ပြည့်ကျိုးအတွက် မျှဝေထမ်းမယ့် အမှတ်စဉ်တစ်ဆယ်

 

ပြည့်ကျိုးအတွက် မျှဝေထမ်းမယ့် အမှတ်စဉ်တစ်ဆယ်

အချိန်ကား . . . ဟေမန်ဆောင်းရဲ့ နံနက်ခင်း ခပ်စောစောပိုင်းကာလတွင် ဖြစ်ပါသည်။ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနား မကြာမ ီစတင်တော့မည် ဖြစ်ပါသည်။ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်းပွဲကြည့်စင်၌ ဧည့်ပရိသတ်များက သတ်မှတ်ထားသော နေရာထိုင်ခင်းများဆီသို့ တဖြည်းဖြည်း ဝင်ရောက်နေရာ ယူနေကြပြီဖြစ်သည်။ ထိုသူများက အခြားသူများမဟုတ် ဖိတ်ကြားထားသော ဂုဏ်သရေရှိဧည့်သည်တော်များ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြများပင်ဖြစ်သည်။ အခြားတစ်ဖက်မှာတော့ စစ်ရေးပြကွင်းကြီး၏ လျှောက်လမ်းအဆုံးလောက်တွင်   တူညီဝတ်စုံများ သပ်သပ်ရပ်ရပ်ဝတ်ဆင်လျက် မကြာမီတပ်မတော်သား အမျိုးသမီးအရာရှိများအဖြစ် ခန့်အပ်တာဝန်ထမ်းဆောင်ရတော့မည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများ သို့မဟုတ် ပေးအပ်သောတာဝန်များကို ဦးလည်မသုန် တာဝန်ထမ်းဆောင်ကြတော့မည့် အမျိုးသမီးအရာရှိငယ်များပင်ဖြစ်ပါသည်။

စစ်ရေးပြကွင်းကြီးအတွင်းသို့ ဝင်ရောက်တော့မည့် အချိန်ကျရောက်လာသောအခါ ကျောင်းဆင်းဂုဏ်ပြု ဘင်ခရာစစ်တီးဝိုင်းတပ်ဖွဲ့၏ ဘင်ခရာတီးခတ်သံများ၊ အတွဲ  အတန်းညီညာစွာ  အားမာန်အပြည့်ဖြင့် စစ်သီချင်းကိုသံပြိုင်ဟစ်ကြွေးကာ   တက်ကြွသော ခြေလှမ်းများဖြင့် အေးချမ်းလှသော ဆောင်းပန်းချီကားတစ်ချပ်ကို အပြိုင်ခြယ်မှုန်းကြတော့မည့် မြင်ကွင်းမှာ မြင်ရသူအဖို့ အတော်လေး ဝမ်းသာကြည်နူးမိပါသည်။

ယနေ့ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏စွမ်းဆောင်ရည်ကဏ္ဍသည် ကျယ်ပြန့်လာသည့်အပြင် ထူးချွန် ထက်မြက်သည့် အမျိုးသမီးပညာရှင်များလည်း ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီး၏ တပ်မတော်တွင် အမျိုးသမီးများ၏ စစ်မှုထမ်းဆောင်ခြင်း အခန်းကဏ္ဍသည် များပြားလာပြီး   ကျရာ အခန်းကဏ္ဍအလိုက်    အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။ ထို့အတူ မြန်မာ့တပ်မတော် တွင်လည်း အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍမြင့်မားရေးကို အစဉ်တစိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီး အရာရှိများကို အမှတ်စဉ်(၁၀)အထိ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

တပ်မတော်အနေဖြင့်  အမျိုးသမီးအရာရှိများကို လေ့ကျင့်မွေးထုတ်ပေးရာတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ  နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် အမျိုးသမီး စစ်မှုထမ်းများ ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသမီး စစ်မှုထမ်းအရာရှိများအား   လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်ဟူသော ကောင်းမွန်သည့်ရည်ရွယ်ချက်နှင့် အမျိုးသမီးစစ်မှု ထမ်း(အရာရှိ)များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနေခြင်းဖြစ်သည်။

တပ်မတော်၏အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို  အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ်  (၁၀) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို   ဒီဇင်ဘာလ၂၂  ရက်    နံနက်ပိုင်းတွင်  ရန်ကုန်မြို့ရှိတပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်

ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိ သုဓမ္မမင်းအောင်လှိုင်တက်ရောက် မိန့်ခွန်းပြောကြားရာတွင် တပ်မတော်သည် ပြည်သူကပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော်ဖြစ်သောကြောင့် မည်သည့်အခက်အခဲ၊ အတားအဆီးမျိုးကိုမဆို ပြည်သူနှင့်လက်တွဲပြီး တွန်းလှန်ကျော်ဖြတ်ကြရမည်ဖြစ်သကဲ့သို့ ပြည်သူက အားကိုးရသည့် တပ်မတော်ဖြစ်အောင်လည်း အမြဲကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် သမိုင်းကြောင်းလိုအပ်ချက်အရ ယနေ့အချိန်အထိ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တစိုက်မတ်မတ်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားနိုင်ငံရေး ဟူသည်မှာ တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အေးချမ်းသာယာခြင်း၊ စည်ပင်ဝပြောခြင်း၊ တရားမျှတ လွတ်လပ်ခြင်းနှင့်ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းစသည့်   လောကီကောင်းကျိုး၊ သုခအဖြာဖြာကို     ဖော်ဆောင်ပေးသည့်   လုပ်ငန်းများ ဖြစ်သည်ကို ပြောကြားလိုကြောင်း။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့်   အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်ရန် တာဝန်ရှိသည်ဖြစ်သည့်အတွက် မည်သည့်အစိုးရ၊  မည်သည့်နိုင်ငံရေးစနစ်နှင့်  သွားသည်ဖြစ်စေ အမျိုးသားရေး မူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်ရေးတို့ကို အလေးအနက်ထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင် ဖြင့်ပြောကြားခဲ့ပါသည်။

မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို ချန်လှပ်ထား၍မရပေ။ အတိတ်သမိုင်းကြောင်းတွင် အမျိုးသမီးတပ်ဖွဲ့ဝင်အချို့ကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက      လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတွင် မြန်မာအမျိုးသမီးများ၏ ကြိုးပမ်းမှုကဏ္ဍအချို့ကို တွေ့မြင်ရမည်ဖြစ်သည်။  ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း အမျိုးသမီးအရာရှိနှင့် အခြားအဆင့်စစ်မှုထမ်းများကို လက်ရုံးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များတွင် တာဝန်ပေးခဲ့သည်။ ၁၉၅၄ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာအမျိုးသမီးစစ်ဝန်ထမ်းတပ်ဖွဲ့ဝင်များမှ အမျိုးသမီးအရာရှိများသည် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြသည့် အစဉ်အလာကောင်းများကို    ဂုဏ်ယူဖွယ်ရာ တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် ကာကွယ်ရေးစွမ်းအားတည်ဆောက်ရာတွင် မြန်မာအမျိုးသမီးထုပါဝင်နိုင်ရေး၊  အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင် နိုင်ရေးတို့အတွက် သင်တန်းကျောင်းများဖွင့်လှစ်ပြီး လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည့်အပြင် သင်တန်းဆင်းဘွဲ့ရ အမျိုးသမီးအရာရှိများကို သက်ဆိုင်ရာဘာသာရပ်အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့များရရှိနိုင်ရေး ဆက်လက်ပညာဆည်းပူးသင်ကြားစေလျက်ရှိသည်။

ယနေ့ မြန်မာ့တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းအရာရှိ၊ စစ်သည်များသည် တပ်မတော်၏(ကြည်း၊ ရေ၊ လေ) ရုံး၊ ဌာနများအပါအဝင်  လက်ရုံးဝန်ထမ်းတပ်ဖွဲ့အသီးသီးတွင် တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။ 

အမျိုးသမီးအရာရှိတစ်ယောက်ဖြစ်လာစေရန် လေ့ကျင့်မွေးထုတ်ပေးရာတွင် သတ်မှတ်ချက်များရှိပါသည်။ ပညာရည်ထူးချွန်သော ဘွဲ့ရအမျိုးသမီးများကို သတ်မှတ်ချက်နှင့်ကိုက်ညီပါက တပ်မတော်ဗိုလ်ရွေးအဖွဲ့သို့ ဝင်ရောက်အစစ်ဆေးခံ၍ ဝင်ခွင့်စာမေးပွဲအဆင့်ဆင့်ဖြေဆိုရသည်။ ထိုမှတစ်ဆင့် အရည်အချင်းရှိသော အမျိုးသမီးများကို ရွေးချယ်၍ ဗိုလ်လောင်းသင်တန်းသို့ တက်ရောက်ခွင့်ပြုသည်။ ဗိုလ်လောင်းဘ၀ ပညာသင်ကြားရာတွင် တပ်မတော်အတွက်အားထားရသော အမျိုးသမီးအရာရှိကောင်းများဖြစ်စေရေး၊   စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေးနှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး၊ ကျောင်းဆင်းပြီး တပ်ရင်း/တပ်ဖွဲ့အသီးသီးသို့  ရောက်ရှိတာဝန်  ထမ်းဆောင်ချိန်တွင်   မိမိကိုယ်မိမိ ယုံကြည်မှုရှိရေး၊ ကာကွယ်ရေးတာဝန်များကို   ထမ်းဆောင်နိုင်ရေးတို့အတွက်  စစ်ရေးပြဘာသာရပ်၊ ကြံ့ခိုင်ရေးဘာသာရပ်၊ လက်နက်ငယ်၊ စစ်နည်းဗျူဟာ၊ အထူးစစ်နည်းဗျူဟာ၊ခေါင်းဆောင်မှုဘာသာရပ်နှင့် အခြားဘာသာရပ် များကိုလည်း စာတွေ့၊  လက်တွေ့သင်ကြားလေ့ကျင့်ရသည်။

ထို့ပြင်  နံနက်၊    ညနေ   ကြံ့ခိုင်ရေးသင်ခန်းစာများအပြင်    ယုံကြည်မှုလေ့ကျင့်ခန်း၊ မြန်မာ့သိုင်း သင်ခန်းစာများကိုပါ စနစ်တကျ သင်ရိုးဇယားများအတိုင်း လေ့ကျင့်သင်ကြားရပါသည်။ ဗိုလ်လောင်းများ အခြေခံစိတ်ဓာတ် ကောင်းမွန်ရေးနှင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ အတားအဆီးများ ဖြတ်ကျော်ရသည့် ချေမှုန်းရေးပြိုင်ပွဲများကိုလည်း ကျင်းပပေးပြီး အဖွဲ့အစည်းစိတ်ဓာတ်ရှိလာအောင်  လေ့ကျင့်သင်ကြားရပါသည်။ ဗိုလ်လောင်းမှန်လျှင်  စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရမည် ဟူသော ဆောင်ပုဒ်နှင့်အညီ ဗိုလ်လောင်းများစိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေရန် ဝတ်စားဆင်ယင်မှုစည်းကမ်း၊ အိပ်ဆောင်စည်းကမ်း၊ သွားလာမှုစည်းကမ်း၊ စားရိပ်သာစည်းကမ်း၊ စာပေ/စစ်ပညာသင်တန်းချိန်တွင် လိုက်နာရမည့်စည်းကမ်း၊ ညစာကြည့်ချိန်စည်းကမ်း စသည့်သတ်မှတ်စည်းကမ်းများကိုလည်း  လိုက်နာဆောင်ရွက်ရပါသည်။ 

လက်ရှိတွင်  ကျောင်းဆင်းပြီးသော အမျိုးသမီးအရာရှိများအနေဖြင့် သက်ဆိုင်ရာရုံးဌာနများတွင် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်ပါသည်။ ကျယ်ပြောလှသည့် ပင်လယ်သမုဒ္ဒရာကို မိုင်ထောင်ချီလှိုင်းကြီး လှေအောက်ဖြတ်ကျော်ပြီး ချစ်ကြည်ရေး ခရီးစဉ်များနှင့် ပူးတွဲလေ့ကျင့်ခန်းများအတွက် သွားရောက်ခဲ့ကြသည့် စစ်ရေယာဉ် ခရီးစဉ်များ၊ မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်သူလူထုကို ဆေးကုသမှုပေးနေသည့်ခရီးစဉ်များတွင် တပ်မတော်(ရေ)မှ အမျိုးသမီးအရာရှိများ အနေဖြင့်ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသည်။ ထို့ပြင် ပြည်ပနိုင်ငံများကို သွားရောက်ပြီး နိုင်ငံပေါင်းစုံပါဝင်သည့် တပ်မတော်အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာတွင်လည်း ဆုတံဆိပ်အမျိုးမျိုးရရှိအောင်   နိုင်ငံတကာတပ်မတော်များနှင့် ယှဉ်ပြိုင်အနိုင်ယူသည်အထိ စွမ်းဆောင်နိုင်ခဲ့ကြသည့် အောင်မြင်မှု မှတ်တိုင်အသီးသီးကို ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရပါသည်။

ထို့ပြင် အမျိုးသမီးအရာရှိအချို့သည် ကြမ်းတမ်းခက်ခဲသည့် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသကဲ့သို့ တပ်မတော်(လေ)တွင်လည်း အမျိုးသမီးလေသူရဲ အရာရှိများအဖြစ် ပျံသန်းရေးတာဝန်အမျိုးမျိုးကို   ထမ်းဆောင်နေကြပြီဖြစ်သည်။ စစ်သုံးလေထီးခုန်ခြင်း၊ အလွတ်ခုန်လေထီးခုန်ခြင်း   စသည့်ရဲဝံ့သည့် လုပ်ငန်းတာဝန်များကိုလည်း အမျိုးသားအရာရှိ၊ စစ်သည်များနှင့်တန်းတူလိုက်ပါတာဝန်ထမ်းဆောင်နိုင်ခြင်းကို ဂုဏ်ယူစွာတွေ့မြင်ရပါသည်။

အရာရှိငယ်များ   ဖြစ်လာကြမည့် ကျောင်းဆင်းအမျိုးသမီးအရာရှိများအနေဖြင့် ကျောင်းတော်ကြီးမှ သင်ကြား ပေးလိုက်သည့် သင်ကြားတတ်မြောက်ပြီးဖြစ်သည့် ဘာသာရပ်အလိုက်ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် တွေ့ကြုံရသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်အသုံးချပြီး ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်သည်။

နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မည် ဆိုသည်ကိုလည်း မမေ့မလျော့ဘဲ လက်တွေ့နယ်ပယ်တွင် စီနီယာအရာရှိများ၏ သွန်သင်ဆုံးမမှုအပါအဝင် အုပ်ချုပ်မှုကိစ္စရပ်တိုင်းတွင် ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးသကဲ့သို့   လေ့လာ၊ လေ့ကျင့်၊ လိုက်နာသွားကြရမည်ဖြစ်သည်။

ထို့ပြင် မိမိကွပ်ကဲမှုအောက်တွင်ရှိသည့် အရာရှိ၊ စစ်သည်များကို ညီညွတ်မျှတမှုရှိသည့် ခေါင်းဆောင်မှုပေးနိုင်ရန် လိုအပ်သလို မိမိတို့ကိုယ်တိုင်အနေဖြင့်လည်း လက်အောက်ကို ခေါင်းဆောင်မှုပေးနိုင်ရန် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများကို တစ်သဝေမတိမ်း တိကျစွာလိုက်နာရန်လိုသည်။ သို့မှသာ လက်အောက်အရာရှိ၊ စစ်သည်များ၏အထင်ကြီးလေးစားမှုနှင့် အားကိုးယုံကြည်မှု အပြည့်အဝရရှိမှာ ဖြစ်ပြီး   ထိုသို့ အထက်အောက် အပြန်အလှန်ယုံကြည် ကိုးစားအားကိုးမှုရှိမှသာ မိမိအဖွဲ့အစည်းနှင့် ပေးအပ် သည့် လုပ်ငန်းတာဝန်များကို ချို့ယွင်းချက်မရှိ ရာနှုန်းပြည့်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။

သို့ဆိုရလျှင်    နိုင်ငံတော်ကာကွယ်ရေးတာဝန်တစ်ရပ်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးမရွေးမဖြစ်မနေထမ်းဆောင်ရမည့် သမိုင်းပေး တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် အမျိုးသမီးစစ်မှုထမ်းများကိုလည်း အမျိုးသားစစ်မှုထမ်းများနည်းတူ  ရင်ပေါင်တန်းပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်မှန်းချက်ထားလေ့ကျင့်ပေးလျက်ရှိရာ ပြည့်ကျိုးအတွက် မျှဝေထမ်းမည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၀)မှ ကျောင်းဆင်းအမျိုးသမီးအရာရှိများအား ဝမ်းမြောက် ဂုဏ်ယူပါကြောင်းနှင့် ပေးအပ်လာသောအမိန့်နှင့် တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်သွားနိုင်ပါစေကြောင်း ဆုမွန်

ကောင်းတောင်းရင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။     ။

ဝေဟင်နန်းဖြူ(မြန်မာစာ)