အဆင့်မြင့်လာပြီဖြစ်တဲ့ သရီးဒီနည်းပညာရဲ့ အံ့မခန်း စွမ်းဆောင်ရည်

 

အဆင့်မြင့်လာပြီဖြစ်တဲ့ သရီးဒီနည်းပညာရဲ့ အံ့မခန်း စွမ်းဆောင်ရည်

 

    ကျွန်တော်တို့အနေနဲ့  သရီးဒီနည်းပညာကို ရင်းနှီးလာတာ ဆယ်စုနှစ်တစ်ခု ကျော်လာပါပြီ။ အချိန်ကာလကြာညောင်း လာတာနဲ့အမျှ တိုးတက်မှုတွေကလည်း အံ့မခန်းကိုဖြစ်လာတာ တွေ့ရပါတယ်။

အခုဆိုရင်   သရီးဒီအသုံးပြုပစ္စည်း ဖန်တီးမှုနည်းပညာဟာ   တော်တော်လေးကို အဆင့်မြင့်လာပါတယ်။  အရင်တုန်းက သာမန်ကစားစရာများလောက်က စပြီး နေအိမ်များ၊   နှလုံးအတုများ အစရှိတဲ့ အရာဝတ္ထုများကိုသာ ထုတ်လုပ်နိုင်ပေမယ့် အခုတော့   အင်ဂျင်ကြီးများအထိပါ ထုတ်လုပ်လာနိုင်တာကို တွေ့ရပါတယ်။

သာမန်အားဖြင့်  အင်ဂျင်တစ်လုံးကို ထုတ်လုပ်တယ်ဆိုတာ တော်ရုံလွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အခုအချိန်မှာတော့   အာကာသသုံး ဒုံးယာဉ်တွေအတွက် အင်ဂျင်တွေအထိ ဖန်တီးလာနိုင်တာကို တွေ့ရပါတယ်။

အမေရိကန်နိုင်ငံ   အလာဘားမား ပြည်နယ် ဟန့်စဗေးမြို့ရှိ NASA ရဲ့ မာရှယ်အာကာသပညာ စင်တာမှ အင်ဂျင်နီယာများက ဒုံးအင်ဂျင်တစ်မျိုးကို ဖန်တီးလိုက်နိုင်ပါတယ်။

သူတို့ရဲ့ ၂၅၁ စက္ကန့်ကြာစမ်းသပ်မှုမှာ အဲဒီဒုံးအင်ဂျင်က တွန်းကန်အားအနေနဲ့ ပေါင် ၅၈၀၀ လောက်အထိကို ထုတ်လုပ်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ တကယ့်ကို စံချိန်တင်ဖွယ်ရာပါပဲ။

အင်ဂျင်နီယာများက အဲဒီဒုံးအင်ဂျင်ကို ဖန်တီးရာမှာ သရီးဒီနည်းပညာကို အသုံးပြုခဲ့တာပါ။ အင်ဂျင်ကိုဖန်တီးထားတဲ့ နည်းပညာကလည်း တကယ့်အသစ်အဆန်းတစ်ခုဖြစ်ပြီး လှည့်ပတ်ပေါက်ကွဲမှု ဒုံးအင်ဂျင် (RDRE) လို့ခေါ်ပါတယ်။

NASA  အနေနဲ့ Artemis အစီအစဉ်ကို ဖော်ဆောင်နေတာပါ။ Artemis အစီအစဉ်ဆိုတာ ကမ္ဘာမြေရဲ့အဝေးဆုံးနေရာကို ရောက်နိုင်သမျှရောက်အောင် သွားမယ့် အစီအစဉ်ဖြစ်ပါတယ်။

အဲဒီအစီအစဉ်ကို  အကောင်အထည်ဖော်ဖို့ဆိုရင် လူသားတွေအနေနဲ့ ဝေးကွာလှတဲ့ ဂြိုဟ်တွေပေါ်မှာ    ဘေးကင်းစွာ ဆင်းသက်နိုင်စေဖို့အတွက် အသစ်အသစ်သော နည်းပညာများ လိုအပ်တာအမှန်ပါပဲ။

ဒီလိုသွားလာနိုင်ဖို့ဆိုရာမှာလည်း လောင်စာဆီကို အကောင်းဆုံး အသုံးချနိုင်စေမယ့် နည်းပညာကလို အပ်ပြန်ပါတယ်။ ဒါမှသာ ကမ္ဘာမြေပြင်ကနေ ထွက်ခွာတဲ့အခါမှာ လောင်စာဆီအနည်းငယ်မျှကိုသာ အသုံးပြုရစေမှာပါ။ ဒီအတွက်ကြောင့် NASA က RDRE နည်းပညာကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်စေခြင်းအားဖြင့် လောင်ကျွမ်းမှုဖြစ်ကာ     လည်ပတ်စေသော အင်ဂျင်များက မီးတောက်လေစုန်စိုင်များကို ဖန်တီးပေးပြီး အသံထက်မြန်တဲ့ အမြန်နှုန်းကိုရရှိစေပါတယ်။ ဒီနည်းလမ်းဟာ လက်ရှိအသုံးပြုနေတဲ့ အတွင်းလောင် အင်ဂျင်များထက် စွမ်းဆောင်ရည်များစွာ သာလွန်တာကိုတွေ့ရပါတယ်။

လှည့်ပတ်ပေါက်ကွဲမှုနဲ့ လည်ပတ်တဲ့ အင်ဂျင်နည်းပညာမှာဆိုရင် လောင်စာဆီနဲ့ အောက်ဆီဂျင်ဓာတ်ပြုမှုဟာ အပေါက်ငယ်လေးတွေ အတွင်းမှာဖြစ်ပေါ်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ မီးရှို့ပေးတဲ့ အရာလေးကြောင့် ပေါက်ကွဲမှု ကဖြစ်ပေါ်လာပါတယ်။

အဲဒီနောက်မှာ ပေါက်ကွဲမှုက အဆက်မပြတ်ဖြစ်ပေါ်လာပြီး အသစ်ထပ်ဝင်လာတဲ့ လောင်စာဆီနဲ့ အောက်ဆီဂျင် ဓာတ်ပြုမှုတို့ကြောင့် လောင်ကျွမ်းမှုကနေ ထွက်ပေါ်လာတဲ့အရာတွေက  လမ်းကြောင်းတစ်လျှောက်ကနေ   အပြင်ဘက်ကိုထွက်

လာပါတယ်။

ဒီလိုနည်းနဲ့ တွန်းကန်အားဆိုတာ ဖြစ်ပေါ်လာတာဖြစ်ပြီး အင်ဂျင်ကို အဆက်မပြတ်    လည်ပတ်စေခြင်းဖြစ်ပါတယ်။ဒါဟာ RDRE နည်းပညာရဲ့ တစ်စိတ်တစ်ပိုင်းမျှသာ ရှိပါသေးတယ်။

တစ်နည်းပြောရမယ်ဆိုရင်  အလေးချိန်ပေါ့ပါးတဲ့   တွန်းကန်အားစနစ် တစ်ခုကို ဖန်တီးနိုင်ဖို့  နီးကပ်လာပြီလို့ ဆိုနိုင်ပါတယ်။အကယ်၍  မျှော်မှန်းထားတဲ့အတိုင်း ဖန်တီးနိုင်ပြီဆိုရင် ယခုထက်ပိုများတဲ့ ကုန်ပစ္စည်းများကို အာကာသထဲ အရောက် ပို့ဆောင်နိုင်တော့မှာပါ။

ဒီနေရာမှာ သရီးဒီနည်းပညာနဲ့ ဖန်တီးမှုက   အလွန်ကိုစကားပြောပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အင်ဂျင်တစ်လုံးကို ဖန်တီးရတယ်ဆိုတာ အင်မတန် ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ဖြစ်လို့ပါ။

NASA မှအင်ဂျင်နီယာများဟာ အင်ဂျင်အတွက် လိုအပ်တဲ့ အစိတ်အပိုင်းများကို ဖန်တီးထုတ်လုပ်ဖို့အတွက်     NASA  ကပဲ    ထုတ်လုပ်ထားတဲ့ GRCop-42  ဆိုတဲ့  သရီးဒီ ပရင်တာကို အသုံးပြုခဲ့ပါတယ်။

အင်ဂျင်နီယာများအနေနဲ့ အဲဒီအင်ဂျင်ကို မနှစ်ကတည်းက စမ်းသပ်ခဲ့တာပါ။ အဲဒီစမ်းသပ်မှုမှာဆိုရင် အင်ဂျင်ကတွန်းကန်အား ပေါင် ၄၀၀၀ အထိသာ    အမြင့်ဆုံး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ တွန်းကန်အား   ပေါင် ၅၈၀၀ အထိကို ထုတ်လုပ်နိုင်အောင် ဖန်တီးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

အခုလိုမျိုးဖန်တီးနိုင်မှုမှာသရီးဒီနည်းပညာရဲ့အကူအညီတွေ အများကြီး ပါဝင်ပါတယ်။ အထူးသဖြင့် အင်ဂျင်အတွက်အတွင်းပိုင်း ကိရိယာတွေကို ထုတ်လုပ်ရာမှာ နည်းနည်းလေးမှ အမှားမခံတဲ့အပြင် နောင်တစ်ချိန်မှာ အရေအတွက်များများကို အချိန်တိုအတွင်း ထုတ်လုပ်နိုင်ဖို့ သရီးဒီပရင်တာရဲ့အခန်းကဏ္ဍက လွန်စွာမှ အရေးကြီးတာဖြစ်ပါတယ်။

ဒါကြောင့်   အခုလိုမျိုးနည်းပညာ တိုးတက်မှုနဲ့အတူ သရီးဒီနည်းပညာရဲ့ စွမ်းဆောင်ရည်ကလည်း အံ့မခန်းဖြစ်ရတဲ့ အကြောင်း   ရေးသား တင်ပြလိုက်ရပါတယ်။

ထက်မြတ်