မြန်မာ့ရိုးရာ ပဲငါးပိလုပ်ငန်း
ကျွန်တော်တို့ နေ့စဉ်နှင့်အမျှစားသုံးနေကြသော အစားအစာများတွင် ပဲမျိုးစုံကို နည်းမျိုးစုံဖြင့်ပြုလုပ် စားသုံးနေကြသည်ကိုတွေ့ရသည်။ အထူးသဖြင့် ပဲသည် မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် ရှမ်းပြည်နယ် တို့တွင် မရှိမဖြစ် အဓိကဟင်းလျာတစ်ခုဆိုလျှင်လည်း မမှားနိုင်ပေ။ ပဲအမျိုးအစားပေါင်းများစွာရှိ သည့်အနက် ပဲပုပ်ဟုခေါ်သည့် ပဲတစ်မျိုးမှာ အာဟာရဓာတ် အပြည့်ဝဆုံးသောပဲဟု ဆိုနိုင်သည်။
ပဲပုပ်စေ့တွင်ပါဝင်သော အာဟာရဓာတ်များမှာ ပရိုတိန်း ၂၈ ဒသမ ၂ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၅၈ ဒသမ ၂ ရာခိုင်နှုန်း၊ သတ္တုဓာတ် ၃ ရာခိုင်နှုန်း၊ ရေငွေ့ ၁၀ ရာခိုင်နှုန်း၊ ထုံး ၈ ဒသမ ၁၁ ရာခိုင်နှုန်း၊ မီးစုန်း သုည ဒသမ ၅၉ ရာခိုင်နှုန်း၊ သံဓာတ် ဂရမ် ၁၀၀ လျှင် ၅၆၀ မီလီဂရမ်၊ ကယ်လိုရီဂရမ် ၁၀၀ လျှင် ၃၅၀ မီလီဂရမ်၊ ဗီတာမင်အေ ဂရမ် ၁၀၀ လျှင် ၂၀၀ မီလီဂရမ်တို့ဖြစ်သည်။
ပဲပုပ်စေ့ကို ပဲငါးပိ၊ ပဲပုပ်ရည်၊ ပဲငံပြာရည်၊ ပဲပုပ်စေ့ လှော်၊ ရှမ်းပဲငါးပိများပြုလုပ်၍ စားသုံးကြသည်။ ပြည်ပ နိုင်ငံများ၌ ပဲပုပ်စေ့ကို အမှုန့်ကြိတ်၍ ပဲနို့၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကွတ်မုန့်များအဖြစ် ပြုလုပ်ရာတွင် ထည့်သွင်းရောစပ်အသုံးပြုကြသည်။ ပဲပုပ်စေ့တွင် ပရိုတိန်းဓာတ်ပါဝင်မှုမှာ အမဲသားထက် နှစ်ဆ၊ ကြက်ဥ ထက်သုံးဆ၊ နွားနို့ထက် ၁၁ ဆရှိကြောင်း လေ့လာ သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်၌ ပြုလုပ်ရောင်းချသော ပဲငါးပိသည် အလွန်စားကောင်းသဖြင့် ကြိုက်နှစ်သက်သူများပြားသည်။ ရေဦးမြို့၌ ပဲပုပ်စေ့ကို ပဲငါးပိပြုလုပ်ရောင်းချသူများစွာရှိကြသည်။ အဝါရောင်နှင့် စိမ်းဝါရောင်အဆင်းရှိသည့် ပဲပုပ်စေ့ မျိုးများသည် အစေ့အရွယ်အစားကြီးသဖြင့် ပဲငါးပိ လုပ်ငန်းရှင်များက ထိုနှစ်မျိုးကိုသာ အသုံးများကြကြောင်း သိရသည်။
အသေးစားပဲငါးပိလုပ်ငန်း လုပ်ကိုင်သူတစ်ဦးလျှင် ခုနစ်တင်းခန့်နှင့် စီးပွားဖြစ်လုပ်ကိုင်သူတစ်ဦးလျှင် တင်း ၂၀ ခန့်အထိ လုပ်ကိုင်ကြသည်။ ပဲငါးပိပြုလုပ် ရန် ပဲပုပ်စေ့များကိုနေလှန်းခြင်း၊ ဆန်ကော၊ ဆန်ခါ များဖြင့် ဖုန်၊ သဲ၊ ခဲများ ဖယ်ရှားသန့်စင်ခြင်းတို့ကို ပထမဦးစွာ လုပ်ဆောင်ကြရသည်။ ထို့နောက် ပဲပုပ်စေ့များကို စဉ့်အင်တုံကြီးများ၊ အုတ်ရေကန်ကြီးများ အတွင်းထည့်၍ ရေဖြင့်ဆေးကြောသန့်စင်ပေးရသည်။ ယင်းနောက် ပဲပုပ်စေ့များကို ရေထဲမှဆယ်ယူပြီး ထန်းလျှော်တောင်းများထဲတွင်ထည့်၍ ရေစစ်သည်။
ပဲပုပ်စေ့၏ အစာပေါက်မှ စိမ့်ဝင်သော ရေဓာတ်ကြောင့် ပဲစေ့၏အပေါ်ယံအခွံများသည် ပွလာသည်။ ထိုကဲ့သို့ထားရှိခြင်းကို ပဲကြောလျှော့သည်ဟုခေါ် သည်။ ဆေးကြောသန့်စင်ပြီးသော ပဲပုပ်စေ့နှစ်တင်း ကို မီးဖိုကျင်းပေါ်တွင် မီးထိုး၍ တည်ထားသော ပဲပြုတ်သံစည်အတွင်းသို့ လောင်းထည့်ရသည်။ ထို ပဲပြုတ်သံစည်ထဲသို့ ရေ ၂၅ ဂါလန်ထည့်ရသည်။ သံစည်၏မျက်နှာဝပေါ်တွင် နှီးဗန်းကြီးများဖုံး၍ နှီးဗန်းအပေါ်မှ သစ်သားပြားကြီးများကို ဖိပေးထားရ သည်။ ယင်းမှာ မီးအပူရှိန်ကြောင့် ရေများဆူပွက် လာပြီး ပဲများပွတက်လာသောအခါ ဖိတ်လျှံကျမလာ စေရန်ဖြစ်သည်။ လောင်စာထင်းအဖြစ် သစ်မာသား များကိုသာ အသုံးပြုကြသည်။
မီးတောက်အရှိန်မပျက်စေဘဲ မီးကျီးခဲများရရှိမှ သာ ပဲများနူးနပ်ပွအိလာမည်ဖြစ်သည်။ ပဲပုပ်စေ့သည် မာကျစ်သော အစေ့အမျိုးအစားဖြစ်သောကြောင့် နံနက် ၆ နာရီမှစပြုတ်လျှင် ညနေ ၅ နာရီရောက်မှ ပဲနူးနပ်သည့်အဆင့်သို့ရောက်နိုင်သည်။ သံစည်အတွင်း သို့ထည့်ထားသော ရေများမှာလည်း အငွေ့အဖြစ် ခန်းပြီး ပဲစေ့များကနူးနပ်သွားသောကြောင့် ပဲပုပ်စေ့တွင်ပါဝင်သော အာဟာရဓာတ်များမှာ ကုန်ခန်းသွား ခြင်းမရှိတော့ပေ။ ရေနှင့် ပဲချိန်သားကိုက်ညီမှုသာဖြစ်သည်။
နူးနပ်သော ပဲစေ့များကို သံစည်အတွင်းမှဆယ်ယူ ပြီး ထန်းလျှော်တောင်းများထဲတွင်ထည့်ထားရသည်။ ထို ပဲပုပ်စေ့များကို မည်ကဲ့သို့သော ပြုပြင်မှုမျှမပြုလုပ်ရဘဲ နှစ်ညတာမျှ သိမ်းဆည်းထားရသည်။ ထိုသို့ နှစ်ညတာမျှ ထားရှိခြင်းကြောင့် ပဲပုပ်စေ့ပြုတ်ထား သော ရေနွေးငွေ့အပူရှိန်၊ ပတ်ဝန်းကျင်လေထုတို့ကြောင့် အချဉ်ဓာတ်ကုန်ဆုံးကာ ပဲပုပ်စေ့များကို လက်ဖြင့်ခြေလျှင် ကြေမွသည်အထိ အိစက်ပျော့ပျောင်း လာသည်။
နှစ်ညတာသိမ်းဆည်းပြီးသော ပဲပုပ်စေ့များကို သစ်သားစားပွဲ သို့မဟုတ် နှီးဗန်းကြီးများပေါ်တွင် ဖြန့်ခင်းပြီး ပဲပုပ်စေ့တစ်တင်းလျှင် ဆားနှစ်ပိဿာခွဲကို ညီညာစွာဖြူး၍ လက်ဖြင့်သိပ်နယ်ပေးရသည်။ ပဲပုပ်စေ့တင်းရေ များများပြုလုပ်သော ပဲငါးပိလုပ်ငန်း ရှင်များသည် မြင်းကောင်ရေအားရှိသော အင်ဂျင်စက်ကို ကြိတ်ဆုံ ကိရိယာဖြင့် တွဲဖက်ထားလေ့ရှိသည်။ ကြိတ်ဆုံအတွင်းတွင် ပဲစေ့များကို ကြိတ်နယ်သော သံဒလက်တစ်ခု ပါရှိသည်။ ကြိတ်ဆုံနှင့်တစ်ဆက်တည်း သစ်သားခုံတစ်ခုတွဲထားသည်။
သစ်သားခုံမှာ ၅ ပေ _ ၄ ပေအရွယ်ရှိသည်။ ထို သစ်သားခုံပေါ်သို့ ပြုတ်ပြီးသောပဲစေ့များဖြန့်ကြဲ တင် ပြီး ဆားများကိုညီညာစွာဖြူးပေးရသည်။ ကြိတ်ဆုံအဝင် ပေါက်အတွင်းသို့ လျှောကျမှုလျှင်မြန်စေရန် သစ်သား ခုံကို တစ်ဖက်နိမ့် တစ်ဖက်မြင့်အနေအထားဖြင့် ထားရှိရသည်။ ကြိတ်ဆုံအတွင်းမှ ကြိတ်နယ်ပြီးသော ပဲငါးပိများ အထွက်ပေါက်မှ ကျလာသောအခါ ဖိတ်စဉ်ခြင်း မရှိစေရန် အောက်မှ ထန်းလျှော်တောင်းကို ခံထားပေးရသည်။ ပဲပုပ်စေ့မှပြုတ်ပြီးသော ပဲစေ့များကို ဆားဖြင့်ရောစပ်ပြီး ငါးပိကဲ့သို့ သိပ်နယ်ထားရသောကြောင့် ပဲငါးပိဟု ခေါ်တွင်ကြခြင်း ဖြစ်သည်။ ပဲပုပ်စေ့တစ်တင်းလျှင် ပဲငါးပိ ၃၆ ပိဿာခန့်ရရှိသည်။
ပဲငါးပိကို အစိုချက်အဖြစ် ချက်ပြုတ်စားသောက် ကြရာတွင် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးမှုန့်တို့ဖြင့်ဆီသတ်၍ ချက်ပြုတ်ကြ သည်။ အခြောက်ပြုလုပ်စားသုံးနည်းမှာ ချင်း၊ ကြက် သွန်ဖြူ၊ အရသာမှုန့်၊ ငရုတ်သီးမှုန့်တို့နှင့် ပဲငါးပိကို ရောနယ်ပြီးနောက် ပဲငါးပိများကို မထူမပါးအဝိုင်းပြား ငယ်များပြုလုပ်ကာ နေပူပူတွင် အခြောက်လှန်းရသည်။ ထိုအခြောက်လှန်းပြီးသော ပဲငါးပိအပြားများကို ဆီပူပူ တွင်ကြော်၍လည်းကောင်း၊ မီးကျီးခဲထဲတွင် ဖုတ်၍ လည်းကောင်းပြုလုပ်ကာ ဆီဆမ်း၍စားသုံးလေ့ရှိကြသည်။
ပဲငါးပိသည် သက်သတ်လွတ်စားသုံးသူများအတွက် စားမြိန်ဖွယ်ဟင်းလျာဖြစ်သည်။ လူတန်းစားမရွေး စားသုံးနိုင်ပြီး အာဟာရပြည့်ဝကာ ခွန်အားကိုဖြစ်စေသော အစားအစာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။
ဝင်းဇော်(သုံးဆယ်)