(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၀
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁၊ ၃)နှင့် လယ်ဝေးအားကစားကွင်း (TC-2)တို့၌ ဆက်လက် ကျင်းပသည်။
ဝန်ကြီးဌာနပေါင်းစုံ အသက်၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ၁ ဂိုးစီ သရေရလဒ်ဖြင့် လည်းကောင်း၊ ညနေ ၃ နာရီတွင် လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ စွမ်းအင်ဝန်ကြီးဌာန အသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြန်ကြားရေးဝန်ကြီး ဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ၃ ဂိုးပြတ်ဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို ၃ ဂိုးပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသည်။
ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ ၃ နာရီတွင် လယ်ဝေးကွင်း(TC-2) ၌ နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် ယှဉ်ပြိုင် အနိုင်ရရှိသည်။
အဆိုပါ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အသက်၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် ဒီဇင်ဘာလ ၂၁ ရက် (ယနေ့) နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်း၊ ညနေ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အသင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအသင်း၊ ဝန်ကြီးဌာနပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ ၃ နာရီတွင် နေပြည်တော် လယ်ဝေးကွင်း(TC-2)၌ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းသိရသည်။