ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ကွင်း အဝေးကွင်းစနစ်ဖြင့် ကျင်းပရန်အတည်ပြု

လာမည့်နှစ်တွင် ကျင်းပမည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို  ယခင်ပုံစံအတိုင်း အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ကျင်းပရန် အာဆီယံဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့် AFF   Congress  ၌   အတည်ပြု သတ်မှတ်ခဲ့ကြောင်း  ဖိလစ်ပိုင် နိုင်ငံ အခြေစိုက်  SPIN.ph သတင်းဌာနက  ဖော်ပြသည်။

အာဆီယံဘောလုံး   အဖွဲ့ချုပ်သည် နိုဝင်ဘာ ၂၄ ရက်က (၂၇) ကြိမ်မြောက် AFF Congress ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။    ယင်းအစည်းအဝေး၌ လာမည့်နှစ်    အာဆီယံဆူဇူကီးဖလားပြိုင်ပွဲနှင့် ပတ်သက်သည့် စပွန်ဆာကိစ္စရပ်များ၊  ပြင်ဆင်ဖြည့်စွက်မည့် ဥပဒေများနှင့် အာဆီယံဒေသတွင်း နိုင်ငံအလိုက် COVID-19 ရောဂါထိန်းချုပ်နိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

ထို့ပြင်  ပြိုင်ပွဲဝင်နိုင်ငံများ  ခရီးသွားလာခွင့်  အခြေအနေနှင့် ပတ်သက်သည့် ကိစ္စရပ်များကို  ထည့်သွင်းဆွေးနွေးခဲ့ပြီး လာမည့်နှစ် ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ကွင်း၊     အဝေးကွင်းစနစ်ဖြင့် ကျင်းပရန် အတည်ပြုခဲ့ကြောင်း SPIN.ph သတင်းဌာနက ဖော်ပြသည်။

လက်ရွေးစင်    ဘောလုံးအသင်းများ ယှဉ်ပြိုင်မည့် အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလား ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်မှ  ထုတ်ပြန်သည်။

၂၀၂၁ ဆူဇူကီးဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၀ သင်းက ငါးသင်းစီ အုပ်စုနှစ်ခု ခွဲ၍ကျင်းပမည်ဖြစ်ပြီး  ပြိုင်ပွဲဝင် အသင်းတစ်သင်းအနေဖြင့် အုပ်စုလေးပွဲကို  အိမ်ကွင်းနှစ်ပွဲ၊  အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင် ရမည်ဖြစ်သည်။ ထို့ပြင် အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များကိုလည်း အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့်  နှစ်ကျော့ယှဉ်ပြိုင်ရမည်ဖြစ်သည်။  အာဆီယံဘောလုံး အဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲပုံစံသစ်ကို   ၂၀၁၈  ခုနှစ်က စတင်ပြောင်းလဲ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဆူဇူကီးဖလားပြိုင်ပွဲ၌  အရှေ့တောင်အာရှအသင်းများအနက်   ကမ္ဘာ့အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးရရှိသည့်နှစ်သင်း ကို  ခြေစစ်ပွဲကစားစေပြီး အနိုင်ရသည့် အသင်းက နောက်ဆုံးအဆင့်သို့  တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။  နောက်ဆုံး အဆင့်ကို တိုက်ရိုက်ဝင်ခွင့်ရသည့်အသင်း  ကိုးသင်းနှင့်  ခြေစစ်ပွဲအဆင့်မှ တစ်သင်း စုစုပေါင်း  ၁၀  သင်းဖြင့်  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲ