ပညာအသက် ဘဝတစ်သက်တာ
၀သန်မိုးဦးကာလ၏နေ့စွဲများနှင့်အတူ ကျောင်းခေါင်းလောင်းသံများသည်လည်း တလွင်လွင်မြည်သံဆာလျက်ရှိပေသည်။ ကျောင်းခေါင်းလောင်းသံများနှင့်အတူ ကျောင်းနေအရွယ် လူငယ်မျိုးဆက်သစ်လေးများ၏ စိတ်အစဉ်သည်လည်း နိုးကြားတက်ကြွနေသည်ကို စာရေးသူတို့ တွေ့မြင်နေကြရသည်။
မည်သည့်အသက်အရွယ်၊ မည်သည့်အခြေအနေသို့ ရောက်ခဲ့သည်ဆိုပါစေ ယခုကဲ့သို့ မိုးဦးလေဦးကာလ၏ ကျောင်းဖွင့်စနေ့ရက်လေးများကိုကား မှတ်မှတ်ရရရှိနေကြမည်သာ။ ထိုနေ့ရက်လေးများကို တမ်းတလွမ်းဆွတ်ရင်း မိမိတို့လျှောက်လှမ်းခဲ့သော ဘဝခရီးဝယ် ပညာ၏တန်ဖိုးကို နားလည်သဘောပေါက်ကြသူတွေ ဒုနဲ့ဒေးရှိနေနိုင်ပါသည်။ ဆုံးခန်းတိုင်သော ပညာရေးကြောင့် ဘဝလမ်းပေါ်တွင် အေးဆေးစွာ လျှောက်လှမ်းနေကြသူတွေ ရှိသကဲ့သို့
ဆုံးခန်းမတိုင်သော ပညာရေးကြောင့် ဘဝလမ်းပေါ်တွင် ပင်ပန်းဆင်းရဲစွာ လျှောက်လှမ်းနေကြသူတွေလည်း များစွာရှိနေဆဲဖြစ်ပါသည်။
ပညာ၏အသက်သည် လူသားတစ်ယောက်၏ ဘဝအား မည်ရွေ့မည်မျှ အဆုံးအဖြတ်ပေးသည်ကို ယနေ့ဘဝနေ့ရက်များစွာကပင် သက်သေပြညွှန်းဆိုနေပါသည်။
ပညာရေး၏အသက်သည် လူသားတစ်ယောက်၏ ဘဝတစ်သက်တာအတွက်သာမက နိုင်ငံတစ်နိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသည့် ကာလများအတွက်လည်း များစွာအရေးပါသည့် ကဏ္ဍတစ်ခုသာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် ပညာတတ်ပေါများမှသာလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့်ပန်းတိုင်တစ်ခုကို အရှိန်အဟုန်မပျက်လျှောက်လှမ်းနိုင်မည်သာဖြစ်သည်။ လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ပေါ်ထွန်းရေးအတွက် ပညာဟူသည့် မဏ္ဍိုင်ကို ခိုင်မာစွာတည်ဆောက်ရေးမှာ အဓိကကျသည်ဟုဆိုချင်သည်။ ပစ္စုပ္ပန်ကာလ၏ ပညာရည်မြင့်မားရေး လုပ်ငန်းစဉ်များ ခိုင်မာအောင် ဆောင်ရွက်ချက်များသည် နိုင်ငံတော်၏ အနာဂတ်ကို တိုက်ရိုက် အဆုံးအဖြတ်ပေးမည်သာဖြစ်သည်။
ယနေ့မျက်မှောက်ကမ္ဘာတွင် ပညာရည်အနိမ့်အမြင့်၊ လူသားအရင်းအမြစ်ကောင်းများ ပိုင်ဆိုင်မှုကိန်းဂဏန်းများက နိုင်ငံအချင်းချင်းကြားတွင် ဖွံ့ဖြိုးတိုးတက်ခြင်းဟူသည့် စံပေတံဖြင့် တိုင်းတာပြခဲ့ပြီးဖြစ်၏။ ထိုအကြောင်းတရားများသည်ကား မည်သို့မျှ ငြင်းပယ်၍ မရနိုင်သော သက်သေသာဓကများပင်။ စာရေးသူတို့နိုင်ငံတွင်လည်း အတိတ်ကာလမှ ယနေ့မျက်မှောက်ထိ နိုင်ငံတော်၏ပညာရည်မြင့်မားရေး၊ ပညာကိုအခြေခံသော လူသား အရင်းအမြစ်ကောင်းများ ပေါ်ထွန်းရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်နေခြင်းသာဖြစ်၏။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ရှိ တိုင်းရင်းသားမိဘပြည်သူ တစ်ရပ်လုံးမှလည်း နိုးကြားတက်ကြွစွာ ပါဝင်ကူညီကြရမည်။ အစိုးရနှင့်ပြည်သူ တွဲလက်ညီမှသာ နိုင်ငံတော်အပေါ် ကောင်းမွန်သော မှတ်ကျောက်ကိုတင်နိုင်မည်ဖြစ်၏။
လူသားတစ်ယောက်ဘဝမှ နိုင်ငံတော်အဆင့်ထိတိုင် အရေးကြီးသော ပညာရေးကဏ္ဍကို နိုင်ငံတော်ရှိ ကျောင်းနေအရွယ်မောင်မယ်လေးများက အလေးထား တန်ဖိုးထားပြီး ကြိုးစားသင်ယူကြရမည်။ ကျောင်းသားလူငယ်မောင်မယ်များ ယနေ့ကြုံတွေ့နေရသော အဖြစ်အပျက်လေး တစ်ခုနှင့် နှိုင်းယှဉ်ပြချင်သည်။ ကျောင်းခေါင်းလောင်းထိုးပြီးချိန် ကျောင်းနောက်ကျခဲ့ပါလျှင် အခန်းအတွင်းသို့ “ဝင်ခွင့်ပြုပါ” ဟူသည့် ခွင့်တောင်းသံနှင့်အတူ ကျောင်းခန်းအသီးသီးသို့ ဝင်ခွင့်ရခဲ့ကြသည်။ “ဝင်ခွင့်ပြုပါ”ဟူသည့် ခွင့်တောင်းသံသည် ကျောင်းတက်စဉ်ကျောင်းသားဘဝတွင်သာ ကျောင်းနောက်ကျခြင်းအပြစ်ကို ကျေစေခဲ့သော်လည်း ဘဝဟူသော ကျောင်းတော်တွင် နောက်ကျခဲ့ပါက “ဝင်ခွင့်ပြုပါ” ဟူသည့် ခွင့်တောင်းသံဖြင့် ဝင်ခွင့်ရတော့မည် မဟုတ်ပေ။
တက္ကသိုလ်ဝင်တန်းအောင်သည့် သူငယ်ချင်းချင်း အတူတူကြိုးစားအားထုတ်မှု မတူညီခဲ့လျှင် တက္ကသိုလ်တစ်ခုတည်းတွင် ဆက်လက် တက်ရတော့မည်မဟုတ်။ ဆိုရလျှင် ပညာရေးဆုံးခန်းတိုင်မှုအပေါ် မူတည်၍ တစ်ခန်းတည်းသူငယ်ချင်း အချင်းချင်းပင်လျှင် ဘဝအနိမ့်အမြင့်ကား ကွာခြားသွားတတ်သည်မှာ ဓမ္မတာတစ်ခုပင်။ လူငယ်မောင်မယ်များအနေဖြင့် ပညာအသက် ဘဝတစ်သက်တာ ဟူသည်ကို အလေးအနက် ထားတတ်စေလိုပါသည်။
ကျောင်းသားမိဘများဘက်မှ ကြည့်လျှင်လည်း မိမိတို့ရင်သွေးငယ်များ၏ အနာဂတ်ဘဝကို ပညာဖြင့် ကျန်းမာသန်စွမ်းအောင် ကြိုးပမ်းပေးရမည်။ မွေးကင်းစကလေးတစ်ဦးအား ကျွေးမွေးပြုစုခြင်း၊ လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် ထိုကလေးငယ်မှာ အနှီးထွေးဘဝမှ ဝမ်းလျားမှောက်၊ ထိုမှသည် လေးဖက်ထောက် သွားတတ်၊ ထိုင်တတ်ခြင်းမှသည် လမ်းလျှောက်လာနိုင်သည်။ နောက်ဆုံးခုန်ပေါက်ပြေးလွှား သွားလာနိုင်သည်အထိဖြစ်ခဲ့သည်။ ထိုဖြစ်စဉ်သည် ကလေးတစ်ယောက်ကို မှန်ကန်သောပြုစု ပျိုးထောင်ခြင်းဖြင့် ကျန်းမာသန်စွမ်းခဲ့ခြင်းပင် ဖြစ်ပေသည်။ ထို့အတူ ကျောင်းနေအရွယ်ကလေး တစ်ယောက်အား ပညာဟူသော ပြုစုပျိုးထောင်ပေးမှသာ သူ၏အနာဂတ်ဘဝကား အမှန်တကယ်ပင် ကျန်းမာသန်စွမ်းလာမည်ဖြစ်သည်။ ပညာရေးဆုံးခန်းတိုင်သည့် သားသမီးတစ်ဦးဘဝနှင့် ပညာရေးဆုံးခန်းမတိုင်သည့် သားသမီးတစ်ဦး၏ဘ၀ မည်သည့်ဘဝကို မိဘများက စိတ်ချ လက်ချရှိမည်နည်း။ ကျောင်းသားမိဘများက ဤသို့တွေးခေါ်ဆုံးဖြတ်ရပေမည်။ လူငယ်တိုင်း၏ အနာဂတ်ဘ၀ ကျန်းမာသန်စွမ်းဖို့ ပညာသည်သာအဓိက မဏ္ဍိုင်ဖြစ်ကြောင်း မိဘတိုင်းက ရင်ဝယ်ပိုက်ထားရပေမည်။
ပညာရည်နိမ့်ပါးသည့် လူတစ်ယောက်၏အသိ၊ သတိနှင့် ပညာရည်မြင့်မားသော လူတစ်ယောက်၏အသိ၊ သတိစွမ်းပကားသည်ကား များစွာကွာခြားသေးသည်။ ပကတိတရားကို မြင်ရသိရခြင်းသည် အသိတရားဖြစ်ပြီး မှန်ကန်သည့် အသိတရားဖြစ်စေရန် ပကတိတရားအပေါ် အမှားအမှန်ကို ဆုံးဖြတ် ပယ်သတ်နိုင်သည်မှာ သတိတရားပင်ဖြစ်၏။ အသိတရားအပေါ် ဆင်ခြင်သုံးသပ်နိုင်စွမ်းသည် သတိတရားဖြစ်သည်ဟု အကျဉ်းချုံးလိုသည်။ ထိုစွမ်းအား
များကို မည်သည်ကရနိုင်သနည်း။ ပညာဆီမှသာ ရနိုင်စွမ်းပါသည်။ ယနေ့ စာရေးသူတို့နိုင်ငံတွင် များစွာသော စက်ဆုပ်ရွံရှာဖွယ်ဖြစ်ရပ်များကို ဝမ်းနည်းစွာတွေ့မြင်နေရသည်။ ထိုသည်ကား လူငယ်များကို အကြမ်းဖက်သဖွယ် အသုံးချနေကြသည့် ဖြစ်စဉ်ဖြစ်ရပ်များပင်။
အထူးသဖြင့် ၂၀၂၁ ခုနှစ်မှ ယနေ့ထက်တိုင် မြန်မာပြည်သူတို့၏ လူမှုဘဝပျက်ပြားစေရန် လုပ်ဆောင်နေသော အကြမ်းဖက်ဖြစ်စဉ်များတွင် တရားခံများကို နိုင်ငံတော်က ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်များကို စေ့စေ့တွေးကြည့်မိသည်။ ဆယ်ကျော်သက်အရွယ် အမျိုးသား၊ အမျိုးသမီးလေးများ အများအပြားဖြစ်သည်ကို တွေ့မြင်ရသည်။ တချို့ကား အသိပညာရော အတတ်ပညာပါ အားနည်းကြသူများဖြစ်သလို တချို့ကား အတတ်ပညာရှိသော်လည်း အသိပညာဉာဏ်နည်းသူများ ဖြစ်ကြလိမ့်မည်။ အမှားအမှန်အပေါ် ဝေဖန်ဆင်ခြင်မှု နည်းပါးကာ လမ်းမှားသို့ သက်ဆင်းသွားကြသည်။ အဓိကအားနည်းချက်ကိုကြည့်လျှင် ငယ်စဉ်တောင်ကျေးဘဝကပင် ပညာရည်နိမ့်ပါးခဲ့ခြင်းကြောင့် အသိပညာပါ နိမ့်ပါးခဲ့ကြသူအများစုဟု ဆိုချင်ပါသည်။
ထိုသို့နိုင်ငံ့မျိုးဆက်သစ်များ၏ အခက်သည် ယနေ့ပြည်တွင်းပြည်ပ အဖျက်သမား ပြည်ပြေးများ၏ အချက်ဖြစ်လာခဲ့သည်။ တစ်စတစ်စနှင့် နိုင်ငံ့အခက် သူတို့အချက်ဖြစ်လာခဲ့ပေသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး”၊ “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့်အချက်များကို ဦးတည်ချက်(၉)ရပ်၏ လူမှုရေးကဏ္ဍတွင် ထည့်သွင်းကာ မမှိတ်မသုန်ကြိုးပမ်း ဆောင်ရွက်နေကြောင်း မီးမောင်းထိုးပြလိုပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေး ညီလာခံ (၂၀၂၄)ကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်ပေးဆိုသည့် ဦးတည်ချက်ဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)တွင် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။
ထိုပညာရေးညီလာခံ ကျင်းပခြင်းအားဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များပေါ်ထွန်း လာစေခြင်း၊ အရည်အသွေးပြည့်ဝသော ပညာတတ် များမွေးထုတ်ပေးနိုင်ခြင်း၊ ထုတ်လုပ်မှုကို အားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ခြင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အရည်အသွေး အာမခံမှုရှိသည့် ပညာရေးစနစ်ပိုမို အားကောင်းလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
“ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်၊ ပညာအသက် ဘဝတစ်သက်ဖြစ်ပြီး စာပေပညာနှင့် အသိပညာမရှိပါက ဘဝတစ်လျှောက်လုံးတွင် အခက်အခဲများနှင့် ကြုံတွေ့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကိုယ်တိုင် အသိပညာ ဗဟုသုတများ ရရှိစေရေး စာပေဖတ်မှတ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိတို့သားသမီးများကိုလည်း ပညာရေးအားပေးရန်၊ စာပေဖတ်မှတ်တတ်သည့် အလေ့အကျင့်ကောင်းများကို ပြုလုပ်ပေးရန် လိုကြောင်း”တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ် ပေါများခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ညာတတ်များနှင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီး တည်ဆောက်ရန် ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း”
“ပညာရေးသည် တိုင်းပြည်၏ အနာဂတ်ပင်ဖြစ်ကြောင်း၊ ပညာရေး အားနည်းချက်သည် နောင်အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်သည့်နိုင်ငံတော် တည်ဆောက်ရေးတွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်သောကြောင့် ပညာရေးကို မိမိတို့အနေဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ မဖြစ်မနေ အားပေးဆောင်ရွက်လျက် ရှိကြောင်း”စသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းရေးနှင့် နိုင်ငံတော်၏အနာဂတ်တို့နှင့် တိုက်ရိုက်ဆက်နွယ်နေသော မူဝါဒမျှော်မှန်းချက်များကို စာရေးသူမှအလျဉ်းသင့်၍ ထုတ်နုတ်တင်ပြခြင်းဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံ့မျိုးဆက်သစ် လူငယ်မောင်မယ်များကို အသိပညာ၊ အတတ်ပညာပြည့်စုံသည့် မျိုးဆက်သစ်များဖြစ်စေရန် မိဘတိုင်း၊ ဆရာ၊ ဆရာမတိုင်းက အလေးအနက်ထားကာ ကြိုးပမ်းပြုစုပေးရမည်။ အစိုးရ၊ မိဘ၊ ဆရာ၊ ကျောင်းသားဟူသည့် ခိုင်မာသော ဒေါက်တိုင်ဖြင့် နိုင်ငံတော်၏ ပညာရည်မြင့်မားရေးကို ဟန်ချက်ညီညီလက်တွဲကြိုးပမ်းသွားကြရတော့မည်။ ပညာအသက်ဖြင့် သူတို့တစ်ဦးချင်းဘဝ၊ ထိုမှသည် နိုင်ငံတော်၏ အနာဂတ်ဘဝထိတိုင် ခြုံငုံပြည့်စုံစေဖို့ အားလုံးတွဲလက်ညီညီဖြင့် မဖြစ်မနေကြိုးပမ်း ဆောင်ရွက်သွားကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း စာစီခြယ်၍ အသိပေး မျှဝေလိုက်ရပါတော့သည်။ ။