မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့်  ထိန်းချုပ် ဓာတုပစ္စည်းများ (Controlled Chemicals) သို့မဟုတ် ဓာတုပစ္စည်းပရီကာဆာများ (Precursor Chemicals) သို့မဟုတ် ကန့်သတ်ဓာတုပစ္စည်းများ (Restricted Chemicals)

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့်  ထိန်းချုပ် ဓာတုပစ္စည်းများ (Controlled Chemicals) သို့မဟုတ် ဓာတုပစ္စည်းပရီကာဆာများ (Precursor Chemicals) သို့မဟုတ် ကန့်သတ်ဓာတုပစ္စည်းများ (Restricted Chemicals)

 

      ယခုနှစ်ပိုင်း  နိုင်ငံပိုင်သတင်းစာများ၌ မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊    စိတ်ကြွဆေးများ ဖမ်းဆီးရမိမှု သတင်းများကို နေ့စဉ်နှင့်အမျှ တွေ့မြင်ကြားသိနေရပြီး မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ၂၀၂၄ ခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ   မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများ ဖျက်ဆီးခြင်း အစီအစဉ်များကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့နှင့်  တိုင်းဒေသကြီး/ပြည်နယ်(၆)ခုမှ မြို့နယ်(၂၄) မြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား ၃၂၁၂ ဦး တက်ရောက်ခဲ့ပြီး ဘိန်း ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၉ သန်းကျော်၊အိုက်စ်၂၃၃၉၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ဆေးခြောက် ၁၂၅၇ ကီလိုကျော်၊  ကက်တမင်း ၄၁၆၅ ကီလိုကျော်နှင့်  ဘိန်းညိုမှုန့် ၁၂  ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း  ၇၇ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ၃၄၉ ဒသမ ၄၄၃ သန်း)တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။  လူမသိသည့်   သာမန်မီးဖိုချောင် တစ်ခုမှအစပြု၍  ဓာတုဆေးဝါး ပစ္စည်းမျိုးစုံနှင့်ရောစပ်ပြီး   ဆေးပြားရိုက်စက်ကို အသုံးပြုကာ    စိတ်ကြွဆေးများ အလွယ်တကူ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေကြောင်းများလည်း ကြားသိနေရသောကြောင့်     ဤမကောင်းဆိုးဝါး မူးယစ်ဆေးဝါးများနှင့် ယင်းတို့ကိုပြုလုပ်နိုင်သည့် အန္တရာယ်ရှိ ဓာတုပစ္စည်းများ (Hazardous Chemicals) အကြောင်းကို   အများပြည်သူ သိရှိရှောင်ရှားနိုင်စေရန် အတွက်   ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် (၃၇) နှစ်မြောက်  “အပြည်ပြည်ဆိုင်ရာ    မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို    ဂုဏ်ပြုကြိုဆိုလျက် ဤဆောင်းပါးကို  အကျယ်တဝင့်  ရေးသားဖော်ပြရခြင်းဖြစ်သည်။

အဓိကဦးတည်ချက်ဖြစ်သည့်   မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ စိတ်ကြွဆေးများအကြောင်း မတင်ပြမီ  အဆိုပါကိစ္စများကို   အဓိက ကိုင်တွယ်ထိန်းသိမ်း ဖြေရှင်းဆောင်ရွက်နေရသော တာဝန်အရှိဆုံး   အဖွဲ့အစည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများကို     ဦးစွာတင်ပြလိုပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သမိုင်းကြောင်း

    ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို  လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ဦးစီးဌာန လေးခုဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားရှိပြီး ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို    ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်၌    ပြည်သူ့ရဲတပ်ဖွဲ့အမည်ဖြင့် လွတ်လပ်သောအဖွဲ့ တစ်ခုအနေဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၁-၁၀-၁၉၉၅  ရက်နေ့တွင် ဖွဲ့စည်းပုံပြင်ဆင်ခဲ့ပြီး     မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ တပ်မတော်၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။  ၁၃-၉-၁၉၉၅ ရက်နေ့တွင်   နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ  အမိန့်အမှတ် (၁/၉၅) ကိုထုတ်ပြန်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (Myanmar Police Force) ဟု  အမည်ပြောင်းလဲခဲ့ပြီး  နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ကို  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့သည်။ ယူနီဖောင်းမှာ ယခင်က ကာကီရောင်ဖြစ်သော်လည်း ၈-၁၂-၂၀၀၄ ရက်နေ့မှစ၍ နက်ပြာရောင်သို့ ပြောင်းလဲသတ်မှတ် ဝတ်ဆင်စေခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန    ကွပ်ကဲမှုအောက်တွင်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊  လုံခြုံရေး ကွပ်ကဲမှုအဖွဲ့၊ နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များနှင့် ရဲလေ့ကျင့်ရေးကျောင်းများဖြင့် ဖွဲ့စည်းထားရှိသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော    ဆေးဝါးများ အန္တရာယ်တားဆီးနှိမ်နင်းရေး အပါအဝင် ပြည်တွင်းလုံခြုံရေးနှင့်   ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရည်မှန်းချက်တာဝန်များအဖြစ် ချမှတ်ထားရှိပြီး    ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားသောပြစ်မှုများကို  စုံစမ်းစစ်ဆေးဖော်ထုတ် တရားစွဲတင်ရေး၊  နိုင်ငံတော်အတွင်း စည်းကမ်း သေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေးနှင့်  ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး အစရှိသည့် ပြည်သူလူထုနှင့်     တိုက်ရိုက်ဆက်စပ်လျက် ရှိသော ကြီးလေးသည့်    လုပ်ငန်းတာဝန်များကို  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တာဝန်များ

    မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်    အဆိုပါ လုပ်ငန်းများအနက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကို မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နည်းနာနိဿယ(၃)ရပ်တို့ဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မဟာဗျူဟာ (၂) ရပ်ဖြစ်သည့် မူးယစ်ဆေးဝါး ပပျောက်ရေးကို  အမျိုးသားရေး တာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှုလုံးဝချုပ်ငြိမ်းပပျောက်ရေးတို့ကို  နည်းဗျူဟာ(၃)ရပ်ဖြစ်သည့်  ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေးတို့ကို     ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။      ယင်းတို့ကို အကောင်အထည်ဖော်ရာတွင်   မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲသူများ၏ ယုံကြည်ချက်၊  ခံယူချက်နှင့်   စိတ်ဓာတ်မြင့်မား တိုးတက်ပြောင်းလဲရေး၊ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအချင်းချင်း လွယ်ကူစွာကူးလူး ဆက်ဆံနိုင်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ စီးပွားရေးနှင့် လူနေမှုဘဝ တိုးတက်မြင့်မားရေးဟူသည့်  နည်းနာနိဿယ(၃)ရပ်ကို အသုံးပြုဆောင်ရွက် နေခြင်းဖြစ်သည်။

အစိုးရအဆက်ဆက်၏ အမျိုးသားရေးတာဝန်

    ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို     မလွဲမသွေ ထမ်းဆောင်ကြရသော အစိုးရတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာရေးနှင့်  ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးတို့ကို     အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရသကဲ့သို့ အခြားတစ်ဖက်မှလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို   အနှောင့်အယှက် အဟန့်အတားဖြစ်စေသည့် ပြည်သူလူထု တစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးပြဿနာ ချုပ်ငြိမ်းရေးနှင့်  ထိန်းချုပ်နိုင်ရေးတို့ အတွက်လည်း အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများနှင့်  ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးများ၊ မက်အဖက်တမင်း (အိုက်စ်)၊ ကက်တမင်း   စသည့် လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs) ပြဿနာများမှာ   ပိုမိုကြီးထွားလာသောကြောင့်  ယခုကာလသည်  အဆိုးရွားဆုံး အခြေအနေတွင်ရှိနေသည်ဟု တွက်ဆရသည်။

မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆိုင်ရာ စာချုပ်များနှင့် ဥပဒေပြဋ္ဌာန်းချက်များ

    မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းများကို နည်းမျိုးစုံဖြင့်  အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၁၉၆၁ ခုနှစ်တွင် တစ်ခုတည်းသော မူးယစ်ဆေးဝါးများ ကွန်ဗင်းရှင်း(Single convention on Narcotics Drugs)၊ ၁၉၇၁ ခုနှစ်တွင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ကွန်ဗင်းရှင်း (Convention on Psycotropic Substances)  နှင့် ၁၉၈၈ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေး ဆိုင်ရာ  ကမ္ဘာ့ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention Against Illicit Traffic in Narcotic Drugs and Psychotropic Substances)   တို့ကို လက်မှတ်ရေးထိုးခြင်း၊ ၁၉၇၆ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ကိုဖွဲ့စည်းခြင်း၊   ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခြင်း၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများဆိုင်ရာ နည်းဥပဒေများကိုပြဋ္ဌာန်းခြင်း၊ ၁၉၉၈ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများချက်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းခြင်း၊  ၁၉၉၉ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ဆောင်ရွက်ခြင်း၊ ၂၀၀၄ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာ  နည်းဥပဒေပြဋ္ဌာန်းခြင်း စသည်ဖြင့်လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ   ရေးဆွဲပြဋ္ဌာန်းထုတ်ပြန်၍        အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်ချက်များအပေါ် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်  အခါအားလျော်စွာဖြည့်စွက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကိုလည်း   အချိန်နှင့်တစ်ပြေးညီ   နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှုများ ပါဝင်သည့်  အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒတစ်ရပ်ကို ရေးဆွဲထုတ်ပြန်ပြီး မူဝါဒအား အထောက်အကူပြုစေမည့် အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ကို လမ်းညွှန်မှုမူဘောင် တစ်ခုအနေဖြင့်   သတ်မှတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက်  လုပ်ငန်းစီမံချက် (Action Plan) များ ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။ မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးအတွက်  တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏    ဦးဆောင်မှုကဏ္ဍသည်  အမှန်တကယ်အရေးပါသည့်   လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး     ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ဦးဆောင်၍   ပြည်သူလူထု အပါအဝင်  အရပ်ဘက်လူမှု အဖွဲ့အစည်းတို့၏    ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်ဖြင့်       ဟန်ချက်ညီညီဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်သည်။

အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ

    မြန်မာနိုင်ငံသည် ဓာတုပစ္စည်းအများဆုံး ထွက်ရှိသော အိမ်နီးချင်းစက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးများအကြား တည်ရှိနေသည့်အတွက်    တရားမဝင် ဓာတုပစ္စည်းများ   တားမြစ်ထိန်းချုပ်ရေးမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသောကြောင့် အိမ်နီးချင်းနိုင်ငံများ၊ BIMSTEC နိုင်ငံများ၊ ASEAN  ဒေသတွင်းနိုင်ငံများနှင့်  ရန်ကုန်မြို့အခြေစိုက် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ      ဖြစ်သည့် UNODC ၊ သြစတြေးလျနိုင်ငံ  AFP ၊ အမေရိကန်နိုင်ငံ  DEA ၊ တရုတ်နိုင်ငံ NNCC ၊ ထိုင်းနိုင်ငံ ONCB တို့နှင့်လည်း    တက်ကြွစွာ    ပူးပေါင်းဆောင်ရွက်ပြီး သတင်းများ ဖလှယ်၍  ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မဲခေါင် (MoU ) ခြောက်နိုင်ငံပါဝင်သော Operation 1511ကို လည်းကောင်း၊  ၂၀၂၁ ခုနှစ်အတွင်း မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံ ပူးပေါင်း၍ ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးကို လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ  Operation  1511/22   ကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွင်း Operation  39 အထူးစစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် Operation 39/24 အထူးစစ်ဆင်ရေးကို လည်းကောင်း    ဆောင်ရွက်ခဲ့မှုကြောင့်  ရွှေတြိဂံဒေသရှိ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှု  ထိန်းချုပ်ရေးနှင့်  မူးယစ်ဆေးဝါးများ    ပြင်ပသို့ပျံ့နှံ့မှုမရှိစေရေး ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ    အကြိမ်ပေါင်း ၄၀ ဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ငံတော်အနေနှင့်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် ခရီးအသွားအလာ များသည့် လမ်းကြောင်းများတွင် ခေတ်မီရှာဖွေရေး ကိရိယာများ (X-ray စက်တပ်ယာဉ်များ) တပ်ဆင်အသုံးပြု၍ တိကျစွာ စစ်ဆေးဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်သူများသည် ရှောင်ကွင်းလမ်းများကို   အသုံးပြုခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရာလမ်းကြောင်းများ ပြောင်းလဲလာခြင်း၊ သိုဝှက်သယ်ဆောင်ပုံ နည်းစနစ်များ  ပြောင်းလဲလာခြင်းနှင့် ပင်လယ်ရေကြောင်း အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းများ   ပိုမိုအသုံးပြုလာကြောင်း တွေ့ရှိလာရသည်။

နှစ်မျိုးသုံးဓာတုပစ္စည်းများ (Dual-use Chemicals)

    ယနေ့ကမ္ဘာပေါ်တွင်   ဓာတုပစ္စည်းအများစုသည်     လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် လည်းကောင်း၊ ကုန်ထုတ်လုပ်ငန်းများနှင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင် လည်းကောင်း မရှိမဖြစ် ထည့်သွင်း အသုံးပြုနေကြသည်။ အဆိုပါ ဓာတုပစ္စည်းများသည်  နှစ်မျိုးသုံးဓာတုပစ္စည်း (Dual-use Chemical) အနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာများသို့ တရားမဝင်ရောက်ရှိသွားပြီး လူလုပ်မူးယစ်ဆေးဝါးမျိုးစုံကို  အသွင်ပြောင်းဓာတုပစ္စည်းများ   (Designer Precursor) အသုံးပြု၍  ထုတ်လုပ် လာသည့်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပေါ်လျက်ရှိသည်။ ထိုကဲ့သို့ ကမ္ဘာ့နိုင်ငံအများစုတွင်    လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်၊ သယ်ဆောင်၊ ဖြန့်ဖြူးရောင်းချမှု (ရောင်းဝယ်မှု)များသည်   ပိုမိုကြီးထွား ကျယ်ပြန့်လာခဲ့ပြီး သုံးစွဲသူဦးရေမှာလည်း များပြားလာခဲ့သည်ကို ကြားသိ၊ တွေ့မြင်နေရသည်။     လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင်  အသုံးပြုသည့် အဓိကရင်းမြစ်သည်   ပရီကာဆာဓာတုပစ္စည်းများ (Precursor Chemicals) ဖြစ်သည်။     ထိုပရီကာဆာများသည် တရားမဝင်လမ်းကြောင်းမှ တစ်ဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာနေရာများသို့ ဝင်ရောက်လျက်ရှိသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်   မရှိမဖြစ် လိုအပ်သည့် ပရီကာဆာ ထိန်းချုပ်ရေးကို      အထူးအရေးကြီး ကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်နေရခြင်းဖြစ်သည်။

ထိန်းချုပ်ဓာတုပစ္စည်း သို့မဟုတ် ပရီကာဆာဓာတုပစ္စည်းများ

     မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ  ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သဖြင့် ကန့်သတ်တားဆီးထားသော ဓာတုပစ္စည်းများကို ထိန်းချုပ်ဓာတုပစ္စည်း (Controlled Chemicals) သို့မဟုတ်   ပရီကာဆာဓာတု ပစ္စည်းများ (Precursor Chemicals)  ဟုခေါ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ   အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အစီအစဉ် ( UNDCP)နှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့တို့မှ မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ရာတွင်   အသုံးပြုသည့် ဓာတုဗေဒပစ္စည်းများကို ပရီကာဆာများ (Precursors)ဟု   စတင်သုံးစွဲလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဓာတုပစ္စည်း ပရီကာဆာများတွင် အစပြုသည့် အခြေခံပစ္စည်း (Starting Material )၊ ပျော်ဝင်ပစ္စည်း (Solvent) နှင့်   ဓာတ်ပြုပစ္စည်း(Reagent) ဟူ၍      သုံးမျိုးပါဝင်သည်။

မူးယစ်ဆေးဝါးကိုဘယ်လိုနည်းနဲ့ရသလဲ

    မူးယစ်ဆေးဝါးကို  အမျိုးအစား သုံးခု ဖြင့်ပြုလုပ်နိုင်ပြီး ပထမတစ်မျိုးမှာ သဘာဝအတိုင်းရရှိသော    ဘိန်းပင်မှဘိန်း၊ ဆေးခြောက်ပင်မှ ဆေးခြောက်နှင့် ကိုကင်းပင်မှ ကိုကင်းရွက်တို့အား    မူးယစ်ဆေးအဖြစ် အသုံးပြုခြင်းဖြစ်သည်။   ဒုတိယတစ်မျိုးမှာ    တစ်ပိုင်းတစ်စပြုပြင်ဖန်တီးထားသော ဆေးဝါးများ     ဥပမာအားဖြင့် ဘိန်းကိုဓာတ်ပြုပျော်ဝင်စေသည့် ဓာတုဗေဒပစ္စည်းများ ဖြစ်သည့် အက်စီတစ်အင်ဟိုက်ဒရိုက် (Acetic  Anhydride) နှင့် အီသာ (Ether)တို့ဖြင့် ထုတ်လုပ်ရရှိသော  ဟီးရိုးအင်း( Heroin) ဖြစ်သည်။

နောက်ဆုံးတစ်မျိုးမှာ  ပြုပြင်ဖန်တီးထားသော ဆေးဝါးများ (Synthetic Drugs)ဖြစ်သည်။  ဥပမာအားဖြင့်   မက်သာဖက်တမင်း  (Metha-phetamin) နှင့် အက်တက်စီ   (Ecstacy)  MDMA တို့ကို အစပြု ကုန်ကြမ်းပစ္စည်းဖြစ်သည့် အက်ဖီဒရင်း   (Ephedrine) သို့မဟုတ် ပီတူးပီ (P2P) ကို       ဓာတ်ပြုပစ္စည်းနှင့်  ပျော်ဝင်ဓာတုပစ္စည်းများ ဖြစ်သည့်  သိုင်အိုနိုင်းလ်ကလိုရိုက် ((Thionyl Chloride)၊ အီသာ (Ether)၊ ဖော်စဖရပ်စ်ပင်တာကလိုရိုက်      (Phosphorous Pentachloride)၊  ဟိုက်ဒရိုကလိုရစ်အက်စစ် (Hydrochloric Acid ) တို့ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။  ထို့ကြောင့်    မူးယစ်ဆေးဝါးဆိုသည်မှာ  ကျန်းမာရေးဝန်ကြီးဌာနမှ ဘိန်းပင်၊ ကိုကင်းပင်၊ ဆေးခြောက်ပင်နှင့် မူးယစ်ဆေးဖြစ်သည်ဟု    အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့်   အပင်တစ်မျိုးမျိုး၊    ယင်းအပင်တစ်မျိုးမျိုးမှ ထွက်ရှိသော  သို့မဟုတ် ထုတ်လုပ်သောအရာဝတ္ထုများ၊ ဆေးဝါးများဖြစ်ပြီး အဆိုပါမူးယစ်ကိုလည်း     မူးယစ်ဆေးဝါးဟု သတ်မှတ်ထားသည်။ မူးယစ်ဆေးဝါးသည် စိတ်ပူပင်သောကကို    လျှော့ချနိုင်ပြီး လေးနက်သောစူးစမ်းမှုနှင့်    ကိုယ်ရေးကိုယ်တာရောင်ပြန်ဟပ်မှုတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြကြသည်။

ပရီကာဆာများ (Precursors)

      ပရီကာဆာ (Precursors)  ကိုလည်း နှစ်မျိုးခွဲခြားနိုင်သည်။ ပထမအမျိုးအစားမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အစပြုကုန်ကြမ်းပစ္စည်း (Starting Materials) အဖြစ်သုံးသည့် အက်ဖီဒရင်း (Ephedrine)၊ ပီတူးပီ(P2P)နှင့် ဆာဖရိုးလ်(Safrole) တို့ဖြစ်သည်။   ဒုတိယအမျိုးအစားမှာ ဓာတ်ပြုပစ္စည်းနှင့် ပျော်ဝင်ပစ္စည်းအဖြစ်သုံးသည့်   အက်စီတစ်အင်ဟိုက်ဒရိုက် (Acetic Anhydride)၊ အီသာ (Ether) နှင့် သိုင်အိုနိုင်းလ်ကလိုရိုက်  (Thionyl Chloride) တို့ဖြစ်ပြီး ၎င်းတို့သည် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အနည်းငယ်သာ ပါဝင်တတ်သည်။ မူးယစ်ဆေးဝါး တစ်မျိုးဖြစ်သည့် ဟီးရိုးအင်း(Heroin)ထုတ်လုပ်ရာတွင် အသုံးပြုသော ပရီကာဆာများမှာ  Acetic  Acid ၊   Acetic   Anhydride ၊ Acetone ၊    Acetyl   Chloride ၊ Chloroform ၊ Ethyl  Ether ၊  Ethylidene Diacetate ၊ Hydrochloric   Acid ၊ Methyl  Ethyl Ketone ၊ Phosphrous Pentachloride? Phosphrous Trichloride ၊  Sulphuric  Acid နှင့်  Thionyl Chloride တို့ဖြစ်သည်။  

စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ (Psycotropis Drugs)

      စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ (Psycotropis Drugs)  ဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ စိတ်ကိုပြောင်းလဲစေသည်ဟု ကြေညာထားသည့် ဆေးဝါးများဖြစ်သည်။ ဘိန်းပင်၊ ကိုကင်းပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မူးယစ်ဆေးဝါးဖြစ်သည်ဟု ကြေညာထားသည့်  အပင်တစ်မျိုးမျိုးမှ မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအဖြစ်သို့  ရောက်ရှိရန် ထုတ်လုပ်ခြင်း၊   ယင်းသို့ထုတ်လုပ်သော အရာဝတ္ထုကို  ဓာတုပစ္စည်း   သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးနှင့် ရောစပ်၍ ပြုပြင်ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်း၊ ပြင်ဆင်ပြုလုပ်ခြင်းတို့ကို    စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ    ထုတ်လုပ်ခြင်းဟုဆိုသည်။

ထို့ကြောင့်     တစ်ကမ္ဘာလုံးတွင်  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို  ဆောင်ရွက်နိုင်ရန်အတွက် ၁၉၈၇ ခုနှစ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂညီလာခံမှ ဇွန်လ ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”   အထိမ်းအမှတ် အခမ်းအနားအဖြစ်   သတ်မှတ်ခဲ့သည့် အချိန်မှစ၍   ကမ္ဘာတစ်ဝန်းရှိ   နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပလာရာ  ယခုဆိုလျှင် (၃၇) ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သည်။ လူသားမျိုးနွယ်စုတစ်ခုလုံး အပေါ် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆုတ်ယုတ် ပျက်စီးစေသည်သာမက     နိုင်ငံတော်လုံခြုံရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးကိုပါ များစွာထိခိုက်စေသဖြင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးက ရင်ဆိုင်တွေ့ကြုံနေရသည့်   မူးယစ်ဆေးဝါးပြဿနာကို အတူလက်တွဲတိုက်ဖျက်ချေမှုန်း သွားရမည်ဖြစ်ပါကြောင်း     ရေးသားတင်ပြလိုက်ရပါသည်။    ။

ဒေါက်တာ လပြည့်ခင်