အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု(B) အုပ်စု ဒုတိယပွဲစဉ်တွင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို အနိုင်ရရှိ
ရန်ကုန် ဇွန် ၂၅
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလျက်ရှိသည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု(B) အုပ်စု ဒုတိယပွဲစဉ်အဖြစ် ယနေ့မြန်မာစံတော်ချိန် ညနေ ၃နာရီခွဲတွင် မြန်မာ ယူ-၁၆အသင်းနှင့် ဘရူနိုင်း ယူ-၁၆အသင်းတို့ကစားခဲ့ရာ မြန်မာ ယူ-၁၆အသင်းက ၈ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက မြန်မာ ယူ-၁၆အသင်းက ခြေစွမ်းပိုင်း အသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ကာ ပွဲချိန် ၇ မိနစ်နှင့် ၂၇ မိနစ်တွင် ကျော်သီဟက လည်းကောင်း၊ ပွဲချိန် ၈ မိနစ်နှင့် ၂၃ မိနစ်တွင် သူရမင်းသန့်က လည်းကောင်း၊ ပွဲချိန် ၉ မိနစ်တွင် ဉာဏ်အောင်က လည်းကောင်း၊ ပွဲချိန် ၁၈ မိနစ်တွင် ကျော်ညီညီက လည်းကောင်း၊ ပွဲချိန် ၃၄ မိနစ်တွင် မျိုးနန္ဒအောင်က လည်းကောင်း မြန်မာ ယူ-၁၆အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့ပြီး ပွဲချိန်ပထမပိုင်းအပြီးတွင် မြန်မာ ယူ-၁၆အသင်းက ဘရူနိုင်း ယူ-၁၆ အသင်းကို ၇ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း မြန်မာယူ-၁၆အသင်းကပင် ခြေစွမ်းပိုင်းအသာစီးဖြင့် ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့ကာ ပွဲချိန် ၅၆ မိနစ်တွင် မျိုးနန္ဒအောင်က မြန်မာယူ-၁၆အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန်မိနစ် ၉၀ပြည့်ပြီး နာကျင်အချိန်ပို ၇ မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် AK Farisu က ဘရူနိုင်း ယူ-၁၆အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် မြန်မာ ယူ-၁၆အသင်းက ဘရူနိုင်းယူ-၁၆အသင်းကို ၈ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိခဲ့ပြီး ရှုံးထွက်အဆင့် တက်ရောက်ရန် မျှော်လင့်ချက် ကောင်းမွန်လာခဲ့သည်။
မြန်မာ ယူ-၁၆အသင်းသည် အာဆီယံ ယူ-၁၆ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၂၈ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဗီယက်နမ်အသင်းနှင့် ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။