မျက်အိတ်ဖောင်းခြင်း
မျက်လုံးရဲ့အောက်ဘက်မှာ မျက်အိတ်ဖောင်းလာတဲ့အခါ ကြည့်ရဆိုးပါတယ်။ ဘယ်လိုပဲကာကွယ်မှုတွေ ပြုလုပ်ပေမယ့် အသက်အရွယ်ရလာတဲ့အခါ ဖောင်းလာတဲ့မျက်အိတ်က အရွယ်ပိုပြီး အိုမင်းနေသယောင် ထင်ရစေပါတယ်။ မိန်းကလေးတိုင်း အလှကြိုက်ကြသလို ငယ်ရွယ်နုပျိုမှုကိုလည်း လိုလားကြတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ ဖောင်းလာတဲ့မျက်အိတ်ကို ခွဲစိတ်ပြုပြင်မှုပြုလုပ်တာတွေ ခေတ်စားလာပါတယ်။
မျက်အိတ်ဖောင်းတယ်ဆိုတာ မျက်တွင်းအရေပြားရဲ့အောက်မှာ အဆီတွေစုပုံနေပြီး စုပုံနေတဲ့အဆီတွေက အရေပြားအပြင်ဘက်ကို တွန်းအားပေးလို့ ဖြစ်ပါတယ်။ အသေးစိတ်ပြောရရင် မျက်တွင်းအရေပြား၊ အရေပြားအောက်မှာရှိတဲ့ မျက်တွင်းကြွက်သားနဲ့ မျက်တွင်းအောက်မှာရှိတဲ့အဆီတွေကို ကာရံပေးထားတဲ့ အကာတွေရဲ့ တင်းရင်းမှုလျော့နည်းလာလို့ ဖြစ်ပါတယ်။ ဒီလိုတင်းရင်းမှု လျော့နည်းနေတဲ့နေရာကို အဆီတွေစုပုံပြီး သွားဖိတဲ့အခါ အောက်မျက်ခမ်း၊ မျက်တွင်းညိုတာ၊ ဖောင်းတာဖြစ်စေပါတယ်။
မျက်အိတ်ဖောင်းတာဖြစ်နိုင်ခြေများတဲ့ သူအများစုက မျိုးရိုးကြောင့်ဖြစ်ပါတယ်။ တချို့အဝလွန်သူတွေ၊ အဆီအအိမ့်နဲ့ အငန်အစားများတဲ့သူတွေမှာလည်း အောက်မျက်အိတ်အဆီတွေစုနေတတ်ပါတယ်။ ဆေးလိပ်သောက်တာများတဲ့သူတွေ၊ မျက်ကပ်မှန်နေ့စဉ်တပ်တဲ့ သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ညအိပ်ချိန်နည်းတဲ့သူတွေ၊ ညအိပ်ချိန်မမှန်တဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ မျက်အိတ်ဖောင်းတာက အသက်အရွယ်နဲ့လည်းဆိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်အိတ်ကိုကာထားတဲ့ ကြွက်သားတွ ေလျော့ကျပြီး အဆီတွေစုပုံလာတဲ့အခါ မျက်အိတ်ဖောင်းလာတတ်ပါတယ်။
ကုသရာမှာ မျက်အိတ်ဖောင်းတာကို ခွဲစိတ်ပြီး ပြုပြင်လို့ရပါတယ်။ခွဲစိတ်တာ နှစ်မျိုးရှိပါတယ်။ အောက်မျက်ခမ်းရဲ့ အတွင်းဘက်မှာ စုပုံနေတဲ့အဆီကို ထုတ်တဲ့နည်းကို အသက် ၄၀ အောက်အရွယ်တွေမှာ ပြုလုပ်တာများပါတယ်။ အောက်မျက်ခမ်းဖောင်းတဲ့ သူတွေပြုလုပ်ဖို့ သင့်တော်ပါတယ်။
အောက်မျက်ခမ်းရဲ့ အပြင်ဘက် အရေပြားမှာစုပုံနေတဲ့အဆီတွေကိုထုတ်တဲ့နည်းကတော့ အောက်မျက်ခမ်းမှာ ရှိတဲ့ အဆီတွေထုတ်ပြီး တွဲကျနေတဲ့အရေပြားကိုပါဖြတ်ပြီး အရေပြားကို တင်းအောင်လုပ်တဲ့နည်းဖြစ်ပါတယ်။ အသက် ၄၀ အထက် အောက်မျက်ခမ်းဖောင်းပြီး အရေပြားပါတွဲကျနေသူတွေ ပြုလုပ်ဖို့သင့်တော်ပါတယ်။
ကြိုတင်သိသင့်တာက မျက်အိတ်အဆီထုတ်ခွဲစိတ်တာက အသေးစားခွဲစိတ်မှုတစ်ခုဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးနည်းတယ်။ ထုံဆေးကိုအသုံးပြုလေ့ရှိတယ်။ ခွဲစိတ်ပြီးနာရီပိုင်းလောက်နေရင် အိမ်ပြန်လို့ရပါတယ်။ ၂၄ နာရီအတွင်း ခန္ဓာကိုယ်လှုပ်ရှားမှုကို တတ်နိုင်သလောက်မလုပ်ဘဲ အနားယူသင့်တယ်။ ၂၄ နာရီကျော်ရင် ရေထိလို့ရပေမယ့် ရေကြာကြာမသုံးသင့်ပါဘူး။ ခွဲစိတ်ပြီးသုံးရက်အတွင်း အိပ်တဲ့အခါ ခေါင်းအုံးနှစ်လုံးဆင့်ပြီး ခေါင်းကိုမြင့်မြင့်ထား အိပ်သင့်ပါတယ်။ အနာမကျက်ခင် ငါးရက်အတွင်းမှာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အညှော်နံ့ရှူတာ စတာတွေနဲ့ ဖုန်၊ သဲတွေမျက်စိထဲမဝင်အောင် ရှောင်ရပါမယ်။ ချုပ်ရိုးမဖြေခင် ဒဏ်ရာကို နေ့စဉ်သန့်စင်ပေးပြီး ပိုးသတ်လိမ်းဆေးလိမ်းပေးသင့်တယ်။ ချုပ်ရိုးမဖြေခင် အပြင်ထွက်မယ်ဆိုရင် နေကာမျက်မှန်တပ်ပြီး သွားလာသင့်ပါတယ်။
သတိထားဖို့လိုတာက မျက်အိတ်ခွဲပြီး နှစ်ပတ်အတွင်းမှာ မျက်ကပ်မှန်တပ်တာ၊ Eye Liner ဆွဲတာ၊ မိတ်ကပ် (Eye make up) လိမ်းတာတွေမပြုလုပ်သင့်ပါဘူး။ ချုပ်ရိုးမဖြေခင် ခွဲကြောင်းနေရာကို လက်နဲ့ထိတာ၊ ချုပ်ရိုးကိုဖြဲကြည့်တာ၊ ချုပ်ရိုးပေါ်မှာ ဆေးမြီးတိုတွေလိမ်းတာ စတာတွေ လုံးဝမလုပ်သင့်ပါဘူး။ မျက်ကပ်မှန်တပ်ရသူတွေအနေနဲ့ မျက်အိတ်ခွဲစိတ်ပြီး နှစ်ပတ်ကျော်မှသာ မျက်ကပ်မှန်တပ်ရပါမယ်။ မျက်အိတ်အဆီထုတ်လိုက်တာကြောင့် မျက်တွင်းညိုတာကို သက်သာသွားစေနိုင်ပါတယ်။
အသက် ၇၀ ကျော်သူတွေ၊ ဆီးချိုသွေးချိုရောဂါရှိသူတွေ အနာကျက်နှေးလို့ မပြုလုပ်သင့်ပါဘူး။ သွေးတိတ်နှုန်းအလွန်နှေးသူတွေ၊ အနာကျက်နှေးသူတွေအနေနဲ့ မခွဲစိတ်သင့်ပါဘူး။ သွေးတိုးရောဂါ (အလွန်အမင်းသွေးတိုး)ရှိတဲ့သူတွေကိုလည်း မခွဲစိတ်သင့်ပါဘူး။ ဘေးထွက်ဆိုးကျိုးလည်းရှိပါတယ်။ မျက်အိတ်ခွဲစိတ်တာကြောင့် ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ မျက်အိတ်ခွဲပြီး ၂၄ နာရီအတွင်းနာကျင်ကိုက်ခဲမှုကို အနည်းငယ်ခံစားရနိုင်တယ်။ ခွဲစိတ်ပြီး သုံးလေးရက်အတွင်း မျက်အိတ်နဲ့ မျက်လုံးဝန်းကျင်မှာ အနည်းငယ်ရောင်ရမ်းနေတတ်ပါတယ်။ တချို့တွေမှာတော့ ခွဲစိတ်ပြီးငါးရက်အတွင်း မျက်အိတ်ပတ်လည်မှာ အနည်းငယ်ရောင်ပြီး တချို့မှာ ခွဲစိတ်ပြီးငါးရက်အတွင်း မျက်အိတ်ပတ်လည်မှာ သွေးခြည်အိတ် အကွက်ကြီး၊ အကွက်ငယ်တွေပေါ်လာတတ်ပါတယ်။ တချို့တွေကတော့ ခွဲစိတ်ပြီး ငါးရက်အတွင်း မျက်ရည်ပူကျတာ၊ မျက်စိခြောက်သလိုမျိုး ခံစားရတာတွေဖြစ်နိုင်ပါတယ်။
လူအနည်းစုကတော့ ခွဲကြောင်းနေရာမှာ အမာရွတ်ကျန်နိုင်ပါတယ်။
ဆေးမှန်မှန်သောက်တာ၊ ဆေးမှန်မှန်လိမ်းတာတွေမလုပ်ရင် ပိုးဝင်တတ်ပါတယ်။ မျက်စိအဆီထုတ်တာ များသွားရင်လည်း မျက်တွင်းချိုင့်ဝင် သွားတတ်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြုလုပ်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ခြေ အလွန်နည်းပါတယ်။
မျက်အိတ်ခွဲစိတ်မှုပြုလုပ်ရင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သေချာပြသပြီး ပြုလုပ်ဖို့လိုပါတယ်။ ရှေ့မှာပြုလုပ်ခဲ့တဲ့သူတွေရဲ့ အကျိုးဆက်ကိုလည်း သေချာလေ့လာပြီးမှ ရွေးချယ်သင့်ပါတယ်။
မျက်စိအောက်ပိုင်းအောက်မျက်အိတ်မှာညိုနေတာ၊ စောင်းနေတာနဲ့ အောက်မျက်အိတ်မှာ အဆီတွေ ရှိသင့်တာထက်ပိုပြီး စုပုံလာတာတွေကို တချို့သူတွေ သတိထားမိကြလိမ့်မယ်။ ဒီအဆီတွေ ဘာကြောင့်စုပုံသလဲ ဆိုတာကတော့ အများအားဖြင့် ၇၀ ရာခိုင်နှုန်းလောက်က မျိုးရိုးကြောင့်ဖြစ်ပါတယ်။ ဒီအဆီတွေ စုပုံတာပျောက်သွားဖို့ လေ့ကျင့်ခန်းလုပ်လိုက်၊ အစားအသောက်ဆင်ခြင်လိုက်၊ သောက်ဆေး၊ လိမ်းဆေးတွေ သုံးလိုက်နဲ့မဖြစ်ပါဘူး။ ဒီလိုအဆီတွေစုပုံနေတဲ့အတွက် ကိုယ့်မျက်နှာက ဘာမှမလုပ်ရသေးဘဲ ပင်ပန်းနေတဲ့ ပုံပေါက်နေတတ်တယ်။ အောက်မျက်အိတ်အဆီတွေကြောင့် ကိုယ့်မျက်နှာက မိမိလက်ရှိအသက်ထက် ပိုကြီးနေတဲ့ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။ မျက်နှာပေါ်က အလှကိုပါ ဖုံးနေတတ်ပြီး မျက်နှာရဲ့ပင်ကိုအလှအပနဲ့ နုပျိုမှုကိုနှောင့်ယှက်စေပါတယ်။
အောက်မျက်တွင်းမျက်အိတ်မှာရှိတဲ့ ပိုလျှံတဲ့အဆီတွေကို ချိန်ဆပြီးဖယ်ထုတ်လိုက်ရင် တစ်ဖန် ငယ်ရွယ်လှပပြီး တောက်ပတဲ့မျက်အိတ်၊ မျက်ဝန်းတစ်စုံကို ပြန်လည်ရရှိနိုင်ပါတယ်။
အချုပ်ဆိုရရင် ခွဲစိတ်မှုနှစ်မျိုးစလုံးက အသေးစားခွဲစိတ်မှု (Minor Surgery) ဖြစ်တဲ့အတွက် ပြင်ပလူနာဌာန (OPD) က သန့်ရှင်းသပ်ရပ်ပြီး ပိုးသန့်စင်ထားရင်ပဲ ခွဲစိတ်ပေးနိုင်တယ် ဒါမှမဟုတ် ခွဲခန်းမှာ ထုံဆေး၊ မေ့ဆေးပေးပြီးလည်း ခွဲစိတ်နိုင်ပါတယ်။ အရေပြားချုပ်ကြောင်း မပေါ်ဖို့တော့ အရေးကြီးပါတယ်။ အဓိကကတော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသဖို့ လိုအပ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်