မြိတ်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်ရှိ မြိတ်တက္ကသိုလ်၌ အားကစား ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး၊ မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ပေါ်ထွန်းလာ စေရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်က မြိတ်တက္ကသိုလ် ဘောလုံးကွင်းတွင် ကျင်းပသည်။
အဆိုပါဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာ၊ မြိတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်တို့က အမှာစကားအသီးသီး ပြောကြားကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး မြိတ်တက္ကသိုလ်ဆရာများအသင်းနှင့် မြိတ်အပျော်တမ်း ဘောလုံးအသင်း (MABC) တို့ ချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ကစားကြသည်။ ထို့နောက် ရူပဗေဒဌာနအသင်းနှင့် သင်္ချာဌာနအသင်းတို့ စတင်ယှဉ်ပြိုင်ကြရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု အားပေးကြသည်။
အဆိုပါပြိုင်ပွဲကို မြိတ်တက္ကသိုလ်ရှိ ဘာသာရပ်ပေါင်းစုံမှ ဘောလုံးအသင်းရှစ်သင်း ပြိုင်ပွဲဝင် အားကစားသမား ၁၄၄ ဦး ပါဝင်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက် ရှိကြောင်း သိရသည်။