ တာဝန်များနေရာတွင် မိမိတို့ကိုယ်ကို မိမိခန့်အပ်တာဝန်ပေးသည်။ အမိနိုင်ငံတော်တွင်ရှိသည့် အဆင့်အမြင့်ဆုံးနှင့် အကောင်းဆုံးသော အရာများသည် မိမိတို့နှင့်သာ ထိုက်တန်သည်ဟု အထင်ရှိသည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ပြည်ဖျက်အင်အားစုများသည် အမိနိုင်ငံတော်အပေါ် စိတ်ကူးယဉ်ဆန်ဆန် ရပ်တည်ပြီး စိတ်ကူးယဉ်မှုအမျိုးမျိုးဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်နေသည်ဆိုသည့် အချက်ပေါ်တွင်ထင်ရှားလာသည်။ ကျွန်ုပ်တို့ သတိပြုနေရမည့်အချက်မှာ ပြည်ဖျက်အင်အားစုများအနေဖြင့် အမိနိုင်ငံတော်ကြီးအား စိတ်ကူးယဉ်ဆန်ဆန် ဆက်လက်တိုက်ခိုက်ဖျက်ဆီးနေကြဦးမည် ဆိုသည့် အချက်ပင်ဖြစ်သည်။
အကြောင်းကောင်းပြခြင်း (Rationalization)
ပြည်ဖျက်အင်အားစုများသည် ကျွန်ုပ်တို့အမိနိုင်ငံတော်အပေါ် လွဲမှားသောလုပ်ရပ်တစ်ခုကိုပြုလုပ်သည်။ ဤသို့ပြုလုပ်ပြီးနောက် ယင်းတို့ပြုလုပ်သော လုပ်ရပ်သည် မှန်ကန်တရားမျှတမှုရှိကြောင်း၊ အများကောင်းကျိုး အတွက် လုပ်သင့်လုပ်ထိုက်သော လုပ်ရပ်ဖြစ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ကောင်းမွန်သော အကြောင်းအမျိုးမျိုးပြ၍ ပြောဆိုသည်။ ထို့အတူ ယင်းတို့ထပ်မံပြုလုပ်လိုသည့် လွဲမှားသောလုပ်ရပ်တစ်ခုနှင့် ပတ်သက်၍လည်း ဤကဲ့သို့ကောင်းမွန်သော အကြောင်းအမျိုးမျိုးပြ၍ ပြုလုပ်သည်။ အများကောင်းကျိုးကို ငဲ့ကွက်၍ ဤလုပ်ရပ်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း၊ မဆောင်ရွက်ပါက ကြီးစွာသော ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောဆိုပြီး ပြုလုပ်ဆောင်ရွက်သည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ပြည်ဖျက်အင်အားစုများသည် အကြောင်းကောင်းအမျိုးမျိုးပြ၍ အမိနိုင်ငံတော်အပေါ် ယင်းတို့စိတ်ကြိုက် အမှားအမျိုးမျိုး၊ အပြစ်အမျိုးမျိုးကို ပြုလုပ်နေကြောင်း ပေါ်လွင်ထင်ရှားလာသည်။ ကျွန်ုပ်တို့ သတိပြုနေရမည့် အချက်မှာ ပြည်ဖျက်အင်အားစုများအနေဖြင့် အကြောင်းကောင်း အမျိုးမျိုးပြပြီး အမိနိုင်ငံတော်အပေါ် ပြုလုပ်သင့်သည့် ကောင်းကျိုးများကို မပြုဘဲ မပြုလုပ်သင့်သည့်ဆိုးကျိုးမှန်သမျှကို ဆက်လက်ပြုလုပ်နေမည် ဆိုသည့်အချက်ပင်ဖြစ်သည်။
တစ်ပါးသူအပေါ်အပြစ်ပုံချခြင်း (Projection)
ပြည်ဖျက်အင်အားစုများသည် အမိနိုင်ငံတော်အပေါ် အမှားအမျိုးမျိုး၊ အပြစ်အမျိုးမျိုးကို ကျူးလွန်သည်။ ဤသို့ကျူးလွန်ပြီးနောက် မိမိတို့၏အပြစ်ကိုဝန်မခံဘဲ နိုင်ငံတော်အစိုးရကြောင့် ဤကဲ့သို့အမှားမျိုး၊ အပြစ်မျိုးကို ပြုလုပ်ရခြင်းဖြစ်ပါသည်ဟု အမိနိုင်ငံတော်အစိုးရအပေါ် အပြစ်ပုံချသည်။ သဘောမှာ မိမိတို့၏ အပြစ်ကို အမိနိုင်ငံတော်အစိုးရ၏ အပြစ်သာဖြစ်သည်ဟု လွှဲချခြင်းဖြစ်သည်။ တစ်ဖန် ပြည်ဖျက်အင်အားစုများသည် အခြေအနေဆိုးအမျိုးမျိုးကိုဖန်တီးသည်။ ယင်းအခြေအနေဆိုးများကြောင့် အမိနိုင်ငံတွင် အခက်အခဲ၊ အကျပ်အတည်း အမျိုးမျိုးဖြစ်ပေါ်လာသည်။ ထိုအခါ ဤသို့အခက်အခဲ၊ အကျပ်အတည်းများ ဖြစ်ပေါ်လာရခြင်းသည် မိမိတို့ကြောင့်မဟုတ်ဘဲ နိုင်ငံတော်အစိုးရကြောင့် ဤသို့ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု အပြစ်ပုံချသည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ပြည်ဖျက်အင်အားစုများသည် မိမိတို့စိတ်ကြိုက် အမှားအမျိုးမျိုး၊ အပြစ်အမျိုးမျိုးကို ပြုလုပ်ပြီး မိမိတို့၏အပြစ်ကို အမိနိုင်ငံတော်အစိုးရအား အပြစ်ပုံချလျက် ရှိသည်ဆိုသည့် အချက်ပေါ်လွင် ထင်ရှားလာသည်။ ကျွန်ုပ်တို့ သတိပြုရမည့် အချက်မှာ ပြည်ဖျက် အင်အားစုများသည် အခက်အခဲ၊ အကျပ်အတည်းအမျိုးမျိုးကို ဖြစ်ပေါ်အောင်ဖန်တီးပြီး အမိနိုင်ငံတော်အစိုးရနှင့် နိုင်ငံသူ၊ နိုင်ငံသားများအကြား စည်းလုံးညီညွတ်မှုပျက်ပြားအောင် လုပ်ဆောင်နေကြဦးမည်ဟူသော အချက်ပင်ဖြစ်သည်။
မသက်ဆိုင်သောပစ်မှတ်များအားတိုက်ခိုက်ခြင်း (Displacement)
ပြည်ဖျက်အင်အားစုများသည် ယခုအခါ စစ်ရေးနှင့်မသက်ဆိုင်သည့် အခြားသော ပစ်မှတ်များကိုပါ တိုက်ခိုက် ဖျက်ဆီးလျက်ရှိသည်။ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက် သွယ်ရေးဆိုင်ရာပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးနေသည်။ ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်းနှင့် အရပ်ဘက် ပုဂ္ဂိုလ်များကိုပါမကျန် သတ်ဖြတ်လျက်ရှိသည်။ ထို့ပြင် အမိနိုင်ငံတော်နှင့် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်ကိုလည်း ပျက်ပြားအောင် ပရိယာယ်မျိုးစုံဖြင့် ဖျက်ဆီးလျက်ရှိသည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ပြည်ဖျက်အင်အားစုများသည် အမိနိုင်ငံအတွင်းရှိ စစ်ရေးနှင့်မသက်ဆိုင်သော ပစ်မှတ်များအား ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်လျက်ရှိပြီး အကြောက်တရားလွှမ်းမိုးနေစေရန် ပြုလုပ်လျက် ရှိသည်မှာ ပေါ်လွင်ထင်ရှားလာ သည်။ ကျွန်ုပ်တို့ သတိပြုရမည့်အချက်မှာ ပြည်ဖျက်အင်အားစုများသည် အမိနိုင်ငံတော်ကြီး၏ နယ်ပယ်စုံ၊ ကဏ္ဍစုံတစ်ချိန်တည်းတစ်ပြိုင်တည်း ပြိုလဲသွားစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းအားထုတ်နေသည်ဆိုသည့် အချက်ပင်ဖြစ်သည်။
ပြန်လည်အစားထိုးကြိုးပမ်းရယူခြင်း (Compensation)
ပြည်ဖျက်အင်အားစုများသည် ယခုအခါ ယင်းတို့ထိခိုက်နစ်နာဆုံးရှုံးခဲ့သည့်အတိုင်း အမိနိုင်ငံတော်ကြီး ပြန်လည်ထိခိုက်နစ်နာ ဆုံးရှုံးနေစေရန်၊ ယင်းတို့၏ ရည်မှန်းချက်ပန်းတိုင်များ ပျက်ပြားခဲ့သည့်အတိုင်း အမိနိုင်ငံ တော်ကြီး၏ ရည်မှန်းချက်ပန်းတိုင်များပျက်ပြားနေစေရန် ယင်းတို့၏သတင်းညှိုးနွမ်းသည့်အတိုင်း အမိနိုင်ငံ တော်ကြီး၏ ဂုဏ်သတင်းညှိုးနွမ်းနေစေရန် မကောင်းသောရည်ရွယ်ချက်ဖြင့် တန်ပြန်ကြိုးပမ်းဆောင်ရွက် နေသည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် ပြည်ဖျက်အင်အားစုများသည် ယင်းတို့ဆုံးရှုံးသည့်အတိုင်း အမိနိုင်ငံတော်ကြီး ပြန်လည်ဆုံးရှုံးနေအောင် လက်စားချေလျက်ရှိသည် ဟူသောအချက် ပေါ်လွင် ထင်ရှားလာသည်။ ကျွန်ုပ်တို့သတိပြုရမည့် အချက်မှာ ပြည်ဖျက်အင်အားစုများအနေဖြင့် ယင်းတို့ထိခိုက်နစ်နာ ခဲ့သည့်အတိုင်း အမိနိုင်ငံတော်ကြီး ပြန်လည်နစ်နာနေစေရန် အလစ်အငိုက်ရယူပြီး လက်စားချေမှုအမျိုးမျိုးကို အချိန်မရွေး ပြုလုပ်နေလိမ့်မည်ဟူသော အချက်ပင်ဖြစ်သည်။
ပြည်ဖျက်အင်အားစုများ၏ရည်ရွယ်ချက်များ
ပြည်ဖျက်အင်အားစုများ၏ ကျွန်ုပ်တို့အမိနိုင်ငံတော်အပေါ် ထားရှိသည့် ယုတ်မာသည့် ရည်ရွယ်ချက်များကို ဖော်ပြလိုသည်။ ကျွန်ုပ်တို့အမိနိုင်ငံတော်အပေါ် အဓိကရည်မှန်းချက်ပန်းတိုင်ကြီးနှင့် ကြားခံရည်မှန်းချက် ပန်းတိုင်များဟူ၍ ရည်မှန်းချက်ပန်းတိုင်နှစ်မျိုးထားရှိသည်။ အဓိကရည်မှန်းချက်ပန်းတိုင်ကြီးမှာ ကျွန်ုပ်တို့ အမိနိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးဖြစ်သည်။ ကြားခံရည်မှန်းချက်ပန်းတိုင်များမှာ နိုင်ငံတော်၏ ပညာရေးကဏ္ဍကို ဖျက်ဆီးပြီး ပညာရည်နိမ့်ကျသော နိုင်ငံနှင့်လူမျိုးအဖြစ်သို့ရောက်ရှိစေရန်၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကို ဖျက်ဆီးပြီး စီးပွားရေးနိမ့်ကျသောနိုင်ငံနှင့်လူမျိုးအဖြစ်သို့ရောက်ရှိစေရန်၊ နိုင်ငံတော်၏ လူမှုရေးကဏ္ဍကို ဖျက်ဆီးပြီး စိတ်ဓာတ်ယိုယွင်းပျက်ပြားနေသော နိုင်ငံနှင့်လူမျိုးအဖြစ်သို့ ရောက်ရှိစေရန်၊ ပြည်တွင်းစည်းလုံးညီညွတ်ရေးကဏ္ဍကိုဖျက်ဆီးပြီး အချင်းချင်းစည်းလုံး ညီညွတ်မှု ပြိုကွဲနေသော နိုင်ငံနှင့်လူမျိုးအဖြစ်သို့ရောက်ရှိစေရန်၊ နိုင်ငံတော်၏ နိုင်ငံတကာဆက်ဆံရေးကဏ္ဍကိုဖျက်ဆီးပြီး နိုင်ငံတကာ၏ ဖိနှိပ်ဆက်ဆံခြင်းကို ခံနေရသည့် နိုင်ငံနှင့်လူမျိုးအဖြစ်သို့ ရောက်ရှိစေရန်စသည့် ရည်ရွယ်ချက်များဖြစ်ကြသည်။ ပြည်ဖျက်အင်အားစုများ၏ ဤရည်ရွယ်ချက်များကို ကျွန်ုပ်တို့အားလုံး အသိသတိကြီးစွာထားရှိပြီး ကျွန်ုပ်တို့အမိနိုင်ငံတော်ကြီးအား ကာကွယ်စောင့်ရှောက်နေကြရမည်။
ကျွန်ုပ်တို့အားလုံးထားရှိရမည့် ခံယူချက်သဘောထား
ကျွန်ုပ်တို့ အမိနိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းအောင် ပြည်ဖျက်အင်အားစုများက နည်းမျိုးစုံဖြင့် ကြိုးပမ်းနေချိန်တွင် ကျွန်ုပ်တို့အားလုံးသည် အမိနိုင်ငံတော်အပေါ် ဤသို့မှန်ကန်မွန်မြတ်ပြတ်သားသော ခံယူချက်သဘောထားများကို မပျက်မကွက်ထားရှိကျင့်သုံးနေကြရမည်။ ထားရှိကျင့်သုံးရမည့် ခံယူချက်သဘောထားများမှာ ဤသို့ဖြစ်သည်။ အမိနိုင်ငံတော်ကြီးအပေါ် အခြေအနေဆိုး အမျိုးမျိုးဖန်တီး ပေးနေခြင်းသည် ကျွန်ုပ်တို့နိုင်ငံသား တစ်ဦးချင်းစီအတွက် အခြေအနေဆိုးအမျိုးမျိုးကို ဖန်တီးပေးနေခြင်းဖြစ်သည်။ ပြည်ဖျက်အင်အားစုများသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ရန်သူအဖြစ် သီးသန့်ရပ်တည်မနေဘဲ ကျွန်ုပ်တို့နိုင်ငံသား တစ်ဦးချင်းစီ၏ ရန်သူအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ ထို့ကြောင့်ပြည်ဖျက် အင်အားစုများကို အမြစ်ပြတ်ချေမှုန်းရေးသည် နိုင်ငံတော်အစိုးရနှင့်တပ်မတော်တွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ မိမိတို့နိုင်ငံသား တစ်ဦးချင်းစီတွင်လည်း တာဝန်ရှိသည်စသည်ဖြင့် မှန်ကန်ပြတ်သားစွာ ကျွန်ုပ်တို့အားလုံးခံယူသဘောထားနေကြရမည်။
ကျွန်ုပ်တို့ထမ်းဆောင်ကြရမည့် ကိုယ်စီတာဝန်ပြည်ဖျက်အင်အားစုများအားလုံး အမြစ်ပြတ်ချေမှုန်းရေးသည် ကျွန်ုပ်တို့တွင်လည်း တာဝန်ရှိသည်ဟူသော အသိအဆင့်တွင်ရပ်ထား၍မရပါ။ အမှန်တကယ်လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်နေကြရပါမည်။
ဤသို့ လက်တွေ့ကျကျပါဝင် ဆောင်ရွက်သည့်အနေဖြင့် ကျွန်ုပ်တို့နိုင်ငံသားများအားလုံး အချက်ငါးချက်ကို မပျက်မကွက်လိုက်နာ ဆောင်ရွက်နေကြရပါမည်။ ယင်းအချက်များမှာ ပထမအချက်အနေဖြင့် အမိနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲစေမည့်အရာမှန်သမျှကို ရဲဝံ့ပြတ်သားစွာကြံစည်မည်၊ ပြောဆိုမည်၊ ကြိုးပမ်း ဆောင်ရွက်မည်။ တစ်ပြိုင်နက်တည်းမှာပင် အမိနိုင်ငံတော်ကြီးထိခိုက်ပျက်စီးစေမည့်အရာမှန်သမျှကို ကြံစည်၊ပြောဆို၊ ပြုလုပ်ခြင်းကိုလုံးဝမပြုလုပ်။ ဒုတိယအချက်အနေဖြင့် အမိနိုင်ငံတော်ကြီးအပေါ် ထိန်းသိမ်းရမည့် ကျင့်ဝတ်မှန်သမျှကို ထိန်းသိမ်း၊ စောင့်သိရမည့်သစ္စာတရားမှန်သမျှကို စောင့်သိ၊ ပေးဆပ်ရမည့် ကျေးဇူးတရားမှန်သမျှကို ပြန်လည် ပေးဆပ်နေရမည်။ တတိယအချက်မှာ အမိနိုင်ငံတော်ကြီး အစဉ်တိုးတက် ကြံ့ခိုင်နေစေရန်အတွက် မိမိတို့ထမ်းဆောင်ရမည့် တာဝန်အသီးသီးကို ဆတက်ထမ်းပိုး ဆောင်ရွက်နေကြရပါမည်။ စတုတ္ထအချက်မှာ အမိနိုင်ငံတော်ကြီး၏သစ္စာကို ဂုဏ်ယူတန်ဖိုးထားစွာ ခံယူနေကြရမည်။ ပဉ္စမ အချက်အနေဖြင့် ဇာတ်တူသားချင်းစားလျှင် ဟင်္သာကိုးသောင်းပျက်သည် ဟူသောအဆုံးအမကို အမြဲနှလုံးသွင်းဆင်ခြင်ပြီး ကျွန်ုပ်တို့နိုင်ငံသားအားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ညနေထိုင်ကြရပါမည်။ ဤအချက်ငါးချက်ကို မပျက်မကွက်လိုက်နာနေကြပါက ကျွန်ုပ်တို့ ထမ်းဆောင်ရမည့် ကိုယ်စီတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေခြင်းဖြစ်ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် အမိနိုင်ငံတော်ကြီးကို တာဝန်ကျေပွန်စွာ ကာကွယ်စောင့်ရှောက်ပေး နေခြင်းဖြစ်ကြောင်း နိဂုံးချုပ်အနေဖြင့် ရေးသားလိုက်ရပါသည်။ ။
ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)