ရေချိုကိုကို တန်ဖိုးထား ကမ္ဘာ့ကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၎င်းတို့ပိုင်ဆိုင်သော နှစ်စဉ်ပြန်လည်ပြည့်ဖြိုးမြဲ ရေအရင်းအမြစ်အပေါ် ဓာတ်အားထုတ်လုပ် အသုံးချနိုင်မှုကို အောက်ပါအတိုင်းတွေ့ရသည်-

နိုင်ငံအသီးသီး၏ ပြန်လည်ပြည့်ဖြိုးမြဲရေအပေါ် ဓာတ်အားထုတ်လုပ်အသုံးချနိုင်မှု                

(၂၀၁၅) ခုနှစ်

စဉ်  နိုင်ငံ      အသုံးချနိုင်မှုရာခိုင်နှုန်း

၁။   အမေရိကန်     ၅၂

၂။   ဘရာဇီး ၄၈

၃။   နော်ဝေ  ၄၅

၄။   တရုတ်  ၄၁

၅။   ကနေဒါ ၃၂

၆။   ဗင်နီဇွဲလား      ၃၁

၇။   တူကီယဲ ၂၇

၈။   ကိုလံဘီယာ    ၂၂

၉။   အိန္ဒိယ  ၂၁

၁၀။  ပါကစ္စတန်     ၁၄

မြန်မာနိုင်ငံ၏အသုံးချနိုင်မှုမှာ ၂၀၂၁ ခုနှစ်အထိ ၄ ရာခိုင်နှုန်းခန့်သာရှိသည်။

ရေအရင်းအမြစ်သုံးစွဲ၍  ဓာတ်အားထုတ်လုပ်မှုပိုမိုလာစေရေး ကြိုးပမ်းကြရပေဦးမည်။ သဘာဝတရားကြီးက လက်ဝယ်အရောက်ပို့ပေးထားပြီးဖြစ်သည့် နှစ်စဉ်ပြန်လည်ပြည့်ဖြိုးမြဲရေကို တန်ဖိုးအရှိဆုံးအသုံးချနိုင်ရန် ဆန္ဒပြုပါသည်။

အခန်း (၁၆)

မြန်မာ့ရေအသုံးချမှုနှင့်လျှပ်စစ် (ကိုလိုနီခေတ်)

ကမ္ဘာဦးကတည်းက တစ်နည်းမဟုတ်တစ်နည်းဖြင့် ပြန်လည်ပြည့်ဖြိုးမြဲရေအားကို အသုံးချခဲ့ကြသည်။ သို့သော် ရေအားကို စက်မှုဖွံ့ဖြိုးရေး လုပ်ငန်းများတွင်  စတင်အသုံးပြုခဲ့ကြသည်မှာ  ၁၇၅၀  ပြည့်နှစ်များ နောက်ပိုင်း၌  စခဲ့သည်။ အစတွင် လျှပ်စစ်ထုတ်လုပ်နိုင်မှုမရှိဘဲ ရေ အားဖြင့် ဘီးကိုလည်စေပြီး လည်ပတ်သည့် ဘီးနှင့်ဆက်သွယ်ထားသော စက်ကိရိယာများ၏ဝင်ရိုးများကို ဆက်လက်လည်ပတ်စေခြင်းသာဖြစ် သည်။ ရေအားကို စက်စွမ်းအားသို့ တိုက်ရိုက်ကူးပြောင်း ရယူခြင်းသာ ဖြစ်သည်။ သို့သော် ဤကိစ္စမှာ ရေရှိသည့် နေရာတွင်သာ စက်များတပ် ဆင်လည်ပတ်ရမည့် သဘောဖြစ်နေသည်။

ရေအားဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်လာသည့်အခါမှစ၍ ဓာတ်အားကို ဝိုင်ယာကြိုးများဖြင့်သွယ်ယူ၍ မော်တာများ အသုံးပြုပြီး  လည်ပတ်နိုင်ခဲ့သည်။

ရေအားဖြင့်လည်ပတ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် မြန်မာနိုင်ငံသို့ ၁၈၉၈ ခုနှစ်တွင် စတင်ရောက်ရှိ လာသည်။ စတင်လည်ပတ် ခဲ့သည့်စက်ရုံမှာ မိုးကုတ်မြို့တွင်တည်ရှိပြီး ကျောက်တွင်းများကို ဓာတ် အားပေးမည့်စက်ရုံဖြစ်သည်။ စက်ရုံသည် မိုးကုတ်မြို့အနီး ခြောက်ထပ် ကြီးချိုင့်အတွင်း တည်ဆောက်ခဲ့သည့် ၄၆၀ ကီလိုဝပ် (၀ ဒသမ ၄၆၀ မဂ္ဂါဝပ်) တပ်ဆင်အင်အားရှိသည့်စက်ရုံ ဖြစ်သည်။

သူ့ခေတ်နှင့်သူ ဤစက်ရုံသည် အာရှတွင် အကြီးဆုံး ရေအားလျှပ်စစ် စက်ရုံဖြစ်ခဲ့သည်။

အဆိုပါ စက်ရုံအနီးနှင့် စက်ရုံဧရိယာတွင် ပတ္တမြားထွက်ရှိ နိုင်သည်ဟု ဆိုကာ ၁၉၆၇-၁၉၆၈ ခုနှစ်တွင် စက်ရုံကို ဖျက်ဆီးပြီး ပတ္တမြားတူးခဲ့ကြ သည်။

တစ်ဖန် ၁၉၈၀-၁၉၈၁ ခုနှစ်တွင် မိုးကုတ်မြို့ကို ဓာတ်အားပေးနိုင်ရေးအတွက် အဆိုပါစက်ရုံကို ပြန်လည် တည်ဆောက်ခဲ့သည်။ ကီလိုဝပ် ၄၀၀၀ (၄ မဂ္ဂါဝပ်) တပ်ဆင်အင်အားရှိသည်။ ပို၍ခေတ်မီပြီး စနစ်ကျ သည်။ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ ၁၈ ရက်တွင် မိုးကုတ်မြို့သို့ ဓာတ်အားပေးနိုင်ခဲ့သည်။ အဆိုပါဓာတ်အားကို ၁၉၉၂ ခုနှစ် မတ်လ ၂၀ ရက်တွင် မိုးမိတ်မြို့ထိ ပို့လွှတ်နိုင်ခဲ့သည်။

မိုးကုတ်မြို့ကို စာရေးသူအကြိမ်ကြိမ်ရောက်ဖူးသည်။ သတိပြုမိသည်မှာ မြို့၏အနောက်မြောက်အစွန် တောင်ကမ်းပါးယံများတွင် မြေများဖဲ့ထုတ်ပြီး  ကျောက်တူးဖော်ခြင်း လုပ်ငန်းများ  လုပ်ကိုင်နေကြသည်။ ကျောက်ရောမြေများကို ရေဖြင့်ထိုးချပြီး အဖိုးတန်ကျောက်ရှာခြင်းဖြစ်သည်။ ယင်းရေနှင့်အတူ အနည်များ၊ နုန်းများပါလာပြီး မိုးကုတ်မြို့လယ် တွင် ဖြတ်သန်းစီးဆင်းနေသောချောင်းထဲသို့ ရောက်လာသည်။ ချောင်း ရေမှာ အမြဲတမ်းကော်ဖီရောင်ပေါက်နေသည်။ ပြေပြစ်သောမြို့လယ် မြေပြန့်တွင် အနည်များပို့ချသည်။ ၁၉၉၄ ခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းချိန် ချောင်းရေလျှံတော့သည်။

မိုးကြီးရေလျှံသည့်အခါ ခြောက်ထပ်ကြီးချိုင့်ထဲတွင် တည်ဆောက် ထားသည့် ရေအားလျှပ်စစ် စက်ရုံကြောင့် ဖြစ်ရသည်ဟု အကြောင်းပြ၍ စက်ရုံနေရာဝန်းကျင်တွင် ကျောက်တူးနိုင်ရေးအတွက် စက်ရုံကိုဖျက်ဆီး ရန် ကြိုးပမ်းကြပြန်သည်။ ယင်းစက်ရုံသာ မရှိပါက မိုးကုတ်တစ်မြို့လုံးကို ဒီဇယ်စက်ဖြင့် အချိန်ပိုင်း ဓာတ်အားပေးရတော့မည်။

ဤတစ်ကြိမ်တွင်တော့ အစိုးရကလက်မခံတော့ပါ။ ရေအားလျှပ်စစ် စက်ရုံသည် ရေလှောင်တမံ အမျိုးအစား စက်ရုံလည်း မဟုတ်ပါ။ ပုံမှန်မြေ ပြန့်တစ်လျှောက် စီးလာသောရေကို အောက်ဘက် ပေရာချီနက်သောချိုင့် ထဲတွင်ရှိသည့်စက်ရုံသို့ သံမဏိပိုက်ဖြင့်သွယ်တန်းပြီး လည်ပတ်ခြင်းသာ ဖြစ်သည်။ Run-off-River Type စက်ရုံသာဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အစိုးရက ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနကို တာဝန်ပေး၍   အဆိုပါချောင်းကို   တူးဖော်ပြုပြင်ပေးခဲ့သည်။

ကြုံကြိုက်၍ မိုးကုတ်စက်ရုံသမိုင်းကို ဖော်ပြပေးခြင်းဖြစ်သည်။

ကိုလိုနီခေတ်တွင်  ပြန်လည်ပြည့်ဖြိုးမြဲရေကိုသုံး၍  တည်ဆောက် အသုံးပြုခဲ့သော တခြားရေအား လျှပ်စစ်စက်ရုံများလည်း ရှိသေးသည်။ အောက်ပါအတိုင်း အကျဉ်းဖော်ပြလိုသည်-

ပြန်လည်ပြည့်ဖြိုးမြဲရေကို အသုံးချခဲ့သည့် ကိုလိုနီခေတ်ရေအားလျှပ်စစ်စက်ရုံများ

အဆိုပါကာလတွင် အာရှတိုက်တွင် အကြီးဆုံးရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံဖြစ်ခဲ့သည်။

အဖိုးတန်ကျောက်သံပတ္တမြားနှင့် သတ္တုတူးဖော်ရာတွင် ဓာတ်အားရရှိရေး၊ လက်ဖက်ခြောက်စက်ရုံများ ဓာတ်အားပေးရေး၊ မျက်နှာဖြူများ နွေရာသီအပန်းဖြေရန်နှင့် ရုံးစိုက်ရာမြို့များသို့ ဓာတ်အားပေးရေး စသည် တို့အတွက်သာဖြစ်သည်။

ပထမကမ္ဘာစစ်အပြီး ၁၉၂၀ ပြည့်နှစ်များမှစ၍ ဧရာမရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကြီးများ   ကမ္ဘာတွင်  အသီးသီးပေါ်လာသည်။

သို့သော် နှစ်ပေါင်း ၁၂၄ နှစ်အကြာ  အုပ်ချုပ်သွားသော  နယ်ချဲ့တို့သည် ဤကဲ့သို့  ရေရှည်အကျိုးဖြစ်ထွန်းပြီး နိုင်ငံတွင်ကျန်ရစ်ခဲ့မည့်စက်ရုံမျိုး ကို  အားမထည့်ခဲ့ပါ။ မြန်မာနိုင်ငံမှ  ဆန်စပါး၊ အဖိုးတန်သစ်၊ ရေနံ၊ ကျောက်သံပတ္တမြား၊ သတ္တုရိုင်း စသည့် မြန်မြန်ထုတ်၊ မြန်မြန်သယ်၊ မြန်မြန်ငွေဖြစ်စေမည့် အလုပ်များအတွက်သာရင်းကြသည်။ ဥပမာ-လားရှိုးရထားလမ်း (နမ္မတူ သတ္တုရိုင်းသယ်ရန်)၊  မိုးကုတ်ကားလမ်း (ကျောက်သံပတ္တမြားတူးဖော်သယ်ယူရန်)၊ ထားဝယ်-ဟိန္ဒားလမ်း (သတ္တု သယ်ရန်) အစရှိသည့် လုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ကြသည်။ သို့သော် နယ်ချဲ့အင်္ဂလိပ်တို့သည် လိုအပ်လာလျှင် သုံးနိုင်ရန် မစ္စတာရိပ် (Mr Raik) ဆိုသူ ရေအားလျှပ်စစ်တိုင်းတာရေး အင်ဂျင်နီယာ တစ်ဦးအား တာဝန်ပေးပြီး လျှို့ဝှက်စာတမ်းပြုစုစေခဲ့ကြောင်း နောင်တွင်တွေ့ကြရသည်။                                   

ဆက်လက်ဖော်ပြပါမည်။