လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ
ဆီးအောင့်နေရင် ဘာဆေးသောက်ရမလဲဆရာ။
ဆီးအောင့်ရင် ဆန်ဆေးရည်သောက်ပါ။ သံပရာ သီးတစ်လုံးအရည်ညှစ်ပြီး ဆန်ဆေးရည်တစ်ဖန်ခွက်နဲ့ ရောသောက်ပါ။
ကလေးဆီးအောင့်၊ ဆီးတစ်စက်စက်သွားနေရင် ဘာလုပ်ရမလဲဆရာ။
ကျားမနိုင်နွယ်မြစ်ကိုသွေးပြီး ဆီးခုံမှာလိမ်းပေးပါ။
အသံဝင်ရင် ဘာလုပ်ရမလဲဆရာ။
ပြည်ပန်းညိုရွက်ကို ဟင်းချိုချက်သောက်ပါ။
လျှာစပ်နေရင် ဘာလုပ်ရမလဲဆရာ။
ပျားရည်လျက်ပေးပါ။
လည်ချောင်းနာပြီး အစားမစားနိုင်ရင် ဘာလုပ်ရမလဲဆရာ။
ထမင်းရည်ပူပူကို ဆားခတ်သောက်ပါ။
ကြက်ဟင်းခါးသီးကိုမခါးအောင် ဘယ်လိုချက်စားရမလဲဆရာ။ ခါးရင်လေထတတ်လို့ပါ။
ကြက်ဟင်းခါးသီးတစ်လုံးကို ထိပ်နှစ်ဖက်ကိုလှီး ပြီး ဆားပွတ်ပါ။ ခဏထားပြီးမှ အကွင်းလိုက်လှီးပါ။ ပြီးရင်ရေစိမ်ထားပြီး နာရီဝက်ကြာမှချက်ပါ။ အခါး ဟူသမျှ လေဓာတ်ကြွသည်။ မခါးရင် လေမထိုး၊ သွေး မတိုးပါ။
ခြေစွယ်ခဏခဏငုပ်ရင် ဘာလုပ်ရမလဲဆရာ။
ခြေစွယ်ငုပ်တဲ့နေရာကို အုန်းဆီ မကြာမကြာထည့်ပေးပါ။
ဖနောင့်နာတာ ဘာလုပ်ရမလဲဆရာ။
ဖနောင့်နာတာအတွက် ဆားနင်းပေးပါ။
မျက်စိစွေတာ ဘာလုပ်ရမလဲဆရာ။
မျက်စိကို အထက်အောက်၊ ဘေးဝဲယာ စက်ဝိုင်းပတ်ကြည့်တဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။ နာရီလက်တံ သွားတဲ့အတိုင်း လေ့ကျင့်ပေးပါ။
လူကြီးတွေ အစားမဝင်၊ စားသောက်လို့မကောင်းရင် ဘာကျွေးရမလဲဆရာ။
ရဲယိုသီးအမှည့်ကို ထန်းလျက်နဲ့ခေါက်ကျွေးပါ။ ငါးဖယ်အောင်းငါးပိကောင်ကို မီးကင်ပြီး ဆီဆမ်းကျွေးပါ။
ဆံပင်ကျွတ်ရင် ဘာလုပ်ရမလဲဆရာ။
ဆန်ဆေးရည်နဲ့ခေါင်းလျှော်ပါ။ ညအိပ်ရာဝင်ရင် ဒူးအထက်ကနေအောက်ကို ရေလောင်းပြီးခြေဆေးပါ။ ငယ်ထိပ်ကို အုန်းဆီလိမ်းအိပ်ပါ။
ကလေးအကြောမသန်ရင် ဘာကျွေးရမလဲဆရာ။
ဖီးကြမ်းငှက်ပျောသီးကို မီးဖုတ်ကျွေးပါ။ ပဲနီလေး ဟင်းချိုချက်တိုက်ပါ။
လက်စွယ်ငုပ်ရင် ဘယ်လိုလုပ်ရမလဲဆရာ။
သံပရာသီးကို အပေါက်ဖောက် ခဏစွပ်ထားပြီး လက်စွယ်ကို ဆွဲနုတ်လိုက်ပါ။
အိပ်ရေးပျက်ပြီးခေါင်းကိုက်ရင် ဘယ်လိုလုပ်ရမလဲဆရာ။
ချင်းတက်ပါးပါးလှီး နားထင်နှစ်ဖက်မှာကပ်ထားပါ။
မျက်စိထောင့်တွေနီရဲနေရင် ဘာလုပ်ရမလဲဆရာ။
မန်ကျည်းခေါက်နဲ့ ဆားအနည်းငယ်ရောသွေးပြီး မျက်စိကွင်းပါ။
ရုတ်တရက်လေထိုးလေအောင့်ရင် ဘာလုပ်ရမလဲ ဆရာ။
စားဆော်ဒါ ဟင်းစားဇွန်းတစ်ဇွန်းကို ရေအေးနဲ့သောက်ပါ။
ဝမ်းချုပ်ပြီး စမြင်းခံနေရင် ဘယ်လိုလုပ်ရမလဲဆရာ။
မန်ကျည်းဖျော်ရည်တစ်ဖန်ခွက်မှာ ဆားခါးဟင်းစားဇွန်းနှစ်ဇွန်းထည့်ဖျော်သောက်ပါ။
မွေးကင်းစကလေးချက်စူရင် ဘာလုပ်ရမလဲဆရာ။
နနွင်းနဲ့ အုန်းဆီရောလိမ်းပါ။
မွေးကင်းစကလေးချက်တိုင်နီပြီး အနာမကျက်ရင် ဘာလုပ်ရမလဲဆရာ။
ကလေးချက်တိုင်ကို ပျားရည်တို့ပေးပါ။
ကလေးနို့စို့ပြီး ကြို့ထိုးရင် ဘယ်လိုလုပ်ရမလဲဆရာ။
ကလေးရင်ညွန့်ချိုင့်ခွက်လေးကို အုန်းဆီလိမ်းပေးပါ။
ကလေးရေသောက်ပြီး သီးရင်ဘယ်လိုလုပ်ရမလဲ ဆရာ။
ကလေးငယ်ထိပ်ကို ပါးစပ်နဲ့မှုတ်ပေးပါ။
နို့စို့ကလေး ဝမ်းအရည်သွားရင် ဘယ်လိုလုပ်ရမလဲ ဆရာ။
ကလေးအမေကို ရေနွေးကြမ်းအဖန်ရည်မှာ သကြားထည့်တိုက်ပါ။
ကလေးကြက်ညှာချောင်းဆိုးတာ ညဘက်မအိပ်ရ အောင်ဆိုးရင် ဘာလုပ်ရမလဲဆရာ။
ကွမ်းရွက်ကို ကန်တော့ပုံလုပ်ပြီး ဆားထည့်ထုပ်ပါ။ သွားကြားထိုးတံနဲ့ မပွင့်အောင်ထိုးပြီး သံပြားပေါ်တင် မီးဖုတ်ပြာချပါ။ အဲဒီကွမ်းရွက်ပြာဆားကို သံပရာရည်နဲ့ဖျော်လျက်ခိုင်းပါ။ လျှာပွတ်ပေးပါ။
ငါးနှစ်ကလေး ဆီးခဏခဏသွားနေလို့ ဘယ်လိုလုပ်ရ မလဲဆရာ။
ထန်းသီးဆန်အနုကျွေးပါ။ မန်ကျည်းစေ့ကို သွေးပြီး ဆီးခုံမှာ လိမ်းပေးပါ။
ကလေးလေနဲ့ဝမ်းမကွဲဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ ဆရာ။
ကြက်သွန်နီဥကြီး မီးအုံးပြီးကျွေးပါ။
ကလေးအူကျရင် ဘာလုပ်ရမလဲဆရာ။
အူကျတဲ့နေရာကို ရေခဲကပ်ပေးပါ။ ကျားမနိုင်နွယ် မြစ်သွေးလိမ်းပါ။
ကလေးမျက်ဝတ်ထွက်တာများရင် ဘယ်လိုလုပ်ရ မလဲဆရာ။
အဝတ်ဖြူစ၊ ပိတ်စအနုကို ဆားရည်စိမ်ပြီး မျက်ဝတ်တွေကိုပွတ်ပေးပါ။
ကလေးကြာဆူးထွက်ရင် ဘာလိမ်းရမလဲဆရာ။
သံပရာရည်နဲ့ သနပ်ခါးရောသွေးလိမ်းပါ။
ကလေးလျှာမှာမှက္ခရုပေါက်ရင် ဘာလိမ်းရမလဲဆရာ။
ပရဆေးဆိုင်မှာ လက်ချားဝယ်ပြီး သံပြားပေါ်တင် မီးဖောက်ပါ။ လက်ချားမီးဖောက်အမှုန့်ကို ညက်အောင် ကြိတ်ပြီး ကလေးလျှာမှာပွတ်ပေးပါ။
ကလေးဝက်သက်ပေါက်ရင် ဘာလုပ်ရမလဲဆရာ။
မိုးနှံပင်အရွက်ကို အရည်ညှစ်တိုက်ပါ။ မိုးနှံရွက်ဟင်းချိုချက်တိုက်ပါ။ မိုးနှံရွက်ပြုတ်ရည်နဲ့ရေချိုး ပါ။
ကလေးကျောကော့ငိုရင် ဘာလုပ်ရမလဲဆရာ။
ကလေးဝမ်းဗိုက်ကို မုန်ညင်းဆီ မီးနဲ့အပူပေးပြီး လိမ်းပေးပါ။
ကလေးတက်ရင် ဘာလုပ်ရမလဲဆရာ။
ကလေးခြေဖဝါးနှစ်ဖက်ကို မုန်ညင်းဆီလိမ်းပြီးနှိပ် ပေးပါ။
ကလေးတစ်နှစ်သား မထိုင်သေးရင် ဘာလုပ်ရမလဲ ဆရာ။
ကလေးကျောရိုးမှာ မုန်ညင်းဆီလိမ်းပြီး ကွမ်းရွက် ကပ်ပေးပါ။ မှောက်ပြီး ခြေထောက်တံကောက်ကွေး နှစ်ဖက်ကို ကွေးဆန့်ပေးပါ။
ကလေးသွားရည်ကျတာများနေရင် ဘယ်လိုလုပ်ရမလဲ ဆရာ။
မေးအောက်မှာ ကွမ်းသီးခြမ်းသွေးလိမ်းပါ။ လျှာကိုလည်း အနည်းငယ်ပွတ်ပေးပါ။
ကလေးနို့ဖြတ်ချင်ရင် ဘယ်လိုလုပ်ရမလဲဆရာ။
ပရဆေးဆိုင်ကနေ မုတ်ခါးအခဲဝယ်ပါ။ သွေးပြီး နို့သီးခေါင်းထိပ်မှာလိမ်းပေးပါ။
ကလေးဝမ်းခဏခဏသွားပြီး တင်ပါးနှစ်ဖက်မှာ အပူလောင်ရင် ဘာလိမ်းရမလဲဆရာ။
ပျားရည်နဲ့အုန်းဆီရောလိမ်းပါ။
ကလေးအိပ်ပျော်နေရင်း ဆတ်ခနဲဆတ်ခနဲလှုပ်တာ ဘာကြောင့်ပါလဲဆရာ။
အစာမကြေတဲ့လက္ခဏာပါ။ အစာကိုတစ်ကြိမ်တည်း အများကြီးမကျွေးပါနဲ့။ ကြေလွယ်တဲ့အစာ ကျွေးပါ။ ပူပူနွေးနွေးကျွေးပါ။ အေးစက်တဲ့အစာတွေ မကျွေးပါနဲ့။
ခုနစ်နှစ်အရွယ်ကလေး ဝမ်းကိုက်ပြီး ဗိုက်နာနေတာ ဘာလုပ်ရမလဲဆရာ။
ကြက်သွန်ဖြူနဲ့ ထန်းလျက်ရောကြော်ပြီး နှမ်းဆီ စိမ်ကျွေးပါ။
ကလေးခေါင်းချွေးထွက်များတာ ဘာလုပ်ရမလဲ ဆရာ။
အထက်ကို အပူပြန်လို့ပါ။ ကလေးရဲ့ ခြေဖဝါးကို ရေဖတ်တိုက်ပြီး ဆားနုနုလေးနဲ့ပွတ်ပေးပါ။ ခြေဖဝါး ကနေ အပူငွေ့တွေထွက်လာတာတွေ့ရပါလိမ့်မယ်။ ခြေဖဝါးက အခိုးထွက်ရင် ခေါင်းချွေးထွက်တာ သက်သာပါလိမ့်မယ်။
ကလေးသွားပိုးစားတာ ဘာလုပ်ရမလဲဆရာ။
တမာရွက်ကိုပြာချပြီး သွားအခြေမှာ သိပ်ပေးပါ။
ကလေးဦးခေါင်းမှာ အနာဖုကြီးထွက်ပြီး မပေါက်ဘဲရောင်နေတာ ဘယ်လိုလုပ်ရမလဲဆရာ။
ကုံကုမံရွက်မီးကင်ကပ်ပေးပါ။ အနာပြည်ပေါက်စေပါတယ်။
ခေါင်းမှာ ဒက်တွေပေါက်နေတာ ဘာဆေးလိမ်းရမလဲဆရာ။
ရဲယိုသီးအမှည့်ရဲ့ အနှစ်ကိုယူပြီး ဦးခေါင်းမှာပွတ်လိမ်းပေးပြီး ခေါင်းလျှော်ပေးပါ။ ဒက်ပျောက်ပါတယ်။
အတက်ရောဂါက ကလေးတွေမှာ ဘာကြောင့်ဖြစ်တာ ပါလဲ။ ဆေးရှိပါသလားဆရာ။
သူငယ်နာအတက်ရောဂါဖြစ်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ သွေးတက်၊ လေတက်၊ အကြောတက်ဆိုတာ ရှိပါတယ်။ အနောက်တိုင်းဆေး ပညာအရတော့ ဦးနှောက်မှာအကျိတ်ရှိလို့ တက်တာပါ။
အာရုံကြောကြောင့် တက်တာအပြင် အာဟာရဓာတ်၊ သတ္တုဓာတ်တစ်မျိုးမျိုးချို့ယွင်းရင် တက်တတ်ပါတယ်။ ပေးရတဲ့ဆေးအမျိုးမျိုးရှိတာမို့ အထူးကုဆရာဝန် ဒါမှမဟုတ် တိုင်းရင်းဆေးဆရာကြီးတွေနဲ့ ပြသသင့်ပါတယ်။
ကြည်လွင်မြင့်(မုဒြာ)