လူငယ်နှင့်စာပေအနုပညာ ပွဲတော် အရောက်လာဖို့ တို့ဖိတ်ခေါ်

 

လူငယ်နှင့်စာပေအနုပညာ ပွဲတော် အရောက်လာဖို့ တို့ဖိတ်ခေါ်

 

နေပြည်တော်  ဒီဇင်ဘာ  ၁၉

“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့  အသိ ပညာမြှင့်တင်စို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်  လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌ ဒီဇင်ဘာလ ၂၀  ရက်မှ  ၂၂ ရက်အထိ  စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။

အဆိုပါပွဲတော်ကြီး၌  မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသည့် လူငယ်များနှင့် ကလေးများ လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို သိမြင်နိုင်စေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်နှင့် စာပေနှင့် အနုပညာရပ်များ၏ အကျိုးကျေးဇူး သိရှိစေပြီး နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် လာစေရန်အတွက် ဝန်ကြီးဌာန ၁၅ ခုမှ  သက်ဆိုင်ရာကဏ္ဍအလိုက်  ခင်းကျင်းပြသထားသည့် ပြခန်းများ၊ စာပေဗိမာန်စာအုပ် အရောင်းဆိုင်နှင့်  ပြင်ပစာအုပ်အရောင်းဆိုင်များ၊ လှပသာယာပြည်မြန်မာရောင်စုံ ဓာတ်ပုံပြိုင်ပွဲမှ တန်ခိုးကြီးဘုရားစေတီများ၊ သဘာဝအလှရှုခင်းများ၊ ရိုးရာဓလေ့ပွဲတော်များနှင့် အထင်ကရနေရာများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဆုရဓာတ်ပုံများ၊ ၂၀ ရာစု မြန်မာစာရေးဆရာ၊ ဆရာမတို့၏ ဓာတ်ပုံများကို ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြခန်း ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် စပ်လျဉ်း၍ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က “အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာန အနေနဲ့  အားကစားနှင့် ကာယပညာဦးစီးဌာနပြခန်းနဲ့ လူငယ်ရေးရာ ဦးစီးဌာနပြခန်းဆိုပြီး အပိုင်းနှစ်ပိုင်းခွဲပြီး ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ အားကစားနှင့်ကာယပညာ ဦးစီးဌာနပြခန်းမှာ အထိမ်းအမှတ်ပစ္စည်းများ ပြခန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ကထုတ်ဝေတဲ့ စာအုပ်စာတမ်းများပြခန်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် အားကစားအောင်မြင်မှုများ ပြခန်းနဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းတွေရဲ့ ရုပ်တုများကို ခင်းကျင်းပြသထားပါတယ်။ ပွဲတော်ကို လာရောက်လည်ပတ်ကြတဲ့ ကျောင်းသားလူငယ်တွေ အားကစားလှုပ်ရှားမှုပျော်ရွှင် စွာကစားနိုင်ဖို့ အားကစားနည်းငါးမျိုးကို လည်း ပြခန်းအဖြစ် ထည့်သွင်းထားပါတယ်။ ပထမဆုံး အထိမ်းအမှတ်ပစ္စည်းများပြခန်းမှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နိုင်ငံတိုင်းက ဖွင့်ပွဲအခမ်းအနားတွေ လုပ်တဲ့အခါမှာ မီးရှူးတိုင်ကို သယ်ယူခွင့်ရရှိတဲ့သူတွေဟာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပတဲ့နိုင်ငံရဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေဖြစ်ပါတယ်။  နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကြီးတွေကိုယ်တိုင် သယ်ယူခဲ့တဲ့ မီးရှူးတိုင်ကို ကျွန်တော်တို့နိုင်ငံက ကျောင်းသားလူငယ်တွေ တွေ့မြင်ပြီး အားကျအတုယူစိတ်တွေ ဖြစ်လာအောင် မီးရှူးတိုင်တွေကို ခင်းကျင်း ပြသထားခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ထို့ပြင် ပွဲတော်သို့ လာရောက်လေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင် စွာကစားနိုင်ရန် ဝန်ကြီးဌာနများမှ စိတ်ဝင်စားဖွယ်ကစားနည်းများ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ကစားနည်းများနှင့် ဉာဏ်စမ်းပဟေဠိကစားနည်း များကို အသိပညာပေး နည်းလမ်းများနှင့် တွဲဖက်၍  ကစားစေမည့် အစီအစဉ်များ ထည့်သွင်းကျင်းပမည့်အပြင် ပွဲတော်သို့လာ ရောက်လည်ပတ်ကြမည့် ကျောင်းသားလူငယ်များနှင့်  မိဘပြည်သူများ အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရန် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များကိုလည်း    ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ အိမ်ရှင် အဖြစ်လက်ခံကျင်းပတဲ့နိုင်ငံတွေက အထိမ်းအမှတ် ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသ ထားပါတယ်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာ ကမ္ဘာ့အဆင့်၊ အာရှ အဆင့် ပြိုင်ပွဲတွေမှာရရှိခဲ့တဲ့ ရွှေဆုတံဆိပ် တွေအပြင် ကျွန်တော်တို့ဌာနက ထုတ်ဝေ ထားတဲ့  အားကစားနည်းအလိုက် နည်းပြ လက်စွဲစာအုပ်တွေ၊ လစဉ်ထုတ် အားကစား သတင်းလွှာနဲ့ မဂ္ဂဇင်းတွေ၊ အခြားထုတ်ဝေထားတဲ့ စာအုပ်တွေကိုလည်း ပြသထားပါ တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက်မှာ အားကစားအောင်မြင်မှုရရှိ ရေးအတွက်  နိုင်ငံတော်အဆင့်အားပေး အားမြှောက်မှု မှတ်တမ်းမှတ်ရာတွေ၊ ကမ္ဘာ့ အဆင့်၊ အာရှအဆင့်ပြိုင်ပွဲတွေမှာ အောင်မြင် မှုရရှိခဲ့တဲ့ အားကစားသမားတွေရဲ့ မှတ်တမ်း ပုံရိပ်တွေဖြစ်တဲ့  မှတ်တမ်းဓာတ်ပုံတွေ၊ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ (၃၂)ကြိမ် မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ   လူထုအားကစား လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံကိုလည်း ခင်းကျင်းပြသထားပါတယ်”

“အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနဲ့  ပြခန်းကို လာရောက်လေ့လာကြမယ့် ကျောင်းသားလူငယ်တွေ စိတ်ပါဝင်စားစွာ ပျော်ရွှင်စေဖို့အတွက် အားကစားနည်း ငါးမျိုးဖြစ်တဲ့ ဘောလုံး၊ မြားပစ်၊ ဘတ်စကက် ဘော၊ ဂေါက်နဲ့ သဲကွင်းပစ်တို့ကို ဆော့ ကစားနိုင်ဖို့ကိုလည်း ထည့်သွင်းထားပါတယ်။ ဒီအားကစားနည်းတွေကို ကစားတဲ့အခါမှာ  သတ်မှတ်တဲ့အကြိမ် အရေအတွက်အတိုင်း ကစားနိုင်မယ်ဆိုရင် တီရှပ်၊ အချိုရည်ဘူး တွေ ဆုချီးမြှင့်ဖို့စီစဉ်ထားပါတယ်။ ဒီပွဲတော်ကို နိုင်ငံတော်က နှစ်စဉ်စီစဉ် ကျင်းပပေးတဲ့ ပွဲတော်လည်းဖြစ်သလို ပြန်ကြားရေးဝန်ကြီး ဌာနက ဦးစီးဦးဆောင်ပြီးကျင်းပတဲ့ပွဲတော် လည်းဖြစ်ပါတယ်။ ဒီပွဲတော်မှာ ဝန်ကြီးဌာန ၁၆ ခုကနေ ဝန်ကြီးဌာနအလိုက် လှုပ်ရှားမှု တွေကို ပြည့်ပြည့်စုံစုံ ခင်းကျင်းပြသထားတဲ့ အတွက်  ကျောင်းသားလူငယ်တွေအနေ နဲ့ ဒီပွဲတော်ကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။ ပွဲတော်မှာ ပြသထားတဲ့ ကျောင်းသားလူငယ်တွေအတွက် သိသင့်သိ ထိုက်တဲ့ စာအုပ်စာပေကိုလည်း ပွဲတော်က တစ်ဆင့်ဝယ်ယူပြီး အသိပညာဗဟုသုတ တိုးပွားစေဖို့ နောင်တစ်ခေတ်ရဲ့ ပခုံးပြောင်း တာဝန်ယူကြရမယ့်လူငယ်တွေဟာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့  လူငယ်နှင့်စာပေ အနု ပညာပွဲတော်ကို မပျက်မကွက်လာရောက် လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန   မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ဖျော်ဖြေရေး အစီအစဉ်များ၊  အသိပညာ ဗဟုသုတရဖွယ် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန   ပြခန်း ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် စပ်လျဉ်း၍ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီက “သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အနေနဲ့ လူငယ် နှင့် စာပေအနုပညာပွဲတော်မှာ အပိုင်းသုံးပိုင်း ခင်းကျင်းပြသသွားမှာပါ။ ပထမပိုင်းအနေနဲ့ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာပြခန်း၊ ဒုတိယပိုင်းအနေနဲ့    အဏုမြူစွမ်းအင် ဆိုင်ရာပြခန်း၊ တတိယပိုင်း အနေနဲ့ လျှပ်စစ် ကားနည်းပညာဆိုင်ရာ ပြခန်းတို့ကို ခင်းကျင်း ပြသသွားမှာဖြစ်ပါတယ်။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဆိုင်ရာပြခန်းမှာ  ICT ၊ Tech-nology တွေနဲ့ပတ်သက်တဲ့ အကြောင်းတွေ ပါဝင်ပါတယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေပြုလုပ်ထားတဲ့ Project  တွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။ အဏုမြူ စွမ်းအင်ဆိုင်ရာပြခန်းမှာ   ကျောင်းသား လူငယ်တွေနဲ့ ပြည်သူတွေ အဏုမြူစွမ်းအင် ဆိုင်ရာတွေသိဖို့အတွက်    အသေးစိတ် ပြသထားပါတယ်။ လျှပ်စစ်ကား နည်းပညာဆိုင်ရာ ပြခန်းမှာဆိုရင် အခုလက်ရှိမှာ EVကားတွေကို  အသုံးများလာတဲ့အတွက် ဘယ်လိုအသုံးပြုရတယ် ဆိုတာကို  နမူနာ ပုံစံငယ်လေးတွေနဲ့ အသေးစိတ်ပြသမှာ ဖြစ်ပါတယ်။ နည်းပညာတက္ကသိုလ်ကျောင်း သား၊ ကျောင်းသူတွေ တီထွင်ထားတဲ့ မူလတန်း၊   အလယ်တန်း၊  အထက်တန်းနဲ့ တက္ကသိုလ်အဆင့်တွေ ပါဝင်ဆင်နွှဲလို့ရတဲ့  စုံထောက်လုပ်ကြမယ် ဉာဏ်စမ်းပဟေဠိကိုပါဝင်ဆင်နွှဲပြီး အနိုင်ရရင် ဆုတွေကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား လူငယ်တွေနဲ့ ပြည်သူတွေအားလုံး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြခန်းကို     ကြည့်ရှု ခြင်းအားဖြင့် ခေတ်နဲ့အညီပြောင်းလဲနေတဲ့ နည်းပညာတွေကို သိရှိနိုင်မှာဖြစ်တဲ့အတွက် ကြောင့် လာရောက်လေ့လာကြဖို့ ဖိတ်ခေါ် ပါတယ်” ဟု ပြောသည်။

အဆိုပါပွဲတော်အား လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက် လာစေရေးအတွက် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ်ဖြစ်ပေါ်လာစေရန် နှင့် လူငယ်များစာပေနှင့် ရင်းနှီးပြီး စာပေ၏ အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့် အနုပညာမှတစ်ဆင့်  မျိုးချစ်စိတ်ဓာတ် နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံ ခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ် စေရန်၊  ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့်ဖွံ့ ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ် ကျေးလက်ဒေသအလှအပများကို သိရှိခံစား ပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ် လာစေရန်နှင့် ပြခန်းများ ခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

 ထိုသို့ ကောင်းမွန်သည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အစိုးရမှ စေတနာအပြည့်ဖြင့် စီစဉ်ဆောင်ရွက်ထားသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်သို့  နောင်အနာဂတ် တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြရမည့် ကျောင်းသားလူငယ်များအနေဖြင့် တက်ကြွသည့် ခြေလှမ်းများဖြင့် လှမ်းလာကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။