မန်ယူအသင်းက နည်းပြတန်ဟတ်နှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် နီးစပ်လျက်ရှိ

 

မန်ယူအသင်းက နည်းပြတန်ဟတ်နှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် နီးစပ်လျက်ရှိ

 

    မန်ယူအသင်းက အသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသည့် နည်းပြတန်ဟတ်နှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်   နီးစပ်လျက်ရှိပြီး    မကြာမီ အပြီးသတ် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း သိရသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ရလဒ်ဆိုးများနှင့် တွေ့ကြုံခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့်အပြင်   ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ရာသီပြီးဆုံးချိန်တွင် ရမှတ် ၆၀ ဖြင့်     အဆင့်(၈)နေရာ၌သာ    ရပ်တည်နိုင်ခဲ့ကာ ဥရောပပြိုင်ပွဲများ ဝင်ခွင့်နှင့်    လွဲချော်ခဲ့ရပြီးနောက် နည်းပြ တန်ဟတ်အနေဖြင့် ရာထူးမှထုတ်ပယ်ခံရရန် နီးစပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မန်ယူအသင်း အားကစားဆိုင်ရာ ကိစ္စရပ်များကို  ဦးဆောင်လုပ်ကိုင်ခွင့် ရရှိထားသည့်  ပူးတွဲ အသင်းပိုင်ရှင် ရက်ကလစ်ဖ်က အသင်းကို ကြီးကြီးမားမား အပြောင်းအလဲ လုပ်ဆောင်ရန်ကြိုးပမ်းခဲ့ကာ  နည်းပြ  တန်ဟတ်ကိုလည်း  စာချုပ်ဖျက်သိမ်းပြီး ရာထူးမှ ထုတ်ပယ်ရန် နီးစပ်ခဲ့သည်။

သို့သော်   ရက်ကလစ်ဖ်က နည်းပြတန်ဟတ်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် နည်းပြတန်ဟတ်ကို  စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ  ဆက်လက် တာဝန်ပေးအပ်ရန်  ဆုံးဖြတ်ခဲ့သည့်အပြင်  ယခုအခါ နောက်ထပ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့ရာမှ  အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေခြင်းဖြစ်သည်။

နည်းပြတန်ဟတ်သည်  အသင်းနှင့်   ပထမဆုံး ဘောလုံးရာသီဖြစ်သည့်    ၂၀၂၂-၂၀၂၃   ဘောလုံးရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အဆင့်(၃)နေရာ၌ ရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင် ပေးနိုင်ခဲ့သည့်အပြင်  ကာရာဘောင်း ဖလားကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့သည်။

အလားတူ    ဒုတိယမြောက် ဘောလုံးရာသီတွင် စံချိန်တင်ရလဒ်ဆိုးများ ကြုံခဲ့ရသော်လည်း အက်ဖ်အေဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။