ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု(E)တွင် အသင်းအားလုံး ရမှတ်လေးမှတ်စီ တူညီနေသော်လည်း ဘယ်လ်ဂျီယံအသင်း နောက်တစ်ဆင့် တက်ရောက်ပြီး ယူကရိန်းအသင်း ထွက်ခွာခဲ့ရ
ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု (န) တွင် လေးသင်းစလုံး ရမှတ်လေးမှတ်စီ တူညီနေသော်လည်း ဘယ်လ်ဂျီယံအသင်း နောက်တစ်ဆင့်တက် ရောက်ပြီး ယူကရိန်းအသင်းအနေဖြင့် အုပ်စုအောက်ဆုံးတွင်သာ ရပ်တည်နိုင်ခဲ့သည့်အတွက် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအုပ်စု(န)တွင် ချန်ပီယံဆုအတွက် ရေပန်းစားသည့် အသင်းများတွင် ပါဝင်လာခဲ့သည့် ဘယ်လ်ဂျီယံအသင်းသည် မထင်မှတ်ဘဲ အုပ်စုပထမ ပွဲစဉ်၌ ရုန်းကန်ခဲ့ရသော်လည်း ဒုတိယပွဲစဉ်တွင် ရိုမေးနီးယားအသင်းကို ပြန်လည်အနိုင်ရရှိခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် ယူကရိန်းအသင်းနှင့် သရေရလဒ်ကြောင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အုပ်စု (E)တွင် အုပ်စုပွဲစဉ်များအားလုံး ပြီးဆုံး ချိန်တွင် ပြိုင်ပွဲဝင်အသင်း လေးသင်းစလုံး တစ်ပွဲနိုင်၊ တစ်ပွဲသရေနှင့် တစ်ပွဲရှုံးရလဒ်ဖြင့် ရလဒ်အားလုံး တူညီနေသော်လည်း ရိုမေးနီးယားအသင်းက ရဂိုး လေးဂိုး၊ ပေးဂိုး သုံးဂိုး၊ ဂိုးကွာခြားချက် အပေါင်း တစ်ဂိုးရရှိခဲ့ပြီး ဘယ်လ်ဂျီယံအသင်းကို ကျော်ဖြတ် ကာ အုပ်စုပထမဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။
အလားတူ ဘယ်လ်ဂျီယံအသင်းသည် ရဂိုး နှစ်ဂိုး၊ ပေးဂိုး တစ်ဂိုး၊ ဂိုးကွာခြားချက် အပေါင်းတစ်ဂိုးရှိခဲ့သော်လည်း ဆလိုဗက်ကီးယားအသင်းနှင့် ထိပ်တိုက် တွေ့ဆုံမှုတွင် ရှုံးနိမ့်ခဲ့သည့်အတွက် အုပ်စုဒုတိယဖြင့်သာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဆလို ဗက်ကီးယားအသင်းသည် ပေးဂိုး သုံးဂိုး၊ ရဂိုး သုံးဂိုး၊ ဂိုးကွာခြားချက်မရှိဘဲ အုပ်စုတတိယနေရာ၌ ရပ်တည်ကာ အကောင်းဆုံးအုပ်စု တတိယအသင်းအဖြစ် ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။
ယူကရိန်းအသင်းသည် ရဂိုး နှစ်ဂိုး၊ ပေးဂိုး လေးဂိုး ရှိခဲ့သည့်အတွက် ဂိုးကွာခြားချက် အနုတ်နှစ်ဂိုးဖြစ်နေသောကြောင့် အုပ်စုအောက်ဆုံး၌ ရပ်တည်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ပြိုင်ပွဲသမိုင်း တစ်လျှောက် လေးမှတ်ဖြင့် ထွက်ခွာခဲ့ရသည့် ပထမဆုံး အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။