နှစ်စဉ်နွှဲပျော် လူငယ်နှင့်စာပေ အနုပညာပွဲတော်
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပေသည်။ ထိုနေ့ထူးရက်မြတ်ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီး ဌာနမှဦးဆောင်၍ အခြားဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးကာ အနုပညာဆိုင်ရာ စာအုပ်စာစောင်နှင့် နှီးနွှယ်ဆက်စပ်ရာ အစရှိသူများ ပါဝင်စေလျက် “လူငယ်နှင့် စာပေအနုပညာပွဲတော်” ကို နေပြည်တော်၌ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် တတိယအကြိမ်မြောက် ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါသည်။ အဓိက ရည်ရွယ်ချက်ဖြစ်သော လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ဆိုသည်ကို အခြေပြုပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့ကြပေသည်။ လူငယ်အများ အောင်မြင်တိုးတက်ကြစေရန် ရည်ရွယ်ချက်ကောင်းဖြစ်ကာ လေ့လာသင်ယူစရာ တစ်ပုံတစ်ပင်နှင့် ပျော်ရွှင်ခြင်းလည်းဖြစ်စေ၊ နိုင်ငံအတွက် တန်ဖိုးရှိမည့် အတွေးတစ်စ၊ အသိပညာ ဗဟုသုတစုံစွာ ရစေနိုင်မည့်ပွဲတော်တစ်ခုပင် ဖြစ်ပေသည်မှာ အထူးပြောစရာမလိုတော့အောင်ပင် ယခင်နှစ်လူငယ်နှင့် စာပေအနုပညာပွဲတော်များက သက်သေပြသခဲ့ပြီဖြစ်ပေသည်။
လူငယ်နှင့် စာပေအနုပညာပွဲတော်ကို လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရေး အတွက် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် လူငယ်များစာပေနှင့် ရင်းနှီးပြီး စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့် အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံ ဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှ တစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ အလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထား စိတ်များဖြစ်ပေါ်လာစေရန်၊ ပြခန်းများ ခင်းကျင်းပြသမှုများမှ တစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာ ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ၂၀ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားရာတွင် “လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်း တစ်ခုတွင် အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ် တစ်ခုပင်ဖြစ်ပါကြောင်း၊ ခေတ်စနစ်များကို မည်သို့ပင် ဖြတ်သန်းကြရသည်ဖြစ်စေ၊ လူငယ်မျိုးဆက်များသည် အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စပိုင်းများတွင် ထူးချွန်ထက်မြက်နေရန် လိုအပ်နေမည်ဖြစ်ပါကြောင်း၊ ထိုသို့ဖြစ်ပေါ်နိုင်ရန်လည်း လူငယ်များ၏ ကြိုးစားအားထုတ်မှု အခွင့်အလမ်းနှင့် စွမ်းရည်မြှင့်တင်ရေးပိုင်းများကို ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင် တစိုက်မတ်မတ် တည်ရှိနေအောင် ဝိုင်းဝန်းကူညီ ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်စွမ်းအားစု တစ်ရပ်လုံးကို နိုင်ငံတော်၏ အနာဂတ်များဖြစ်သည်ဟု ယုံကြည်တန်ဖိုးထားသည့် အတွက် လူငယ်ရေးရာ မူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေး အစီအမံများကို ချမှတ်ဖော်ဆောင်ပေးလျက် ရှိသကဲ့သို့ အကြောင်းကြောင်းကြောင့် လမ်းမှားရောက်ပြီး အနာဂတ်ပျောက်ဆုံးနေသည့် လူငယ်လူရွယ်များကိုလည်း မိဘနှင့်သားသမီးကဲ့သို့ မေတ္တာထားကာ လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိစေရေး နည်းလမ်းများ ရှာဖွေဖော်ဆောင်ပေးလျက်ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း” ဖြင့်ပြောကြားခဲ့ပါသည်။
လူငယ်တို့ဘဝတွင် ဗဟုသုတများစွာ ရရှိပြီး ပိုင်းခြားစိတ်ဖြာနိုင် စွမ်းရည်မြင့်မားရန် အလွန်လိုအပ်လှပေသည်။ထိုအရာများကိုဖြည့်ဆည်းပေးနိုင်သော “လူငယ်နှင့် စာပေအနုပညာပွဲတော်” ကို နိုင်ငံတော်က အလေးထား ဆောင်ရွက်လျက်ရှိရာ သွားရောက်လေ့လာပညာယူ သင့်ကြပေသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမို၍စိတ်ဝင်စားဖွယ် အသိပညာပေးပြခန်း၊ ပြကွက်များဖြင့် ပြသထားရာ ယခင့်ယခင် ပွဲတော်ထက် လူငယ်အများ ပိုမို၍စိတ်ပါဝင်စားကြမည်မှာ အမှန်ဧကန်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်တွင် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲများ၊ စာအုပ်စာစောင်များ၊ ဝန်ကြီးဌာန ၁၅ ခုမှပြသမည့် ပြခန်းများ၊ တိုင်းရင်းသား အစားအစာဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပါသည်။
ယခင်နှစ်က အနုပညာဆိုင်ရာ မှတ်တမ်းရုပ်ရှင်အဖြစ် “ကြီးမြတ်သောမြန်မာ”ကို ပြသခဲ့ရာ ပွဲတော်လာသူ အများနှစ်သက်ခဲ့ကြပေသည်။ စာပေအနုပညာ ပွဲတော်မှ တစ်ဆင့် နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းသိရှိပြီး မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်ချစ်စိတ် ရှိစေ၍ ဓာတ်ပုံများကပေးသော နိုင်ငံတော်၏ ချစ်စဖွယ်ဒေသများ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် စည်းလုံးညီညွတ်စွာနေထိုင်မှုများ၊ ရိုးရာဓလေ့များကို အသိတစ်ခုခု ရရှိခံစားမိကြစေမည်ဖြစ်ပေသည်။
“လူငယ်နှင့်စာပေအနုပညာပွဲတော်”၏ဆောင်ပုဒ်ကို “ပြည်ထောင်စုအကျိုး သယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဟု သတ်မှတ်ထားသည်။ ခေတ်တစ်ခေတ်၏ ပုံရိပ်ကို ဖော်ကျူးပြသနိုင်သော လူငယ်တွေကို ပံ့ပိုးကူညီပေးရန် အားပေးမြှင့်တင်ခြင်း၊ စိတ်ခွန်အား၊ ကိုယ်ကာယ ကျန်းမာသန်စွမ်းခြင်း ရှိကြစေရန် အထူးအလေးပေးဆောင်ရွက်ပေးသင့်ပေသည်။ မိမိကိုယ်ကို ကောင်းအောင်ကြိုးစား၊ မိမိနေထိုင်ရာဒေသ တိုင်းဒေသကြီး၊ ပြည်နယ်များအား ဖွံ့ဖြိုးတိုးတက်ရန် မြတ်နိုးတန်ဖိုးထား ချစ်ခင်စိတ်များဖြစ်ပေါ်ပြီး ဝိုင်းဝန်း လုပ်ဆောင်တတ်စေရန် အထူးလိုအပ်လှပေသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိရေး စသည်တို့၏ လမ်းဖွင့်ပေးရာ ယခု”လူငယ်နှင့် စာပေအနုပညာပွဲတော်” ပြခန်း၊ ပြကွက်များမှ လေ့လာကာ အမြင်သစ် ရရှိလာပေမည်ဖြစ်၏။ အနာဂတ်နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို ပခုံးပြောင်းတာဝန်ယူကြရမည့် ယနေ့လူငယ်တို့သည် အသိပညာ၊ အတတ်ပညာ ပိုမို၍တိုးပွားအောင် ဆောင်ရွက်ကြရမည်။ မိမိတို့လူငယ်ထု ရရှိသည့် အခွင့်အရေးကို အကောင်းဆုံး ဆုပ်ကိုင်ပြီး မိမိရရအသုံးချကာ အတ္တဟိတ၊ ပရဟိတ လုပ်ဆောင်သွားသင့်ကြပေသည်။
ကမ္ဘာကျော်စာရေးဆရာကြီး ဂေါ်ကီ၏ အဆိုအမိန့်များမှ“အသိပညာထက် အစွမ်းထက်သော လက်နက်မရှိနိုင်” ဆိုသကဲ့သို့ ယနေ့လူငယ်အများ အသိပညာ ရှာဖွေဆည်းပူးခြင်းကို မလျှော့သောဇွဲ၊ ခိုင်မာသောလုံ့လဖြင့် လုပ်ဆောင်သွားကြရပေမည်။
လောကလူ့ရွာတွင် အစစ်အမှန်ဆိုသည် မည်သည့်အခါမှ မတိမ်ကောသကဲ့သို့ ဘဝတိုးတက်အောင်မြင်ဖို့အတွက် ပညာဆိုသည်မှာလည်း အဖိုးထိုက် ရတနာတစ်ပါးပင် ဖြစ်ပေသည်မှာ အစဉ်ထာဝရတည်တံ့နေ၏။ မြန်မာတို့၏ လူမှုအဖွဲ့အစည်းတွင် ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုတန်ဖိုးထား ဟူ၍ပြောစမှတ်ရှိခဲ့ရာ ထိုထိုသောအသိ ပီပြင်စွာ လုပ်ဆောင်ခွင့်ကိုရရန် စာဖတ်တတ်ချိန်မှ စတင်ပြီး စာပေဖတ်ရှုခြင်းကို စဉ်ဆက်မပြတ် ပြုလုပ်ကြရပေမည်။
ထိုမှစာဖတ်ရှိန်မြင့်မားလာကာ အသိဉာဏ် တိုးပွားလာမည်။ စာဖတ်သူဦးရေလည်း တိုးတက်များပြားလာပြီး စာအုပ်စာစောင် ချစ်မြတ်နိုးတန်ဖိုးထား လာကြပေမည်ဖြစ်သည်။ ယခုဆိုလျှင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ ပါဝင်ဖွဲ့စည်းထားသော မြန်မာစာ ချစ်မြတ်နိုးသူများအသင်း စသည်တို့မှ ပါဝင်ဆောင်ရွက်၍ Book Club များ၌ စာပေဆွေးနွေးပွဲများ ကျင်းပနေသည်ကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းများ၏ သတင်းများနှင့် Facebook တို့တွင် တွေ့မြင်သိရှိနေရပေသည်။ စာပေအပေါ် ချစ်မြတ်နိုးတန်ဖိုးထားခြင်းအတွက် အားရကျေနပ်ဖွယ်ပင်။
နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို အရည်အချင်းပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် လူငယ်ရေးရာ မူဝါဒများကို ခေတ်ကာလနှင့် ကိုက်ညီအောင် ပြင်ဆင်ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။
လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်နှင့်စာပေအနုပညာပြပွဲများ၊ ကျောင်းသား အားကစားပြိုင်ပွဲများ၊ နွေရာသီအားကစား သင်တန်းများ၊ အာဆီယံနှင့်ဒေသတွင်း လူငယ်ဆိုင်ရာ နိုင်ငံတကာ အစည်းအဝေးပွဲများနှင့် ပြပွဲပြိုင်ပွဲများတွင် တက်ရောက်ဆွေးနွေးပြသ ယှဉ်ပြိုင်ခြင်းများကို ဆောင်ရွက်ပေးနေသည့်အတွက် လူငယ်များ၏ အသိပညာနှင့် အတွေးအမြင်များ ပိုမိုဆန်းသစ် တိုးတက်လာစေခဲ့ပါသည်။
“ပညာလို အိုသည်မရှိ” ဆိုသည့်ပမာ ယခုပွဲတော်သို့ လူငယ်မောင်မယ်များသာမက စာချစ်သူပြည်သူ အများစုအနေဖြင့် ဝင်ရောက်ကြည့်ရှုမိပါကလည်း အကျိုးကျေးဇူးတစ်စုံတစ်ရာရရှိနိုင်သည်ကို ညွှန်းဆိုပါရစေ။
နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)ရုံ၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်အထိ သုံးရက်တိုင်တိုင် နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး “လူငယ်နှင့်စာပေ အနုပညာပွဲတော်” သို့ ပျော်ရွှင်စရာ ကစားနည်းများနှင့်အတူ ဆင်နွှဲနိုင်ကြရန် ဖိတ်ခေါ်လိုက်ရပါသည်။
လူငယ်ထုအတွင်း မတူညီသော ခံယူချက်များကိုလည်း ညှိနှိုင်းတိုင်ပင် ဆွေးနွေးကာ ညီညွတ်ခြင်း၊ မျှတခြင်း၊ စာနာခြင်းများကို အခြေခံသောလူမှုဘ၀ ငြိမ်းချမ်းသာယာဝပြောခြင်း စသည့် လောကပါလတရား ထွန်းကားရာမြေအဖြစ် စုစည်းဆောင်ရွက်ကြရပေတော့မည်။ ငြိမ်းချမ်းသော မြန်မာပြည်အဖြစ် မြင်တွေ့လာစေရေး အထူးအလေးထားကာ လူငယ်ထုမှ လုပ်ဆောင်နိုင်ကြပေမည်ဟု ယုံကြည်ပါ၏။ သို့ဖြစ်ပါ၍ လူငယ်များအကြား တွေးခေါ်မြော်မြင်မှု အသိတရားများ တိုးပွားမြင့်မားစေရေး ပြည်သူအားလုံး ဝိုင်းကူဆောင်ရွက်ကြပါစို့ဟု ဆန္ဒပြုရင်း လူငယ်အားလုံးကို လေးစားစွာဂုဏ်ပြုလျက် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လူငယ်နှင့်စာပေ အနုပညာပွဲတော်” ကို သွားရောက်လေ့လာကြဖို့ စေတနာအတိ၊ လူငယ်ချစ်စိတ်အပြည့်၊ စာပေမြတ်နိုးစိတ် အသိဖြင့် ဤဆောင်းပါးကို ရေးသားလိုက်ရပါသည်။ ။