(၇၆)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ် တရားနာယူခြင်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

(၇၆)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ် တရားနာယူခြင်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ- ၂၄ ရက်

     (၇၆)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပရိတ် တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်ရှိ မာရာရိဇယ ရန်မျိုးအောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အလယ်တောရပဓာနနာယက ဆရာတော် အဘိဓဇမဟာရဌဂုရုအဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တဂန္ဓမာလာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

    ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အခမ်းအနား တက်ရောက်လာကြသူများက အလယ်တောရ ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ် တရားတော်များ နာယူကြည်ညိုကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြ သည်။ ထို့နောက် အလယ်တောရပဓာနနာယကဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

       ထို့ပြင် (၇၆) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်း တမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀ အား ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် တပ်မတော်(ရေ)မိသားစုများကလည်း ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၅၀၀)၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ အသုံးပြုရန်အတွက် ဆေးပဒေသာပင် ငွေကျပ်သိန်း ၅၀ ၊ ကင်ဆာဌာနတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ အသုံးပြုရန်အတွက် ငွေကျပ် ၁၀ သိန်းနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်း ခဲ့ကြကြောင်း  သတင်းရရှိသည်။