အောင်လအန်ဆန်နှင့်  တူကီယဲဖိုက်တာ အာဒိုဂန်ထိုးသတ်မည်

 

 

အောင်လအန်ဆန်နှင့်  တူကီယဲဖိုက်တာ အာဒိုဂန်ထိုးသတ်မည်

 

ရန်ကုန်  ဇွန်  ၂၇

    ONE Championship  အဖွဲ့အစည်းက အမေရိကန်နိုင်ငံတွင် ကျင်းပသွားမည့်  ONE 168  အမည်ရှိ MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့် တူကီယဲဖိုက်တာအာဒိုဂန်တို့   ပွဲစဉ်ကို ထည့်သွင်းကျင်းပ သွားမည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

ONE Championship   တွင် အောင်မြင်မှုများစွာ   ရယူနိုင်ခဲ့ဖူးပြီး စံချိန်မှတ်တမ်း  ကောင်းများစွာစိုက်ထူနိုင်ခဲ့သည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် MMA ပြိုင်ပွဲများနှင့် အတန်ကြာ အလှမ်းဝေးနေပြီး ယခုအခါ ONE Championship လာမည့် စက်တင်ဘာလ ၆ ရက်တွင် အမေရိကန်နိုင်ငံ ဒန်ဗာမြို့တွင် ကျင်းပမည့် ONE 168 အမည်ရှိ MMAပြိုင်ပွဲတွင်မစ်ဒယ်ဝိတ်တန်းတွင် ပြန်လည် ထိုးသတ်သွားမည်ဖြစ် သည်။

အောင်လအန်ဆန်သည် ONE Championship တွင် ထိပ်တန်းဖိုက်တာ တစ်ဦးအဖြစ် ကာလအတန်ကြာ ရပ်တည်နိုင်ခဲ့ကာ ONE Championship  ၏ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းနှင့် ကမ္ဘာ့လိုက်ဖ်ဟဲဗီးဝိတန်တန်း တို့တွင် ချန်ပီယံခါးပတ်များ ရယူနိုင်ခဲ့ပြီး ဝိတ်တန်းနှစ်ခုပိုင်ဆိုင်သည့် ကစားသမားအဖြစ် ကာလအတန်ကြာ ရပ်တည်နိုင်ခဲ့သော်လည်း နယ်သာလန်ဖိုက်တာ ဒီရိုင်ဒါကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ်နှစ်ခုလုံး လက်လွှတ်ခဲ့ရသည်။

အောင်လအန်ဆန်နှင့်ထိုးသတ်မည့် တူကီယဲဖိုက်တာ အာဒိုဂန်သည် လိုက်ဖ်ဟဲဗီးဝိတ်တန်းတွင် ပွဲအများစုကို ထိုးသတ်ထားပြီး MMAကစားသမားဘ၀ ကိုးပွဲကစားခဲ့ရာ ကိုးပွဲလုံး အနိုင်ရရှိထားပြီး ရှုံးပွဲမရှိ မှတ်တမ်းကောင်း တစ်ရပ်ကိုပိုင်ဆိုင်ထားသူဖြစ်သည်။

အောင်လအန်ဆန်သည် MMA ကစားသမားဘဝ သက်တမ်းတစ်လျှောက် ၄၃ ပွဲကစားခဲ့ရာ ပွဲ ၃၀ နိုင်ပွဲရထူးပြီး  ၁၃ ပွဲရှုံးနိမ့်ခဲ့ကာ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်တွင် ဘရာဇီးလ်ဖိုက်တာ ဂီလ်ဘာတိုကို အနိုင်ရယူထားကြောင်း သိရသည်။