မှော်ဘီမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်

 

မှော်ဘီမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၂၃ ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အောင်ချမ်းသာဓမ္မရိပ်သာကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ သံဃာတော် ၁၂ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၉ ပါးနှင့် ဒေသခံပြည်သူ ၁၆၃ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ယင်းသို့ဆောင်ရွက်ပေးနေမှု များကို မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။

          အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ပင်မမော်တော် ယာဉ်ကျောင်းတိုက်၌ သံဃာတော် ၁၃၄ ပါးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ် ကုသမှု ဆိုင်ရာရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်း၊ ဆီးချို/ သွေးချိုနှင့် သွေးအုပ်စု များ စစ်ဆေးပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော သံဃာတော်များကို နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

          ယင်းသို့ဆောင်ရွက်ပေးနေမှုများကို  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကား လျှောက်ထားပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။