ရေချိုကိုကို တန်ဖိုးထား ကမ္ဘာ့ကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

နိုင်ငံတော်ဓာတ်အားစနစ် ရောက်ရှိရန်ခက်ခဲသော တောင်တန်းဒေသ များတွင် ဤဓာတ်အားပေးစက်ရုံမျိုး  တည်ဆောက်ပေးပြီး ဒေသတွင်းဓာတ်အားပေးခြင်းသည် ပို၍ထိရောက်သည်။ နီးစပ်ရာချောင်းများတွင် စက်ရုံများ တည်ဆောက်ပြီး ဒေသတွင်း ဓာတ်အားစနစ်တစ်ခု Local Grid) (Off Grid) ထူထောင်၍  ဓာတ်အားပေးနိုင်ပါက အတိုင်းထက်အလွန် သင့်လျော်သည်။ ဥပမာအားဖြင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး စသည်တို့တွင် ဤသို့ Local Grid (Off Grid) ပြုလုပ်၍  ဓာတ်အားပေးနိုင်ပါက   ပို၍အကျိုးခံစားရမည်။

နောက်တစ်ခုမှာ    ရေလှောင်တမံစနစ်သုံး    ဓာတ်အားပေးစက်ရုံ (Reservior Type Power Plant) ဖြစ်သည်။

ဤစနစ်သည်  ချောင်း၊  မြစ်၏ နှစ်စဉ်စီးဝင်ရေတချို့ကို တမံဖြင့်ထိန်းထားပြီး ဓာတ်အားထုတ်လုပ်သည့်စနစ် ဖြစ်သည်။ မိုးရာသီကာလ၊ ကြားကာလ၊  နွေကာလဟူ၍  သုံးမျိုးအကြမ်းခွဲခြားပြီး  စီးဝင်ရေကို အထိရောက်ဆုံး အသုံးချနိုင်မည့်  စက်အင်အားနှင့် စက်အလုံးရေကို တွက်ချက်တပ်ဆင်ထားသည်။

ဥပမာ-စက်ခြောက်လုံးကို တစ်လုံးလျှင် မဂ္ဂါဝပ် ၁၀၀ စီ တပ်ဆင်ထားသည့် စက်ရုံဆိုပါစို့ -

မိုးရာသီလေးလခန့်တွင် စီးဝင်ရေကို အချည်းနှီးမဖြစ်သွားစေရန် စက်ခြောက်လုံးစလုံး မဂ္ဂါဝပ် ၆၀၀ အဆက်မပြတ် မောင်းနှင်ထားနိုင်သည်။

မိုးကုန်ပြီး  နောက်ထပ်လေးလခန့်တွင်  စက်လေးလုံးနှင့် မဂ္ဂါဝပ် ၄၀၀ ခန့်ကို မောင်းနှင်ထုတ်လုပ်ပေးနိုင်သည်။ နွေရာသီတွင် မူလတမံတွင်း ကျန်ရှိနေသော   ရေထုထည်နှင့်   နေ့စဉ်စီးဝင်ရေပမာဏကို  ချိန်ဆ၍ ပျမ်းမျှစက်နှစ်လုံး  မဂ္ဂါဝပ် ၂၀၀ ခန့်   မောင်းနှင်ထုတ်လုပ်ပေးနိုင်သည်။

ဤဖော်ပြချက်သည် မြင်သာစေရန် ယေဘုယျဖော်ပြမှုသာဖြစ်သည်။ အမှန်တကယ်မောင်းနှင်သည့်အခါ ရေနည်းပါးလာသည့် ခြောက်သွေ့ရာသီတွင် ပြည်သူများ နေ့စဉ် ဓာတ်အားအသုံးပြုမှု အမြင့်ဆုံးအချိန်တွင် တပ်ဆင်စက်အင်အားအပြည့်ဖြင့် ဝင်ရောက်ထောက်ကူပေးပြီး ကျန်အချိန်တွင် ရပ်နားထားသည့်စနစ်ကိုလည်း ကျင့်သုံးကြသည်။ ဓာတ်အားစနစ်၊ ဓာတ်အားလိုအပ်ချက်ပေါ်မူတည်၍ အမြင့်ဆုံးလိုအပ်ချက်ကို ချက်ချင်းလိုက်ပါ မောင်းနှင်ပေးနိုင်မှုကို Reservior Type Hydro-power Plant ကသာလျှင် ဆောင်ရွက် ပေးနိုင်သည်။ သို့ဖြစ်၍ နိုင်ငံတွင် ဓာတ်အားလိုအပ်ချက်မည်မျှရှိသည်၊ မည်သည့်အချိန်တွင် မည်သို့သော စက်ရုံများကို မောင်းနှင်ပေးမည် စသည့် ကြိုတင်တွက်ချက်လျာထားမှုမျိုးကို စက်ရုံမတည်ဆောက်မီကပင် ကြိုတင်တွက်ဆကြရသည်။

ဥပမာတစ်ခုဖော်ပြမည်။ မြန်မာနိုင်ငံတွင် တည်ဆောက်ထားသော Reservior Type ရေအားလျှပ်စစ်စက်ရုံငါးရုံကို ဥပမာပေး၍ နှိုင်းယှဉ်ပါမည်။

ရေလှောင်တမံတိုင်းတွင် သိုလှောင်နိုင်သည့်ပမာဏ (Full Storage)၊  ကန်ရေသေပမာဏ (Death Storage) နှင့် အကျိုးပြုရေလှောင်ပမာဏ (Active Storage or Live Storage) ဟူ၍ တွက်ချက်ထားပြီးဖြစ်သည်။ တမံအတွင်းသို့ နှစ်ပေါင်း ၅၀ မှ ၁၀၀ ကာလအတွင်း ဝင်ရောက်လာနိုင်သည့်နုန်းများ  အနည်ထိုင်လာသည့်အခါ   ရေယူပေါက်များပိတ်ဆို့မှု မဖြစ်စေရေး ရေထုတ်သုံးစွဲသည့် အပေါက်များကို မြှင့်ထားကြရသည်။ ဤအမြင့်အထိ လှောင်ထားသောရေပမာဏကို    ကန်ရေသေ  (Death Storage)  ပမာဏဟုခေါ်သည်။  ၎င်းရေမှတ်၏ အထက်မှ ရေထုထည်ကိုသာ သုံးစွဲ၍ရသည့်အတွက် ၎င်းရေပမာဏကို အကျိုးပြု (Live Storage or Active Storage) ရေလှောင်ပမာဏဟုခေါ်သည်။

ယခုစက်ရုံငါးမျိုးကို    ယှဉ်ပြထားရာတွင်  သောက်ရေခပ် (၂)သည် အထက်ပေါင်းလောင်းထက် တပ်ဆင် အင်အားနည်းသော်လည်း နှစ်စဉ် ဓာတ်အားထုတ်လုပ်နိုင်မှုပိုများသည်။ အကြောင်းမှာ နှစ်စဉ်ရေထုစီးဆင်းမှု ပိုကောင်း၍ဖြစ်သည်။

တချို့တမံများမှာ  ရေသိုလှောင်နိုင်မှုနည်းသည်။ သို့သော်  နှစ်စဉ်ရေထုစီးနှုန်းကောင်းမွန်၍ တပ်ဆင် အင်အားကြီးကြီး တပ်ဆင်နိုင်သည်။ ပေါင်းလောင်း (အောက်ပေါင်းလောင်း)ကို နမူနာကြည့်နိုင်သည်။

ဤအချက်များသည် ယေဘုယျနားလည်လွယ်စေရန် ဖော်ပြမှုများသာ ဖြစ်သည်။အသေးစိတ်တွက်ချက်ရာတွင်  နှစ်စဉ်  စီးဝင်ရေပမာဏကိုပင် ကာလများ အသေးစိတ်ပိုင်းခြားပြီး  လေ့လာရသည်။ တမံအမြင့်၊ ရေသိုလှောင်ပမာဏ၊ ရေပိုလွှဲ၏ရေကျော်ကျနိုင်စွမ်း၊ တပ်ဆင်စက်အင်အား အမျိုးမျိုးကိုချိန်ဆ၍     နောက်ဆုံးတွင်    ကျွမ်းကျင်မှုဆိုင်ရာရှုထောင့်၊ စီးပွားရေးအကျိုးအမြတ်ရှုထောင့်၊ ဘေးအန္တရာယ်ကျရောက်မှုမှ ကင်းဝေး စေရေးရှုထောင့်၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်သက်ရောက်မှု ရှုထောင့် စသည့်ရှုထောင့်ပေါင်းစုံမှတွက်ချက်၍ ဆောင်ရွက်ကြရသည်။

Run-off-River-Type စက်ရုံများကိုလည်း သူ့နေရာနှင့်သူ အံဝင်ခွင်ကျရှိလျှင် ဆောင်ရွက်သင့်သည်။ ဤစက်ရုံများဆောင်ရွက်ခြင်းဖြင့် ရာသီဥတုအလိုက်  ရေရရှိမှုပေါ်မူတည်ပြီး ပုံမှန်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။

ရေလှောင်တမံအမျိုးအစား (Reservior Type) ဓာတ်အားပေးစက်ရုံများမှာမူ နွေ၊ မိုး၊ ဆောင်း ပုံမှန်ဓာတ်အား ပေးနိုင်ရေးအတွက် သိုလှောင်ရေကိုအားပြုသလို ပုံမှန်စီးဆင်းနေသောရေကိုလည်း အမြင့်ဆုံး အသုံးပြုနိုင်သည်။ ဓာတ်အားစနစ်တွင် ဓာတ်အားလိုအပ်ချက်ပေါ်မူတည်၍ အချိန်နာရီအလိုက် အင်တိုက်အားတိုက် ဝင်ရောက်ကူညီပေးနိုင်သည်။

သို့သော်  သဘာဝပတ်ဝန်းကျင်နှင့်  လူမှုပတ်ဝန်းကျင်သက်ရောက်မှုအနည်းဆုံးဖြစ်စေရေး အတတ်နိုင်ဆုံး ထောင့်စေ့အောင် ဆောင်ရွက်ကုစားပေးနိုင်လျှင် အောင်မြင်ပါလိမ့်မည်။

တစ်ကမ္ဘာလုံးတွင်  ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သော  ရေအရင်းအမြစ် (Potential)မှာ မဂ္ဂါဝပ် ၁၂၆၇၀၀၀ ရှိသည်။  ယင်းတို့အနက် ၂၀၁၇ ခုနှစ်အထိ မဂ္ဂါဝပ် ၁၀၆၈၀၀၀ တပ်ဆင်ထုတ်လုပ်ပြီး ဖြစ်သည်။ တစ်ကမ္ဘာလုံး အရင်းအမြစ်ပေါင်းစုံအနက်  ရေအရင်းအမြစ်ဖြင့် ထုတ်လုပ်မှုမှာ နှစ်စဉ်ကီလိုဝပ်နာရီသန်းပေါင်း ၄၁၈၅၀၀၀ အထိ ထုတ်လုပ်ထားပြီးဖြစ်၍ အရင်းအမြစ်ပေါင်းစုံ ထုတ်လုပ်မှုအားလုံး၏ ၁၇ ရာခိုင်နှုန်းခန့်ရှိနေသည်။

ဆက်လက်ထုတ်လုပ်နိုင်သည့် ရေအရင်းအမြစ်မှာ မဂ္ဂါဝပ် ၂၀၀၀၀၀ ခန့်ကျန်ရှိနေသည်။ ၎င်းင်းတို့ထဲတွင်   မြန်မာနှင့်လာအို  နှစ်နိုင်ငံပေါင်း သည်ပင်လျှင် မဂ္ဂါဝပ် ၅၀၀၀၀ ခန့် ကျန်ရှိနေသည်။ မြန်မာနိုင်ငံအနေ ဖြင့် မဂ္ဂါဝပ် ၄၀၀၀၀   ခန့်  ဆောင်ရွက်နိုင်မည့်ပမာဏရှိသော်လည်း ၂၀၁၆-၂၀၁၇ ခုနှစ်အထိ ရေအားလျှပ်စစ် တပ်ဆင် အင်အားမှာ ၃၂၂၁ မဂ္ဂါဝပ်သာရှိနေသေးသည်။         

 ဆက်လက်ဖော်ပြပါမည်။