အနောက်နိုင်ငံများ အတွက် စိတ်ဝင်စားဖွယ်ရာနှင့် သတိထားစရာ ကိစ္စရပ်တစ်ခု ဖြစ်လာနိုင်သည့် မိုဒီ၏ ရုရှားခရီးစဉ်

 

အနောက်နိုင်ငံများ အတွက် စိတ်ဝင်စားဖွယ်ရာနှင့် သတိထားစရာ ကိစ္စရပ်တစ်ခု ဖြစ်လာနိုင်သည့် မိုဒီ၏ ရုရှားခရီးစဉ်

 

    ရုရှားနိုင်ငံသို့ သွားရောက်မည့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏   တရားဝင် အလည်အပတ်ခရီးစဉ်သည် ရုရှားနှင့်အိန္ဒိယတို့ကြား စည်းလုံးညီညွတ်မှုကို  ကမ္ဘာ့နိုင်ငံများအား အထင်အရှား ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုနိုင်သည်။

ဝန်ကြီးချုပ်မိုဒီ၏ ရုရှားခရီးစဉ်သည် ထူးခြားမှုရှိပြီး နှစ်နိုင်ငံကြားတွင်  စည်းလုံး ညီညွတ်မှုရှိနေကြောင်းကို ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု အိန္ဒိယဝန်ကြီးချုပ်၏ နိုင်ငံခြားရေးမူဝါဒ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် Observer Research Foundation မှ ယူရေးရှားလေ့လာရေး အကြီးအကဲ နန္ဒာအွန်နီခရစ်ရှနန်က ပြောကြားထားကြောင်းတွေ့ရသည်။

ဝန်ကြီးချုပ်မိုဒီသည်   ရုရှားနိုင်ငံသို့ ယခုနှစ် ဇူလိုင်လအစောပိုင်းတွင် သွားရောက်ရန် စီစဉ်ထားပြီး ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်သည်။   အဆိုပါ ပြောဆိုချက်ကို ရုရှားအစိုးရဘက်မှလည်း အတည်ပြုထားသည်။ သို့သော် မည်သည့်နေ့ရက်တွင် ဝန်ကြီးချုပ် မိုဒီလာရောက်မည်ကို ရုရှားသမ္မတ၏   နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးတစ်ဦးဖြစ်သူ ယူရီအူရှာကော့က  အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။ အဆိုပါနေ့ရက်ကို နှစ်နိုင်ငံစလုံးက ပူးတွဲထုတ်ပြန် သွားမည်ဖြစ်သည်ဟု ရုရှားကဆိုထားသည်။

မည်သို့ပင်ဆိုစေကာမူ မိုဒီ၏ ရုရှားခရီးစဉ်သည် ရုရှားနှင့် အနောက်နိုင်ငံများကြား ယူကရိန်းပဋိပက္ခနှင့် စပ်လျဉ်း၍ တင်းမာမှုများ မြင့်တက်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်ဟူသော အချက်မှာ ငြင်းမရပေ။ ထို့ပြင် မိုဒီ၏ ရုရှားခရီးစဉ်သည် ၎င်း၏ တတိယမြောက်သက်တမ်းအတွက် ထပ်မံရွေးကောက်ခံရပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ထို့ကြောင့်  မိုဒီ၏ရုရှားခရီးစဉ်နှင့် စပ်လျဉ်း၍  ကမ္ဘာ့နိုင်ငံများက အနီးကပ် စောင့်ကြည့်လာဖွယ်ရှိသည်။

ဝန်ကြီးချုပ်မိုဒီနှင့် သမ္မတပူတင်တို့သည် နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ အလားတူပင် ဝန်ကြီးချုပ်မိုဒီအနေဖြင့်လည်း ရုရှားနိုင်ငံသို့   အလည်အပတ် အဖြစ် ၂၀၁၉ ခုနှစ်က နောက်ဆုံးသွားရောက်ခဲ့ခြင်းဖြစ်သည်။  ထို့ကြောင့် မိုဒီ၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံစလုံးအတွက် ထူးခြားသည့် ခရီးစဉ်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု နိုင်ငံအများအပြားက ရှုမြင်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် ရုရှားနိုင်ငံနှင့်ဆက်ဆံရေး ကောင်းမွန်ခြင်းသည် အိန္ဒိယနိုင်ငံအတွက် အလွန်အရေးပါလျက် ရှိသောကြောင့် ထွက်ပေါ်နေသည့်   ပထဝီ နိုင်ငံရေးဆိုင်ရာ ရှုပ်ထွေးမှုများ ရှိလင့်ကစား အိန္ဒိယအစိုးရက နှစ်နိုင်ငံကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားလျက်ရှိသည်။

အိန္ဒိယနိုင်ငံသည် လက်ရှိတွင် ရုရှားနိုင်ငံအား မိတ်ဆွေအဖြစ် သတ်မှတ်၍  ဆက်ဆံနေသည့် နိုင်ငံဖြစ်ပြီး ယူကရိန်းပဋိပက္ခတွင် ရုရှားအား ပြစ်တင်ရှုတ်ချရန် လုပ်ဆောင်ခဲ့သည့် ကုလသမဂ္ဂအဖွဲ့၏ ဆုံးဖြတ်ချက်တွင်လည်း ပါဝင်ခဲ့ခြင်းမရှိဘဲ လက်ရှောင်ခဲ့သည်။ ထို့ပြင် ရုရှားအား  စီးပွားရေးအရ အထီးကျန်ဆန်စေရန်အတွက် အမေရိကန်ဦးဆောင်သည့်   အနောက်နိုင်ငံများက တစ်ဖက်သတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း အိန္ဒိယအစိုးရအနေဖြင့် အမေရိကန်၏ ခြိမ်းခြောက်မှုများကိုဖီဆန်၍  ရုရှားနှင့် ကုန်သွယ်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ပို၍   ထူးခြားသည့်အချက်မှာ အနောက်နိုင်ငံများက  ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ထားစဉ် ကာလအတွင်းမှာပင် ရုရှားနှင့်အိန္ဒိယတို့ကြား ကုန်သွယ်မှု အပါအဝင်  ရုရှားနှင့် အခြားမဟာမိတ်နိုင်ငံများ၏ ကုန်သွယ်မှုပမာဏမှာ ပိုမိုတိုးတက်လာခြင်းပင်ဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ဆွစ်ဇာလန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျင်းပခဲ့သည့်  ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နောက်ဆုံး ဆုံးဖြတ်ချက် သဘောထားကို  လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ အဆိုပါငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အဓိကပါဝင်နေသည့် ရုရှားနိုင်ငံက ပါဝင်ခြင်းမရှိသောကြောင့် ဆွေးနွေးပွဲမှာ အနှစ်သာရမရှိသော ဆွေးနွေးပွဲတစ်ရပ်သာ ဖြစ်သည်ဟူသော ပြောဆိုချက်များ ထွက်ပေါ်လာခဲ့သည့်အပြင်  ယင်းဆွေးနွေးပွဲသို့ တရုတ်နိုင်ငံကလည်း   တက်ရောက်ရန် ငြင်းဆိုခဲ့သည်ကို တွေ့ရသည်။

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ အိန္ဒိယ၏ ရပ်တည်ချက်သည် ရှင်းလှသည်။ ပဋိပက္ခတွင် လက်တွေ့ပါဝင်နေသည့် အဓိကနှစ်နိုင်ငံကြား ချမှတ်နိုင် သည့် ဆုံးဖြတ်ချက်တစ်ရပ် လိုအပ်သည်ဟူ၍ဖြစ်သည်။ ထို့ကြောင့် အနောက်နိုင်ငံ များမှာ ဆက်လက်ပြောဆိုစရာ မရှိတော့သည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည်။

ယင်းသို့သော   အခြေအနေမျိုးတွင် အမေရိကန်အနေဖြင့်လည်း အိန္ဒိယနိုင်ငံအား အတင်းအဓမ္မ ဖိအားပေး၍ မရနိုင်သည့် အခြေအနေမျိုးတွင်ရှိနေသည်။ အကြောင်းမှာ အမေရိကန်အစိုးရက ဖော်ဆောင်နေသည့် အင်ဒို-ပစိဖိတ် မဟာဗျူဟာတွင် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအား တန်ပြန်နိုင်ရေး လုပ်ဆောင်ရာတွင် အိန္ဒိယ၏ ကျောထောက်နောက်ခံပြုမှုကို လိုအပ်နေခြင်းကြောင့်ဖြစ်သည်။

အကယ်၍ ယူကရိန်းအရေးနှင့် ပတ်သက်၍ အမေရိကန်က အိန္ဒိယအပေါ် အတင်း အကျပ် ဖိအားပေးမည်ဆိုပါက အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် အပြင် အမေရိကန်တို့၏ ဖိအားကြောင့် ရုရှားနှင့် အိန္ဒိယတို့ကြား ဆက်ဆံရေး ပိုမိုတိုးတက်သွားမည်ကို အမေရိကန်က လိုလားခြင်း မရှိသောကြောင့် ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားသည် အထိအခိုက် မခံသည့် ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးတွင် ဝန်ကြီးချုပ်မိုဒီ၏ ရုရှားခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံသည် ယခုအခါ အိန္ဒိယနိုင်ငံအား စစ်လက်နက်ပစ္စည်း အများဆုံးထောက်ပံ့ ပေးနေသည့်နိုင်ငံဖြစ်ပြီး ၂၀၂၃ခုနှစ်အတွင်းမှာပင် အိန္ဒိယနိုင်ငံအတွက် ရေနံအများဆုံး တင်ပို့နေသည့် နိုင်ငံဖြစ်လာခြင်းကြောင့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်နေခြင်းကိုသာ အိန္ဒိယက လိုလားမည်ဖြစ်သည်။ ထို့ပြင်  ရုရှားနှင့် အိန္ဒိယနှစ်နိုင်ငံကြား ကုန်သွယ်ရေးသည် ယခု ၂၀၂၄ ခုနှစ် မတ်လအကုန်ပိုင်းတွင် ဒေါ်လာ ၆၅ ဒသမ ၇ ဘီလီယံအထိ မြင့်တက်လာခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်ကပမာဏနှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။  ယင်းပမာဏမှာ အမေရိကန်၏ ဖိအားပေးမှုများကြား ထွက်ပေါ်လာခဲ့သည့် ကုန်သွယ်မှုဖြစ်သည်။

သို့ဖြစ်ရာ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက အိန္ဒိယအားမည်မျှပင် ထောက်ခံနေသည်ဟု   ပြောနေစေကာမူ လက်ရှိတွင် ရုရှားနှင့် ဆက်ဆံရေးက အိန္ဒိယ၏အကျိုးစီးပွားကို   များစွာအထောက်အကူပြုနေသည်ကို   အိန္ဒိယအစိုးရက ကောင်းစွာနားလည် သဘောပေါက်ထားသည်။ ထို့ကြောင့် အိန္ဒိယအစိုးရအနေဖြင့် မကြာမီအနာဂတ် ကာလတွင်လည်း နိုင်ငံ၏ အကျိုးစီးပွားနှင့် နိုင်ငံ့စွမ်းအား တိုးတက်စေရေးအတွက် ဖိအားများရှိနေစေကာမူ ရုရှားနှင့်ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်မည့် အလားအလာရှိသောကြောင့် ဝန်ကြီးချုပ် မိုဒီ၏ ရုရှားခရီးစဉ်သည်   အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများ အတွက် စိတ်ဝင်စားဖွယ်ရာ၊ သတိထားစရာ ကိစ္စရပ်တစ်ခုဖြစ်လာနိုင်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။   ။