နမ္မတူမြို့ထဲသို့ တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်  ကလေးငယ် ၃ ဦးနှင့် လူကြီး ၂ ဦး ဒဏ်ရာရဟု မဟုတ်မမှန် သတင်းများ လူမှုကွန်ရက် ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိ

 

နမ္မတူမြို့ထဲသို့ တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်  ကလေးငယ် ၃ ဦးနှင့် လူကြီး ၂ ဦး ဒဏ်ရာရဟု မဟုတ်မမှန် သတင်းများ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၂၃ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် ၆ နှင့် အီဟန်း ရပ်ကွက် ၉ တို့တွင် ယနေ့နံနက်ပိုင်း၌ တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၃ ဦးနှင့် လူကြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် တရားမဝင် ပြည်ဖျက် မီဒီယာတစ်ခု ဖြစ်သည့်   Khit Thit Media က လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းချက်အရ နမ္မတူမြို့နယ်အတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား TNLA သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် နမ္မတူမြို့အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ မြို့၊ ရွာများ အတွင်းသို့ ပစ်ခတ် တိုက်ခိုက်နေသည့် လုပ်ရပ်များကို ဖုံးကွယ်ပေးရန်၊ ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန်နှင့် နိုင်ငံတကာစာမျက်နှာများတွင် တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ကောလာဟလ သတင်းများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်း ရရှိသည်။