မောင်တောမြို့နယ်ရှိ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ဂိုဒေါင်အား မီးရှို့ဖျက်ဆီးခံရမှု ဖြစ်စဉ်အမှန်၊ AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါး ကုန်ကူးမှုလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့မှာတော့ မီဒီယာတွေ မေးမြန်းနေကြတဲ့ မောင်တောမြို့နယ် မောင်တော-ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ရဲ့ ဂိုဒေါင်ကို တပ်မတော်နဲ့ ဘင်္ဂါလီတွေက ဖျက်ဆီးခဲ့တယ်၊ လုယက်တယ်ဆိုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အမှန်ကို ရှင်းလင်းပြောကြားလိုပါတယ်။
အဲ့ဒီမှာ အဲ့ဒီနယ်မြေဒေသရဲ့အခြေအနေ အကြမ်းဖျင်းအနေနဲ့ကတော့ မောင်တော-ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာရှိပြီးတော့ အဲ့ဒီနေရာမှာ အရင်တုန်းကတော့ UNHCR ?WFP စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ရုံးတွေဂိုဒေါင်တွေရှိပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာပြီး နောက်ပိုင်းမှာ မေလကတည်းက အဲ့ဒီနေရာမှာ ရုံးထိုင်တဲ့လူတွေ မရှိတော့ဘဲနဲ့ နယ်မြေခံဘင်္ဂါလီ အစောင့်တွေလောက်သာ ထားခဲ့နိုင်ပြီးတော့ ပြန်သွားတဲ့နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေနဲ့ပတ်သက်ပြီးလည်း ဒီလုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ တပ်မတော်အနေနဲ့ကလည်း ဒီနေရာတွေအထိ ဝင်ရောက်ခြင်း မရှိသေးဘဲနဲ့ ဘေးကနေပဲ လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ အနေအထားဖြစ်ပါတယ်။ ဒီဇွန်လ ၂၁ ရက်နေ့မှာတော့ မောင်တောမှာရှိတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေးအဖွဲ့က ဒီနေရာတွေကို ကင်းလှည့်ရပါတယ်။ ကင်းလှည့် ဆောင်ရွက်တဲ့နေရာမှာ ဒီ WFP ရုံးတွေ၊ ဂိုဒေါင်တွေရဲ့ အရှေ့ဘက် ဝေသာလီကျေးရွာ အရောက်မှာ စိမ့်ဝင်နေတဲ့ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။
အဲ့ဒီတိုက်ပွဲဖြစ်ပွားချိန်မှာ AA အကြမ်းဖက်အဖွဲ့အနေနဲ့ Drone များကို အဓိကသုံးပြီးတော့ တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
အဲ့ဒီမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေပါတယ်။ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်မှာပဲ AA အကြမ်းဖက်အဖွဲ့အနေနဲ့ အဲ့ဒီ WFP ဂိုဒေါင်တွေကို ဝင်ရောက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ အဓိကကတော့ အဲ့ဒီမှာရှိနေတဲ့ ပစ္စည်းတွေကို လုယက်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့နဲ့အတူ ဒေသခံ AA ထောက်ခံအားပေးနေတဲ့ ရခိုင်တိုင်းရင်းသား
အချို့လည်း ပါဝင်တယ်ဆိုတာကို ဒေသခံဘင်္ဂါလီတွေရဲ့ ပြောကြားချက်အရ ကျွန်တော်တို့ သိရှိခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒေသခံဘင်္ဂါလီရွာသားများ အနေနဲ့ အဲ့ဒီမှာရှိတဲ့ပစ္စည်းတွေ AA လက်ထဲ မရောက်ရှိစေရေးအတွက် အနီးအနားမှာရှိတဲ့ လုံခြုံတဲ့နေရာတွေကို ဇွန်လ ၂၁ ရက်နေ့ကတည်းက စတင်ရွှေ့ပြောင်းခဲ့တယ်ဆိုတာ သိရပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာတော့ ဘယ်လိုရွှေ့ပြောင်းတယ်ဆိုတာကို သိတဲ့အတွက် AA အနေနဲ့ Drone နဲ့ ကင်းထောက်ထောက်လှမ်းပြီး အဲ့ဒီ WFP ဂိုဒေါင်တွေကို Drone နဲ့ ဗုံးကြဲခဲ့တယ်ဆိုတာကို Drop Bomb များချ တိုက်ခိုက်ခဲ့တယ်ဆိုတာကို သိရှိရပါတယ်။ ဒါကြောင့် ဒီဂိုဒေါင်တွေ တချို့မီးလောင်ပျက်စီးခဲ့တယ်ဆိုတာလည်း တွေ့ရှိရပါတယ်။ သူတို့ထုတ်ပြန်ထားတဲ့ပုံတွေမှာ ကြည့်ရင်ကို ဒီအချက်အလက်ကို သိသာနိုင်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ဂိုဒေါင်တွေဟာ ဂိုဒေါင်တွေနဲ့အဲ့ဒီအနီးအနားမှာ ရှိနေတဲ့ရုံးတွေမှာ UN ဆိုတဲ့ ကုလသမဂ္ဂ အမှတ်အသားကို ဂိုဒေါင်အမိုးတွေမှာ ထင်ထင်ရှားရှား ရေးထားတာ၊ ရုံးတွေမှာ ထင်ထင်ရှားရှားရေးထားတာ တွေ့ရပါတယ်။ သိလျက်နဲ့လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့လို့လည်း ဂိုဒေါင်အမိုးတွေ Drop Bomb ဒဏ်ကြောင့် ပေါက်ပြဲ ပေါက်ကွဲပြီးတော့ မီးလောင်တာဖြစ်ပါတယ်။ ဒီဒေသခံတွေ သယ်ထုတ်ထားတဲ့ ဆန်အိတ်များကို ဒေသခံဘင်္ဂါလီများ အနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို လာရောက် သတင်းပို့ခဲ့တာ ရှိပါတယ်။ ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ ဇွန်လ ၂၂ ရက်နေ့မှာ မောင်တောမှာရှိတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ရည်ရွယ်ထားတဲ့ ဆန်အိတ်တွေဖြစ်တဲ့ အတွက်ကြောင့် ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက် အဲဒီရပ်ကွက်တွေမှာရှိတဲ့ အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စုကို တစ်အိတ်စီနဲ့ ဆန်အိတ်များကို ဖြန့်ဝေပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။ AA အနေနဲ့ ဘူးသီးတောင်မြို့နယ် အတွင်းမှာရှိတဲ့ ဘင်္ဂါလီများကိုလည်း နေအိမ်မှာ မနေနိုင်အောင် နှင်ထုတ်ပြီးဖြစ်ပါတယ်။ အလားတူပဲ မောင်တောကို တိုက်ခိုက်ဖို့ လုပ်ဆောင်နေတဲ့ အချိန်မှာပဲ ဒေသခံဘင်္ဂါလီများ၊ ဒုက္ခသည်များကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ပစ္စည်းများကို လုယူရန်ကြံစည်ခြင်းဖြစ်ပြီး မအောင်မြင်တဲ့အခါမှာ ယခုလို ဂိုဒေါင်ကို Drop Bomb ချပြီး မီးရှို့ခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။
နောက်တစ်ခုကတော့ AA ရဲ့မူးယစ်ဆေးဝါး ကုန်ကူးမှုလုပ်ငန်းတွေဖြစ်ပါတယ်။၂၀၁၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မေလအထိ ရခိုင်ပြည်နယ်မှာ ပင်လယ်ရေကြောင်းလမ်းကို အသုံးပြုပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ၄၆ မှုရှိပါတယ်။ တရားခံ ၂၆၆ ဦး ဖမ်းမိခဲ့ပါတယ်။ အများစုကတော့ AA နဲ့ပတ်သက်ဆက်နွှယ်နေတဲ့ အသိုင်းအဝိုင်းတွေပဲဖြစ်ပါတယ်။ စိတ်ကြွဆေး ၂၈ ဒသမ ၅ သန်း၊ အိုက်စ် ၄၁ တန်၊ ကက်တမင်း ၁ ဒသမ ၄ တန် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဗဗ အနေနဲ့ စတင်ထူထောင်လာကတည်းကတိုင် မူးယစ်ဆေးဝါးလုပ်ငန်းကို အစဉ်တစိုက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် လုပ်ဆောင်ရသလဲဆိုတော့ ဒီမူးယစ်ဆေးဝါးနဲ့ပဲ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေ အကျင့်စာရိတ္တပျက်ပြားနေမှသာ AA သောင်းကျန်းသူအဖွဲ့တွင်းကို ဝင်ရောက်နိုင်ရေး ပိုမိုစည်းရုံးဖို့ လွယ်ကူမယ်၊ လွယ်လွယ်ကူကူရတဲ့ငွေနဲ့ လက်နက်၊ ခဲယမ်းတွေဝယ်နိုင်မယ်၊ တရားမဝင်ထောက်ပံ့မှုတွေ လုပ်နိုင်မယ်ဆိုတာကို ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖမ်းဆီးရမိတဲ့ AA သောင်းကျန်းသူအဖွဲ့က ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိတဲ့ အောင်မြတ်ကျော်ဆိုရင် ထွန်းမြတ်နိုင်ရဲ့ တာဝန်ပေးချက်အရ ၂၀၁၅ ခုနှစ်အတွင်းမှာ ပြင်ဦးလွင်ကနေ ရန်ကုန်၊ ဘားအံကနေ ရန်ကုန်ကို ဆယ်ကြိမ်လောက် လက်နက်၊ ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေကို ဆီသယ်ဆောင်တဲ့ကားတွေမှာ အံဝှက်တွေပြုလုပ်ပြီး သယ်ဆောင်ခဲ့တယ် ဆိုတာကို သူ့ကိုဖမ်းဆီးရမိပြီး အစစ်ခံတဲ့အထဲမှာ အစစ်ခံခဲ့ပါတယ်။ နိုင်ငံပိုင်သတင်းဌာနတွေ ရှေ့မှာလည်း သူ့ရဲ့ဝန်ခံချက်ကိုထုတ်လွှင့်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တစ်ခုမှာဆိုရင် အိုက်စ်တို့၊ ကဖင်းတို့ ဖမ်းဆီးရမိတာတွေရှိတယ်။ အသုံးပြုတဲ့ ယာဉ်တွေ၊ စက်လှေတွေ၊ ဂိုဒေါင်တွေကို ငှားရမ်းအသုံးပြုခဲ့တာ တွေ့ရပါတယ်။ AA သောင်းကျန်းသူအဖွဲ့ဝင် အများအပြား ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ရခိုင်ပြည်နယ်ကိုပို့မယ့် ကဖင်း ဖမ်းဆီးရမိမှုဖြစ်စဉ်အရ AA သောင်းကျန်းသူတွေအနေနဲ့ အိုက်စ်တို့၊ ကဖင်းတို့ကို အသုံးပြုပြီးတော့ ရခိုင်ပြည်နယ်မှာပဲ စိတ်ကြွရူးသွပ်ဆေးပြားတွေ ပြောင်းလဲ ထုတ်လုပ်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဖမ်းဆီးရမိတဲ့ ဆေးပြားအရေ အတွက်တွေ၊ မူးယစ်ဆေးအရေအတွက်တွေကိုကြည့်ရင် ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူဦးရေအားလုံး သုံးစွဲနိုင်တဲ့ပမာဏ ထက် သာလွန်နေတာကို တွေ့ရပါတယ်။
ဒါတွေဟာဘာလဲဆိုတော့ အဓိကကတော့ တစ်ဖက်နိုင်ငံကို အမြောက်အမြား ပို့ဆောင်ခဲ့တာတွေ၊ တစ်ဖက်နိုင်ငံမှာလည်း အမြောက်အမြားဖမ်းမိတာတွေ၊ ရခိုင်ဒေသကို အခြေခံပြီး ပင်လယ်ပြင်ကနေ အခြားနိုင်ငံတွေကို ထွက်တာတွေကို ဆောင်ရွက်တာကို တွေ့ရပါတယ်။ ဒါကြောင့် AA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ AA ရဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုလုပ်ရပ်တွေ၊ သယ်ဆောင်မှု လုပ်ရပ်တွေ၊ မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်မှာပဲ ထုတ်လုပ်ဖို့လုပ်နေတဲ့ လုပ်ရပ်တွေအားလုံးသည် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူလူထုကို ဖျက်ဆီးရုံသာမက ဒေသတွင်းမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရေး၊ အကြမ်းဖက် လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးကို ဦးတည်ဆောင်ရွက်နေတယ်ဆိုတာ တွေ့ရပါတယ်။ အားလုံးသတိရှိကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ အကြမ်းဖက်၊ မူးယစ်ဆေးဝါးကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းလိုပါတယ်။
ကျေးဇူးတင်ပါတယ်။