ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၂၆
    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံ စုစုပေါင်း ၅၁၉ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာစုစုပေါင်းအင်အား ၇၃၆ ဦးတို့ကို စုစုပေါင်းငွေကျပ် ၄ သိန်းကျော် တန်ဖိုးရှိ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။
    
ထို့သို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံတိုက်နယ်ဆေးရုံနှင့် ဘားအံမြို့နယ်၊ ထုံးအိုင်တိုက်နယ်ဆေးရုံများသို့ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ကြာအင်းဆိပ်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော် စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။