ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်(၃၆)

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်(၃၆)

 

ယမန်နေ့မှအဆက်

      တတိယတစ်ခုမှာ ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံ Fukushima Daiichi  နျူကလီးယား ဓာတ်ပေါင်းဖိုသည် သမုဒ္ဒရာတွင်ဖြစ်ပွားခဲ့သော ငလျင်ပင်မဗဟိုချက်၏ အရှိန်ကြောင့်  ဆူနာမီဟုခေါ်သည့် ဧရာမလှိုင်းလုံးကြီးများ ကမ်းခြေသို့ ရိုက်ခတ်မှုဒဏ်ကိုခံခဲ့ရသည်။

နည်းပညာမြင့်မားသည့်ပစ္စည်းများ  အဆင်သင့်ပိုင်ဆိုင်ထားသည့် နိုင်ငံလည်းဖြစ်၊  စနစ်တကျစီမံဆောင်ရွက်နိုင်သော   ပညာရှင်နှင့် ကျွမ်းကျင်သူများ   အဆင်သင့်ရှိနေသော နိုင်ငံလည်းဖြစ်သည့်အတွက် ကြိုးစားထိန်းချုပ်နိုင်ခဲ့သည်။

သို့သော်   ရေဒီယိုသတ္တိကြွ ပစ္စည်းတချို့   ပင်လယ်ထဲသို့ရောက်ရှိကုန်သည်။ အားလုံးတုန်လှုပ်ခဲ့ကြရသည်။ သတင်းတစ်ရပ်အရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်(ဖြစ်ပွားပြီး ၆ နှစ်ကြာ)အထိ ဤဖြစ်စဉ် ကြောင့် ဆက်စပ်သေဆုံးသူဦးရေ ၂၁၂၉ ဦး ရှိသည်ဟု သိရသည်။

၂၀၂၁  ခုနှစ်  သြဂုတ်လအထိ  ၎င်းစက်ရုံ မတော်တဆမှုကြောင့် ထွက်ရှိလာသော အရည်များကို သိုလှောင်ကန်များထဲမှာပင် သိုလှောင်ထားရသေးသည်။  သတင်းတစ်ပုဒ်အရ  ၎င်းအရည်များကို ပင်လယ်အနက်ပိုင်း  အောက်ခြေအရောက် ရှည်လျားသော ကွန်ကရစ်ပိုက်ကြီးမြှုပ်၍ ပို့လွှတ်ဖြေရှင်းမည်ဟု ဆိုသည်။

ဤသို့ ၁၄ မီတာ(၄၆ ပေ)ခန့်ထိ မြင့်မားသော လှိုင်းလုံးကြီးများ စက်ရုံသို့ ရောက်ရှိလာမည်ဟု  မခန့်မှန်းမိခဲ့ကြပါ။  ဤဖြစ်စဉ်ကြောင့် ဂျပန်ပြည်သူအများစုသည်  နျူကလီးယား ဓာတ်ပေါင်းဖိုဖြင့်   ဓာတ်အားထုတ်လုပ်မှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ကြသည် အထိဖြစ်ခဲ့သည်။ စက်ရုံများ ရပ်ဆိုင်းပေးရန် တောင်းဆိုကြသည်။ အစိုးရကလိုက်လျောပြီး စက်ရုံများ ရပ်ဆိုင်းပေးခဲ့ရသည်။ ဤစက်ရုံများဖြင့် ဖြန့်ဖြူးထားသော ဓာတ်အားမှာ ထိုစဉ်က တစ်နိုင်ငံလုံး၏ ၂၀ ရာခိုင်နှုန်းကျော်ရှိနေရာ ဂျပန်တစ်နိုင်ငံလုံး လျှပ်စစ်အကျပ်အတည်း ဖြစ်ပေါ်ခဲ့သည်။

အချိန်မီ ဓာတ်အား အသုံးလျှော့ချမှု နည်းပေါင်းစုံကို သုံး၍လျှော့ကြသည်။  လေအေးပေးစက်များ၏ ခွင့်ပြုဒီဂရီကိုပင်  သတ်မှတ်ပေးပြီး ထိန်းချုပ်ခဲ့သည်။  မိတ်ဆွေတစ်ဦး ပြောပြချက်အရ  ၎င်းကာလအတွင်း လေအေးပေးစက် (Air Conditioner) များကို ၂၈ ဒီဂရီစင်တီဂရိတ်၏ အောက်ကိုချ၍မောင်းခွင့်မပြုဟု သိရသည်။

ဤနျူကလီးယား ဓာတ်ပေါင်းဖိုဖြစ်စဉ်မှာ Chernobyl  ဓာတ်ပေါင်းဖို မတော်တဆမှုပြီးလျှင်   ဒုတိယအကြီးဆုံး မတော်တဆမှုဟု  ကမ္ဘာက သတ်မှတ်ခဲ့သည်။

နောက်ထပ်အကျပ်အတည်း တစ်ခုမှာ  နျူကလီးယား ဓာတ်ပေါင်းဖို များမှထွက်ရှိလာသည့်   စွန့်ပစ်ပစ္စည်း ဖျက်ဆီးမှုကိစ္စဖြစ်သည်။  ယနေ့အထိ မြေအောက်တွင် ကျင်းတူးပြီး   အလုံပိတ်ရေလုံကွန်ကရစ်ကန်ကြီးများ ပြုလုပ်၍သာ ဖျက်ဆီးထိန်းသိမ်း ထားရဆဲဖြစ်သည်။ ဤပြဿနာမှာ ရေရှည်ရင်ဆိုင်ရမည့် ပြဿနာဖြစ်သည်။ လက်ရှိ မိမိနိုင်ငံအခြေအနေ နှင့် ကိုက်ညီမှု ရှိ၊မရှိ စဉ်းစားရန်ရှိနေသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်း အင်အရင်းအမြစ်တစ်ခုဖြစ်သည့် ဘူမိအပူစွမ်းအင်မှာ ကမ္ဘာမြေထု၏ အလယ်ဗဟိုမှ ထွက်ရှိနေသည့်အပူကို ရယူ၍ ရေနွေးငွေ့ဓာတ်အားပေး စက်ရုံလည်ပတ်မှုဖြစ်သည်။ ဤအပူစွမ်းအင်အတွက်   ဖြစ်နိုင်ခြေရှိသော နေရာတချို့တွင်   မြေမျက်နှာပြင်အောက် ၅ မိုင်ကျော်အထိလွန်တူး၍ ရေဖိသွင်းရာမှ ပြန်လည်ထွက်ရှိလာသော ရေပူ၏ရေနွေးငွေ့ကို ဖမ်းယူခြင်းဖြစ်သည်။ နေရာတိုင်းတွင် ဆောင်ရွက်၍ မရသလို   ရသည့်နေရာတိုင်းတွင်လည်း    စီးပွားဖြစ် မထွက်ရှိပါ။

မီးတောင်ပေါက်ကွဲမှု မကြာခဏဖြစ်တတ်သည့် တချို့သောနိုင်ငံများတွင်မူ လက်တွေ့ဆောင်ရွက်နိုင်သည့်အခြေအနေရှိသည်။

ဖော်ပြခဲ့မှုများအပေါ်  ခြုံငုံသုံးသပ်လျှင်  ပြန်လည်ပြည့်ဖြိုးမြဲရေကို သုံးစွဲ၍   လျှပ်စစ်ထုတ်ခြင်းသည်   ရေကို   လိုသလိုပုံသွင်းယူနိုင်ခြင်း၊ ဓာတ်အားလိုလျှင် လိုသလိုထိန်းချုပ်နိုင်ခြင်းများအပြင် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကိုလည်း ကြိုတင်ကာကွယ်နိုင်ခြင်း၊ ဖြစ်လာပါကလည်း ပြန်လည်ကုစားမှုပြုနိုင်ခြင်း  စသည့်အကျိုးများကို ရရှိစေနိုင်သည်။ ၂၀၂၀  ပြည့်နှစ်စာရင်းအရ  ကမ္ဘာ့ဓာတ်အား ထုတ်လုပ်သုံးစွဲမှုအားလုံးတွင် ရေအားဖြင့်ဓာတ်အား ထုတ်လုပ်မှုသည် ၁၇ ရာခိုင်နှုန်းခန့် အထိပါဝင်နေသည်။ သို့သော် ဤပမာဏသည် တိုးချင်တိုင်းတိုးမရတော့ပေ။ အကြောင်းမှာ ပြန်လည်ပြည့်ဖြိုးမြဲရေသည် နေရာတိုင်း၊ နိုင်ငံတိုင်းတွင် အလုံအလောက်မရှိကြ၍ဖြစ်သည်။

ရေအားဖြင့်   လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို   နှစ်မျိုးနှစ်စားခွဲခြား လေ့လာနိုင်သည်။

ပထမတစ်မျိုးမှာ  ရေစီးအားသုံး(Run-off-River Type)(RoR) ဓာတ်အားပေးစက်ရုံနှင့်     ဒုတိယတစ်မျိုးမှာ   တမံသိုလှောင်ရေသုံး (Reservoir Type) ဓာတ်အားပေး စက်ရုံဖြစ်သည်။

ပထမဦးစွာ    Run-off-River Type(RoR)    စက်ရုံအကြောင်း အနည်းငယ် ရှင်းပြပါမည်။

RoR Typeသည် မူလစီးဆင်းနေသော ချောင်း/မြစ်မှရေကို စီးဆင်းရေအတိုင်း ရေသွယ်စနစ်တစ်ခုဖြင့် လွှဲယူ၍ ဓာတ်အားပေးစက်များကို လည်ပတ်စေပြီး ချောင်းအတွင်းသို့ ရေပြန်ချပေးသောစနစ်ဖြစ်သည်။

RoR Type စီမံကိန်းတွင်  ဓာတ်အားပေးစက်ရုံသို့ ရေသွယ်ယူရန် ချောင်းပေါ်တွင် သင့်လျော်သောအမြင့်ရှိသည့် ရေတားတစ်ခုကို တည်ဆောက်ပေးရန် လိုအပ်သည်။     ရေတားတမံကို    ပစ္စည်းမျိုးစုံဖြင့် တည်ဆောက်နိုင်သော်လည်း ခိုင်ခံ့စေရန် ကွန်ကရစ်ဖြင့်ဆောင်ရွက်ကြသည်။

မုတ်သုံရာသီဥတု သက်ရောက်သော ချောင်းတိုင်းသည် ရာသီအလိုက် ရေစီးနှုန်းအပြောင်းအလဲ ကြီးမားစွာရှိနိုင်သည်။ ခြောက်သွေ့ရာသီတွင် ချောင်းရေနည်းပါးလာသည့်အခါ RoR Type ဓာတ်အားပေးစက်များ မောင်းနှင်ရန် ရေမလုံလောက်သည်အထိ ဖြစ်လာတတ်သည်။ ဤသို့ ဖြစ်လာပါက   နေ့စဉ်ဓာတ်အား အသုံးနည်းပါးသည့်အချိန်များတွင် စက်များကိုရပ်၍ ရေထိန်းတမံထဲတွင် ရေစုရသည်။ ရေထိန်းတမံတွင် ရေသိုလှောင်နိုင်မှု ပမာဏအပေါ်မူတည်၍ ဓာတ်အား ထုတ်လုပ်ပေးသည်။

တစ်ဖန် မိုးကြီးသည့်ကာလများတွင်လည်း တပ်ဆင်ထားသော စက်များမှ သုံးနိုင်သလောက်သာ ရေကိုအကျိုးရှိအောင် အသုံးချနိုင်ပြီး ပိုလျှံနေသော ရေအများစုမှာ ချောင်းတစ်လျှောက် ရေထိန်းတမံအပေါ်မှ ကျော်ဆင်းသွားသည်။ ဤဖြစ်ရပ်မျိုးသည် မိုးရာသီ (ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ) စသည့် လေးလခန့်တွင် တွေ့ကြုံရသည်။ ဤသို့ ရေကျော်မှ ရေကျော်ဆင်းသည့်အချိန်နှင့် ပမာဏသည် ကြာမြင့်ပြီး များပြားသည်ဖြစ်၍ ရေထိန်းတမံ တည်ဆောက်ရာတွင် လုံလောက်သော အကျယ်ရှိသည့် ကွန်ကရစ်ရေကျော် ပြုလုပ်ထားမှသာ စီးဆင်းရေများ ကောင်းမွန်စွာ ကျော်ကျစီးဆင်း သွားနိုင်မည်ဖြစ်သည်။ သို့ပါ၍ ဤကဲ့သို့သော  RoR စီမံကိန်းတိုင်းတွင် ချောင်းကို ကန့်လန့်ဖြတ်တည်ဆောက်သော  ကွန်ကရစ်ရေထိန်းတမံ အလျားသည်  ချောင်းအကျယ်အတိုင်း ထည့်သွင်း တည်ဆောက်ကြခြင်းဖြစ်သည်။ ချောင်းကြမ်းပြင်သည် ကျောက်သားဖြစ်ရမည်ဆိုသော အချက်သည် ဤကိစ္စကို ရည်ညွှန်းခြင်းဖြစ်သည်။

ဤစီမံကိန်းမျိုး တည်ဆောက်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးမှာ   ရေဝပ်ဧရိယာကျဉ်း၍   သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် သက်ရောက်မှု နည်းပါးသည်။  လုပ်ငန်းမရှုပ်ထွေးသည့်  RoR  စက်ရုံ ဖြစ်ပါက တည်ဆောက်မှုမှာ နှစ်နှစ်မှလေးနှစ် အတွင်း ပြီးစီးနိုင်သည်။

ကုန်ကျစရိတ်တွင်မူ  လုပ်ငန်းပမာဏနည်းပါး၍  သက်သာမည်ဟု ထင်ရသော်လည်း တစ်နှစ်ပတ်လုံး ထွက်ရှိနိုင်သည့် ဓာတ်အားနှင့်ချိန်ထိုးပါက ဈေးသက်သာသည်ဟု မဆိုနိုင်ပေ။ အသုံးစရိတ်နည်းသလို ပြန်ရသည့်အကျိုး ကျေးဇူးကလည်း လိုက်လျောညီထွေမှု နည်းသည်။

သို့သော် ဘီလူးချောင်း(၂)၊ နန်ချိုနှင့် ကျိုင်းတောင်းတို့ကဲ့သို့သော မြစ်ကြမ်းပြင်လျှော စောက်ကွာဟမှုကို များနိုင်သမျှများအောင်ရယူပြီး ထိရောက်စွာ အသုံးချနိုင်သော  RoR Type စက်ရုံများမှာမူ အကျိုးကျေးဇူး ကောင်းစွာရရှိကြသည်။

ဤသို့သော စီမံကိန်းမျိုးကို တည်ဆောက်သင့်သော နေရာများမှာ မြစ်အတွင်းရေကြောင်း သွားလာမှုမရှိသော  တောတောင်ထူထပ်သည့် နေရာ၊ မြစ်၊ ချောင်း၏ကြမ်းပြင်လျှော စောက်မတ်စောက်သော ရေတံခွန်၊ ရေကျ (Waterfalls, Rapidsိ) စသည့် မြေမျက်နှာပြင် အားသာချက်ရှိသောဒေသနှင့် အောက်ခံချောင်းကြမ်းပြင် အမာခံကျောက်သားရှိသည့် နေရာများမှာသာ သင့်လျော်သည်။            

ဆက်လက်ဖော်ပြပါမည်။