Globe Soccer Awards ဆုပေးပွဲတွင် ချီးမြှင့်ပေးအပ်မည့် Maradona Award အတွက် ကစားသမားလေးဦး အပြိုင်အဆိုင်ဖြစ်နေ
Globe Soccer Awardsဆုပေးပွဲ အခမ်းအနား တွင် ပေးအပ်ချီးမြှင့်မည့် ဆုများမှ တစ်ဆုဖြစ်သည့် Maradona Award အတွက် ကစားသမားလေးဦး အပြိုင်အဆိုင် ဖြစ်နေကြောင်း သိရသည်။
Maradona Award ကို အာဂျင်တီးနားအသင်း နှင့် နာပိုလီအသင်း ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာ ကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၂ ခုနှစ်ကစတင်ပြီး တစ်နှစ်အတွင်း (ပြက္ခဒိန်တစ်ခုအတွင်း) သွင်းဂိုးအများဆုံး ကစားသမားကိုရွေးချယ်ပြီး ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်ကုန်ဆုံးရန် နီးကပ်လာသည့်အချိန်တွင် တစ်နှစ်တာအတွင်းသွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်းက အင်္ဂလန်အသင်း၊ အသင်းဟောင်း စပါးအသင်း၊ လက်ရှိဘိုင်ယန်မြူးနစ် အသင်းတို့နှင့်
အတူ ပြိုင်ပွဲစုံ သွင်းဂိုး ၅၁ ဂိုးအထိရှိနေပြီး သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံး၌ရပ်တည်လျက်ရှိကာ ဟယ်ရီကိန်းသည် ယခုနှစ်မကုန်မီ ဘိုင်ယန်မြူးနစ်အသင်းနှင့် တစ်ပွဲကစားရန် ကျန်ရှိနေသည်။
အလားတူ ပီအက်စ်ဂျီအသင်းတို က်စစ်မှူး အမ်ဘတ်ပီသည်လည်း ပြင်သစ်အသင်း၊ ပီအက်စ်ဂျီအသင်းတို့နှင့်အတူ ပြိုင်ပွဲစုံသွင်းဂိုး ၅၀ အထိရှိနေပြီး ပီအက်စ်ဂျီအသင်းနှင့် အတူ တစ်ပွဲကစားရန် ကျန်ရှိနေသည့်အတွက် ဟယ်ရီကိန်းကို လိုက်မီနိုင်ဖွယ်ရှိနေသည်။
ထို့အတူ အယ်နာဆာအသင်းတိုက်စစ်မှူး စီရော် နယ်ဒိုသည်လည်း ယခုနှစ်အတွင်း ပေါ်တူဂီအသင်း၊ အယ်နာဆာအသင်းတို့နှင့်အတူ သွင်းဂိုး ၅၀ အထိ သွင်းယူထားပြီး အယ်နာဆာအသင်းနှင့်အတူ နောက်ထပ် သုံးပွဲကစားရန် ကျန်ရှိနေသည့်အတွက် မျှော်လင့်ချက် ရှိနေခြင်းဖြစ်သည်။
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းသည်လည်း ယခုနှစ်အတွင်း နော်ဝေအသင်း၊ မန်စီးတီးအသင်းတို့နှင့်အတူ သွင်းဂိုး ၅၀ အထိ သွင်းယူထားပြီး ယခုနှစ်မကုန်မီ မန်စီးတီးအသင်းနှင့် သုံးပွဲကစားရန် ကျန်ရှိနေသေးသည့်အတွက် မျှော်လင့်ချက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။