ကမ္ဘာ့နိုင်ငံများအား စိန်ခေါ်လာသည့် စားသောက်ကုန် ဈေးနှုန်းမြင့်တက်မှု
ကမ္ဘာ့နိုင်ငံများရှိ စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုသည် ၂၀၂၃ ခုနှစ်တွင် ဆက်လက် မြင့်တက်နေခြင်းကြောင့် ယင်းနိုင်ငံများရှိ ပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိန်ခေါ်မှုများကိုဖြစ်ပေါ်စေလျက်ရှိသည်။ စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုသည် အလယ်အလတ် ဝင်ငွေရရှိသည့် နိုင်ငံများတွင် ပြောင်းလဲမှုကြီးကြီးမားမား မရှိသော်လည်း အာဖရိကနိုင်ငံများကဲ့သို့ ဝင်ငွေနည်းပါးသည့် နိုင်ငံများတွင် သက်ရောက်မှု ကြီးမားလျက်ရှိသည်။ ထို့ကြောင့် စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုဒဏ်ကို အဓိက ရင်ဆိုင်နေရသည့်ဒေသများတွင် အာဖရိက၊ လက်တင်အမေရိက၊ တောင်အာရှနှင့် ဗဟိုအာရှဒေသမှ နိုင်ငံများ ပါဝင်လျက်ရှိသည်။
နိုင်ငံအများအပြား၏အဓိက စားသောက်ကုန်များဖြစ်သည့် ကောက်ပဲသီးနှံဈေးနှုန်းများသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအစောပိုင်း၌ မြင့်တက်လာစဉ် ပြောင်းဖူး၊ ဂျုံဈေးနှုန်းများမှာလည်း ၈ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။ မည်သည့်နိုင်ငံတွင်မဆို လူတစ်ဦးချင်းစီ၏ နေ့စဉ်လိုအပ်ချက်များတွင် စား၊ ဝတ်၊ နေရေးဟူသောအချက်မှာ အခြေခံ လိုအပ်ချက်များပင်ဖြစ်သည်။ ယင်းအခြေခံ လိုအပ်ချက် သုံးမျိုးတွင် စားသောက်ရေးမှာ မရှိမဖြစ် အရေးကြီးဆုံးဖြစ်သည်။ ယနေ့ ကမ္ဘာကြီးတွင် လူသားများအတွက် စားနပ်ရိက္ခာ ဖူလုံရေးမှာ စိန်ခေါ်မှုတစ်ခုဖြစ်လာနေပြီး ထိထိရောက်ရောက် ဖြေရှင်းရမည့်ကိစ္စတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် စားနပ်ရိက္ခာဖူလုံရေးသည် ကမ္ဘာ့နိုင်ငံများတွင် နေထိုင် လျက်ရှိသော လူသားအားလုံးအတွက် အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်လာ ကြောင်း အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ကြီးက သတိပေးထားသည်။ ၂၀၂၁ ခုနှစ်အတွင်း၌ စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့်နိုင်ငံ သို့မဟုတ် နယ်မြေဒေသများရှိ လူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် အကျပ်အတည်း သို့မဟုတ် ဆိုးရွားသော အခြေအနေ သို့မဟုတ် အလားတူ အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ အချို့နိုင်ငံများတွင် ပဋိပက္ခနှင့် စားနပ်ရိက္ခာမလုံခြုံမှုသည် အဓိကခြိမ်းခြောက် နေသည့်အကြောင်းရင်းဖြစ်သည်ကို တွေ့ရကြောင်း Global Network against Food Crisis \ Global Report on Food Crisis 2022အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ဒေါ်လာ ၃၀ ဘီလီယံကျော်ကို ရန်ပုံငွေအဖြစ် ၁၅ လအတွင်း ရှာဖွေရန်အတွက် ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် မေလတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ အဆိုပါအစီအစဉ်အရ ယီမင်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ယင်းနိုင်ငံအတွင်းရှိ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းများ အတွက် ဒေါ်လာသန်း ၁၅၀ ကို ထောက်ပံ့ပေးမည်ဖြစ်သည်။ ထို့ပြင် အာဖရိကနိုင်ငံများဖြစ်သည့် ဆီနီဂေါ၊ ဆီယာရာလီယွန်နှင့် တိုဂိုနိုင်ငံများအတွက်လည်း အကူအညီအဖြစ် ဒေါ်လာ ၃၄၅ သန်းကို ပေးအပ်ရန် စီစဉ်လျက်ရှိသည်။
လက်ရှိ ကမ္ဘာ့လူဦးရေသည် ၂၀၂၂ ခုနှစ်တွင် သန်းပေါင်း ရှစ်ထောင်ခန့်ရှိပြီး လူဦးရေမှာ ဆက်လက် တိုးပွားလျက်ရှိရာ ၂၀၅၀ ပြည့်နှစ်တွင် ၁၀ ဘီလီယံနီးပါးရှိ လာမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏ စာရင်းများအရ ကမ္ဘာပေါ်ရှိ လူဦးရေ သန်းနှစ်ထောင်ကျော်မှာ ဘေးကင်း၍ အာဟာရပြည့်ဝသော အစားအစာ လုံလောက်စွာပုံမှန် မရရှိကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ်သည် မကြုံစဖူးငတ်မွတ်မှုနှင့် ကြုံတွေ့ရသည့်နှစ်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးကဆိုသည်။ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည့် အရေအတွက်သည် ၂၀၁၉ ခုနှစ်မှစ၍ လူဦးရေ ၁၃၅ သန်းမှ ၃၄၅ သန်းအထိ တိုးမြင့်လာပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် လူဦးရေ သန်း ၅၀ မှာ အစားအစာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင်ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသူ ၈၀ ရာခိုင်နှုန်းကျော်သည် ကျေးလက် ဒေသများတွင် နေထိုင်ကြပြီး အများစုသည် စိုက်ပျိုးရေးနှင့် သဘာဝ အရင်းအမြစ်များ အပေါ် မှီခိုနေကြရသည်။ ၎င်းတို့သည် အများအားဖြင့် သဘာဝ ကပ်ဘေးများနှင့် လူသားများကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များကြောင့် ထိခိုက်မှု အပြင်းထန်ဆုံး ခံစားနေကြရသူများဖြစ်သည်။
ထို့ကြောင့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ စားနပ်ရိက္ခာစနစ်များ မပြောင်းလဲပါက ၂၀၅၀ ပြည့်နှစ်တွင် အာဟာရချို့တဲ့မှုနှင့် မညီမျှမှုများစွာ မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားပြီး ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရချိန်တွင် နိုင်ငံအားလုံးပါဝင်သော ဖြေရှင်းချက်များ လုပ်ဆောင်ရန် ယခင်ကထက် ပိုမိုလိုအပ်နေကြောင်း တိုက်တွန်းထားသည်။
လူသားများ၏ စားနပ်ရိက္ခာဆိုင်ရာ လိုအပ်ချက်များ ပိုမိုမြင့်မားနေချိန်တွင် အရင်းအမြစ်များမှာလည်း ကျဆင်းလျက်ရှိသည်။ ထို့ပြင် စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများသည် လည်း ပိုမိုကျယ်ပြန့်လာလျက် ရှိကြောင်း တွေ့ရှိရသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကြီး၏ အဆိုအရ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာဖူလုံရေး အတွက် ခြိမ်းခြောက်မှု သို့မဟုတ် အငတ်ဘေးဖြစ်ပွားစေသည့် အကြောင်းရင်းလေးချက်ရှိသည်။ ၎င်းတို့မှာ ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါ၏ နောက်ဆက်တွဲ အကျိုးဆက်များနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှုတို့ဖြစ်သည်။
အလားတူပင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် အသက်ဆုံးရှုံးမှုများ၊ ကောက်ပဲသီးနှံများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုထိခိုက်စေပြီး လူသားတို့၏လုပ်ကိုင် စားသောက်နိုင်မှုစွမ်းရည်ကို လျော့ကျစေလျက်ရှိသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော စီးပွားရေးအကျိုးဆက်များသည် ယနေ့ အချိန်အထိ အချို့နိုင်ငံများ၌ မမျှော်လင့်သော အငတ်ဘေးအဆင့်အထိ ဖြစ်ပေါ် စေခဲ့ကြောင်းတွေ့ရှိရသည်။ ငွေကြေးဖောင်းပွမှု၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုတို့ကြောင့် နိုင်ငံအများအပြားတွင် စားသောက်ကုန်ဈေးနှုန်းများမှာ ယခင်ကထက်ပို၍ မြင့်တက်လာခဲ့သည်။
အထက်ပါအချက်များအပြင် နိုင်ငံနှင့် ဒေသအလိုက် မတူညီသော အကြောင်းရင်းများလည်း ရှိနေသည်။ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာများ၊ ဆင်းရဲမွဲတေမှုစသည်တို့ အပြင် မူဝါဒဆိုင်ရာများ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်သည်။ ကမ္ဘာ့နိုင်ငံများအတွက် စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရပြည့်ဝမှုကို ထိခိုက်စေသည့် အရင်းခံ အကြောင်းတရားများသည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဖြစ်ပွားမှုအကြိမ်ရေ များပြားလာခဲ့ပြီး ပိုမိုပြင်းထန်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ The State of Food Security and Nutrition in the World Report 2021တွင် ဖော်ပြထားသည်။
ကမ္ဘာ့နေရာအနှံ့အပြားတွင် မြင့်တက်လာသောအခက်အခဲ၊ အကျပ်အတည်းများ နှင့်အတူ စားနပ်ရိက္ခာဖူလုံရေးမှာ အားလုံး အတွက် စိန်ခေါ်မှုအဖြစ် ထွက်ပေါ်လျက်ရှိသည်။ စားနပ်ရိက္ခာမလုံခြုံမှုနှင့် အာဟာရချို့တဲ့မှု စိုးရိမ်ဖွယ်မြင့်မားလာခြင်းသည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ အစားအစာစနစ်များ (Global and Local Food Systems) ပျက်စီးလာသည့်အဓိပ္ပာယ်ဖြစ်ကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု သို့မဟုတ် အငတ်ဘေးကိုဖြစ်စေသည့် အကြောင်းရင်းအချို့သည် သက်ဆိုင်ရာ နိုင်ငံနှင့်ဒေသ တစ်ခုတည်းနှင့် သက်ဆိုင်နေသည်မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများ ဖြစ်လာကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် နိုင်ငံတကာတွင်ဖြစ်ပွားနေသည် တင်းမာမှုများ၊ ပဋိပက္ခများ၊ စီးပွားရေးအကျပ်အတည်းများ၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၊ ကပ်ရောဂါကူးစက်မှုတို့သည် နိုင်ငံအားလုံးအပေါ် အနည်းနှင့်အများ အကျိုးသက်ရောက်လျက် ရှိသည်။
ထိုသို့သောအခြေအနေများသည် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ရည်မှန်းချက်များတွင် ပါဝင်သည့် “၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်၍ လူသားအားလုံး အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများနှင့် မွေးကင်းစကလေးငယ်များ အပါအဝင် ထိခိုက်လွယ်သော အခြေအနေရှိသူများ ဘေးကင်း၍ အာဟာရပြည့်ဝပြီး လုံလောက်သော အစားအစာများ တစ်နှစ်ပတ်လုံး ရရှိနိုင်စေရန်” ဟူသော ရည်မှန်းချက်ကို ထိခိုက်စေလျက်ရှိသောကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ နိုင်ငံများတွင် စားနပ်ရိက္ခာ သို့ မဟုတ် အစားအစာဖူလုံရေးနှင့် စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရေး အတွက် ထိရောက်သော မူဝါဒများချမှတ်ခြင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။